မြစ်ကြီးနား-တနိုင်းလမ်းတွင် ခရီးသွားကားများအား အမည်မသိ အဖွဲ့တစ်ဖွဲ့မှ ငွေကောက်

မြစ်ကြီးနား-တနိုင်းလမ်းတွင် ခရီးသွားကားများအား အမည်မသိ အဖွဲ့တစ်ဖွဲ့မှ ငွေကောက်

မြစ်ကြီးနား - တနိုင်းလမ်း နောင်းမီနဲ့ မန်ပန်ကျေးရွာကြားမှာ ခရီးသွားကားတွေကို ဆက်ကြေးလို့ ဆိုပြီး အမည် မသိ အဖွဲ့တစ်ဖွဲ့ကနေ ငွေကြေးကောက်ခံမှုတွေ ရှိနေတဲ့အတွက် ကားသမားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

နောင်းမီကျေးရွာကနေ ကြက်ဥတောင်အကျော် ဆန်စက်မရောက်ခင် ကတ္တရာလမ်းအဆင်းနေရာမှာ မိန်းကလေး တစ်ယောက်နဲ့ ယောကျာ်လေးနှစ်ယောက်ပါတဲ့ အမည်မသိ အဖွဲ့တစ်ဖွဲ့ဟာ မြစ်ကြီးနားမြို့ကနေ တနိုင်းမြို့ဘက် အဆင်း၊ အတက် သွားလာနေတဲ့ ကားတွေကို ငွေကြေးကောက်ခံနေတာ ဖြစ်တယ်လို့ ငွေတောင်းခံလိုက်ရတဲ့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ငွေကြေးကောက်ခံသူ သုံးဦးဟာ ခန့်မှန်းခြေ အသက် ၂၀ ကျော်ကနေ ၃၀ ကျော်အရွယ်တွေ ဖြစ်ပြီး သာမန်အရပ် ဝတ်တွေ ဝတ်ဆင်ထားပြီးကာ သေနတ်ကိုင်ဆောင်တာမျိုး မတွေ့ရပေမယ့် အမျိုသားတစ်ဦးရဲ့ ကိုယ်ပေါ်မှာ တော့ ဗုံးတစ်လုံး ချိတ်ဆွဲထားတာ တွေ့ရတဲ့အပြင် ကျည်တောင့် သုံးခုကို ခါးကြားညှပ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကားသမားတစ်ယောက်က “ထွက်ပြီးတော့ ပိုက်ဆံတောင်းနေတာ။ ဘယ်အဖွဲ့အစည်းကလည်း မေးတော့လည်း သူတို့မပြောနိုင်ဘူး ဖြစ်နေတယ်။ ကိုယ်တိုင်ကြုံခဲ့ရတာပါ။ မျက်မှန်တွေ Mask တွေ၊ ဦးထုပ်တွေ ဆောင်းထား တယ်။ မျက်နှာကတော့ ကောင်းကောင်း မမြင်ရဘူး” လို့ ပြောပါတယ်။

အထက်ပါ ကားသမားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာပဲ အခုလို ဖြစ်စဉ်နဲ့ နှစ်ကြိမ်တိုင် ကြုံခဲ့ရတာဖြစ်ပြီး အဲဒီ နေ့က တနိုင်းဘက်က ပြန်လာတဲ့ကား အစီး ၂၀ ကျော်လောက်ကို ငွေကြေးကောက်ခံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကားသမားတွေနဲ့ ခရီးသည်တွေကို ကားအပြင်ထွက် ဆင်းခိုင်းတာမျိုးမလုပ်ဘဲ ကားတွေဆီလာပြီး ကောက်ခံ သွားတာ ဖြစ်ပြီးတော့ တောင်းခံငွေ မပေးခဲ့ရင် ကားတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတဲ့အတွက် ကားသမားအားလုံး တောင်းတဲ့ပမာဏတိုင်း ပေးလိုက်ရတယ်လို့ အထက်ပါ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“တစ်လကို နှစ်ကြိမ်ထွက်ပြီး ဆက်ကြေးတောင်းနေတာ မတွေ့ဘူးလားတဲ့။ ကားတွေလည်း အများကြီးပဲ အဲဒီနေ့က။ အကုန်ပေးရတယ်။ မပေးရင် သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ ကားတွေ မီးရှို့မယ်ပေါ့” လို့ ကား သမားက ဆိုပါတယ်။

ငွေကြေးကောက်ခံချိန်က မြင်တွေ့ခဲ့တဲ့အရ လမ်းဘေးမှာ ကလစ်ဘီး ဆိုင်ကယ်တစ်စီး ရပ်ထားတာ တွေ့ရတဲ့ အတွက် ငွေကြေးကောက်ခံသူတွေဟာ ဆိုင်ကယ်နဲ့ လာတာဖြစ်နိုင်ပြီး ကားသမားတွေနဲ့ စကားပြောဆိုချိန်က မြန်မာစကားကို ပီပီသသ ပြောနိုင်သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြစ်ကြီးနား-တနိုင်းမြို့ဘက် အတက်၊ အဆင်းလုပ်နေတဲ့ ကားတွေကို ကား အကြီး/အသေးပေါ် မူတည်ပြီး အိမ် စီးကားနဲ့ လိုင်းကားအသေးတွေကိုတော့ ကျပ် ၅၀၀၀၀ (ငါးသောင်း)နဲ့ ကုန်ကားလိုမျိုး ကားအကြီးတွေကိုတော့ တစ်သိန်းခွဲကနေ နှစ်သိန်းအထိ တောင်းတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

နောင်းမီနဲ့ မန်ပန်ကျေးရွာကြားမှာ အခုလို ငွေကြေးကောက်ခံတာတွေ ရှိနေတဲ့အတွက် ကားသမားတွေသာမက နောင်းမီကျေးရွာ ဒေသခံတွေပါ စိုးရိမ် ကြောက်လန့်နေရတယ်လို့ နောင်းမီကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

“ဟိုသွား ဒီသွား စိုးရိမ်တာတော့ အားလုံးမှာ ရှိတာပေါ့။ ကြောက်တယ် သတိနဲ့သွားလာတယ်။ ကြောက်တာတော့ အားလုံးကြောက်ကြတာပေါ့” လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

နောက်ထပ် နောင်းမီကျေးရွာ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရလည်း အခုလို ငွေကြေးကောက်ခံ နေတယ်ဆိုတဲ့ သတင်းဟာ ဧပြီလကတည်း စကြားလာရတာဖြစ်ပြီး ၆ ကြိမ်ထက်မနည်း ရှိနေပြီလို့ ဆိုပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး ကားသမားတွေအနေနဲ့လည်း သွား၊ လာရ အဆင်ပြေအောင်နဲ့ အချိန်နှောင့်နှေးမှုတွေ မဖြစ်&အောင် သက်ဆိုင်ရာကနေ အမြန်ဆုံး တာဝန်ယူ ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။

Most read this week

November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...
November 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ရှောင်ကလေးအယောက်...
November 12, 2024
ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုလက်ထဲ လွှဲအပ်တာမျိုး မပြုလုပ်ဘဲ...
November 11, 2024
ကချင်အထူးဒေသ ၁၊  ဆော့လော်မြို့နယ်အတွင်းက နယ်ခြားစောင့်တပ်(BGF) တပ်တွေရဲ့ နောက်ဆုံး...