ရှမ်းမြောက်၊ ကွတ်ခိုင်နှင့် မုံးကိုးဒေသရှိ စစ်ရှောင်စခန်းများ စစ်ကောင်စီ၏ စစ်ရှောင်စခန်းဖျက် သိမ်းရေး စီမံ ကိန်းကြောင့် လုံခြုံရေးအပြင် ရပ်တည် နေထိုင်စားသောက်ရေး နေ့စဉ် ရုန်းကန်နေရသည့် ကာလအချိန်ခါ၌ပင် စခန်း ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေကြရသည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ရှောင်စခန်း ဖျက်သိမ်းရေး စီမံကိန်းများကြောင့် နေရပ်ရင်းကျေးရွာများဆီ ပြန်လည်နေထိုင်ရေးကလည်း အဆင်မပြေသည့်အတွက် ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာ လုံခြုံမှုရှိနိုင်သည်ဟု ယူဆရသော နေရာများတွင် ရွှေ့ ပြောင်းနေထိုင်ရန် စီစဉ်လုပ်ဆောင်နေကြသည်ဟု မုံးကိုးနှင့် ကွတ်ခိုင်ဒေသရှိ စစ်ရှောင်များက ပြောသည်။
မုံးကိုး စစ်ရှောင်စခန်းတာဝန်ခံ ဦးဘရန်မိုင်က “အဲဒါက လွန်ခဲ့သော နှစ်ကတည်းကနေ ဒီစစ်ကောင်စီ တပ်စခန်း ကနေ စစ်ရှောင်စခန်း ရုတ်သိမ်းရေး စီမံချက် ဖြစ်တဲ့အတွက်ပေါ့ သူတို့က အဲ့ဒါကြောင့်ပေါ့။ အခုကျနော်တို့ နေ ရာက စစ်ကြောရေး နယ်မြေမှာလည်း ဖြစ်နေတဲ့အတွက် သူတို့ကလည်း ခဏခဏ ပြောနေတာကြောင့် ဖြစ် တယ်။ နောက်ပြီး အချိန်ကာလတစ်ခုလည်း ကြာမြင့်လာပြီဖြစ်တဲ့အတွက် ကိုယ့်နေရပ်ကိုလည်း မပြန်နိုင်သေး ဘူးဆိုတော့ တစ်ခြားနည်းလမ်းနဲ့ စဉ်းစားပြီး ပြောင်းရွှေ့လာကြတာဖြစ်တယ်” ဟု ပြောသည်။
ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြောင်းရွှေ့နေထိုင်ကြသော စစ်ရှောင်များသည် မြေယာကို အရစ်ကျပေးဝယ်ကာ အိမ် များကိုလည်း ဝါးဖြင့်သာ ဆောက်လုပ်နေထိုင်ကြရသည်ဟု ဆိုသည်။ ထိုသို့ လုပ်ဆောင်နေကြခြင်းမှာ မည်သည့် အစိုးရ၊ မည်သည့် အဖွဲ့အစည်း၏ အကူအညီများ မပါဝင်ဘူးဟု ဆိုသည်။
မုံးကိုးက စစ်ရှောင် အိမ်ထောင်စုသည် ၇၀ နီးပါးက ပြောင်းရွှေ့နေထိုင်နေပြီဖြစ်ပြီး မုံးကုံးစစ်ရှောင်စခန်းအတွင်း ၌ အိမ်ခြေ ၁၀၀ ကျော် ကျန်ရှိနေသေးသည်ဟု ဆိုသည်။
ကိုယ်ထူကိုယ်ထနှင့် ဦးစွာ ပြောင်းရွှေ့နေထိုင်ကြသည့် နေရာသည် မုံးကုံးမြို့ အရှေ့ဘက် ရပ်ကွက် (၆) နေရာတွင် ဖြစ်ပြီး တအာင်းလူမျိုးတို့၏ ကြံစိုက်ပျိုး လုပ်ကိုင်စားသောက်ကြသော နေရာဖြစ်ပြီး အရစ်ကျ ပေးဝယ် နေထိုင် ကြခြင်းဖြစ်သည်။
ကွတ်ခိုင် KBC စစ်ရှောင်စခန်း ၁ မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက “ပြောင်းရွှေ့ဖို့ စခန်းဖျက်သိမ်းဖို့လည်း သူတို့ မှာ မဟာဗျူဟာ စီမံကိန်းလည်း ချပြီးသားဖြစ်တဲ့အတွက် ဆိုတော့ ကျမတို့အတွက် တကယ်ပဲ မပြောင်းလို့ လည်း မရဘူး။ ပြောင်းလည်း ပြောင်းရမယ်ဆိုတဲ့ဟာလည်း တစ်ဖက်မှာ ပါတယ်ပေါ့နော်။ အဲတော့ ကျမတို့ ဒီ ကျမတို့ရဲ့ ဒေသကိုပြန်ဖို့လည်း အခုအချိန်မှာဆို လက်နက်ကိုင်တွေ အများကြီး ရှိနေတာဖြစ်တဲ့အတွက် နယ် မြေဒေသအတွက်ကော ကျမတို့အတွက်ကော လုံခြုံမှုမရှိတဲ့အတွက် ရွာကို ပြန်ဖို့အဆင်မပြေဘူး။ အဲ့ကြောင့် ဒီမြို့ နဲ့နီးတဲ့နေရာ လုံခြုံတဲ့နေရာကို ရွေးပြီး ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်” ဟု ပြောသည်။
အချို့သောစစ်ရှောင်များမှာ မြေယာကွက်များကိုလည်း မဝယ်ယူနိုင်ကြသေးသောကြောင့် အခက်အခဲများ ဖြစ် နေကြသည်ဟု ဆိုသည်။
“တချို့ဆို အကြွေးနဲ့ဝယ်ထားတယ်။ ဒါပေမယ့် မပြီးဘူး။ အဲလိုနဲ့ အခက်အခဲ ပေါင်းစုံကြုံနေရတယ်။ အခုက အဲဒီမြေကွက်ကိစ္စလည်း ကျမတို့ အကုန်လုံး မရှင်းနိုင်သေးဘူး။ အဲမှာ ကျမတို့ မရှင်းနိုင်သေးတဲ့ ကြားထဲကနေ တောင်ကုန်းတွေဖြစ်တဲ့အတွက် မြေလည်း ညှိရတာပေါ့နော်။ အဲ့လိုဆို မြေညှိတဲ့ နေရာမှာလည်း ကျမတို့ အကြွေးတွေ တင်ထားတယ်။ ဒီလိုအခက်အခဲတွေ အများကြီးရှိတယ်။ ပြီးလို့ရှိရင် မိဘတွေက ဝင်ငွေက လုပ် ငန်းတွေမှာလည်း အရမ်းခက်ခဲတယ်။ တစ်ဖက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘာမှမရှိဘူး။ ပြီးရင် ကုန် စျေးနှုန်းက တစ်ဖက်မှာ အရန်းမြင့်တက်တယ်။ အဲ့သလို အခက်အခဲမျိုးစုံကို ကျမတို့ ကြုံတွေနေရပါတယ်ပေါ့ နော်” ဟု စစ်ရှောင်တစ်ဦးက ဆက်ပြောသည်။
ရှမ်းမြောက် စစ်ရှောင်စခန်းများသည် လက်ရှိမှာ မိမိကိုယ်ထူကိုယ်ထ မြေကွက်များအား အရစ်ကျပေးချေခြင်း အပြင် အချို့မှာ အကြွေးဖြင့် ဝယ်ယူထားနိုင်သော်လည်း အိမ်ဆောက်လုပ်နိုင်ရေး ဝင်ငွေမရှိကြသည့် စစ်ရှောင် များအတွက် အခက်အခဲများလွန်းနေသည်ဟု စစ်ရှောင်များက ပြောသည်။
ကွတ်ခိုင်မြို့ရှိ လူဦးရေ စုစုပေါင်း ၂၄၃ ဦးရှိသည့် ကွတ်ခိုင် KBC စစ်ရှောင်စခန်း ၁ မှ စစ်ရှောင်များသည် နေရပ် ပြန်ရေးခက်ခဲနေသည့်အပြင် ယခုသွားရောက်နေထိုင်ကြမည့် နေရာတွင်လည်း အိမ်များ ပြန်လည်ဆောက်လုပ် ရေး မဖြစ်နိုင်သေးဘူးဟု ဆိုကြသည်။
ကွတ်ခိုင် KBC စစ်ရှောင်စခန်းမှ စစ်ရှောင်များသည် ၎င်းတို့သွားရောက်နေထိုင်ကြမည့် နေရာသည် လက်ရှိ စစ်ရှောင်စခန်းအနီးတွင် ရှိပြီး အဆိုပါ နေရာတွင် မြေညှိခြင်း၊ မြေဖို့ခြင်းများကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေ ကြပြီဟု ဆိုသည်။