မောက်မယ်မြို့နယ်အတွင်း RCSS/SSA နှင့် PNLO/PNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

မောက်မယ်မြို့နယ်အတွင်း RCSS/SSA နှင့် PNLO/PNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

သျှမ်းပြည်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့အကြေား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။

မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်း ၅ နာရီဝန်းကျင်မှ စတင်ကာ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာ အုပ်စု၊ ဝမ်ခိုင်း ကျေးရွာအနီးတွင် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် တစ်နာရီနီးပါး ကြာပြီး PNLO/PNLA တပ်ဖွဲ့မှ ပြောက်ကျားနည်းဖြင့် စတင် ချောင်း မြောင်း ပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း RCSS/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။

“PNLA တွေက ကျနော်တို့ တပ်ဖွဲ့ကို မကြာခဏ ချောင်းမြောင်းပစ်လေ့ရှိတယ်၊ ခုတကြိမ် ပစ်ခတ်မှုကလည်း သူတို့တပ်သားတွေ အရင်လာပစ်လို့ ကျနော်တို့ဘက်က ပြန်လည်ခုခံကာကွယ်ရင်းနဲ့ ပစ်ခတ်မှုဖြစ်သွားတာ၊ ပစ်ခတ်မှု အပြီးမှာ PNLA စစ်သား ငါးယောက်ရဲ့ အလောင်းနဲ့ သူတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်း ရမိတယ်” ဟု Tai Freedom မှ ထုတ်ပြန်ထားသည်။

အလားတူပင် PNLO/PNLA ၏ သတင်းစာမျက်နှာဖြစ်သည့် PNLO Info မှ တစ်ဆင့် အဆိုပါ ပစ်ခတ်မှုသည် RCSS/SSA ဘက်မှ PNLA တပ်စခန်းကို စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။

“အင်အား ၁၀၀ ကျော်ရှိတဲ့ RCSS တပ်ဖွဲ့က ထီဖက်နံ PNLA တပ်စခန်းကို လာရောက်တိုက်ခိုက်တာ၊ ပအိုဝ်းကျေး ရွာထဲ တပ်စွဲပြီး ဒေသခံတွေကို ရွာပြင်ထွက်ခွင့်မပေးဘူး၊ သူတို့တပ်အင်အားလည်း ထပ်မံ ဖြည့်တင်းနေတယ်၊ ထိခိုက်ကျရှုံးမှု မသိရသေးပါ” ဟု PNLO/PNLA ၏ သတင်းစာမျက်နှာဖြစ်သည့် PNLO Info မှ ရေးသား ထုတ်ပြန် ထားသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် ပြောဆို အငြင်းပွားမှုများနှင့် ပတ်သက်ပြီး အသေး စိတ် မေးမြန်းသိရှိနိုင်ရန်အတွက် RCSS/SSA ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးခမ်းစံထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက် သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ပေ။ အလားတူ PNLO ဘက်မှ ဗိုလ်မှူးခွန်မင်းသိမ်းကို ဖုန်းဆက်သော်လည်း ဖုန်း ပြန်ချသွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင်လည်း RCSS နှင့် PNLO တပ်ဖွဲ့သည် မောက်မယ်မြို့နယ် အတွင်း ၂ကြိမ်ထက် မနည်း တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အရပ်သား (၃)ဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြသည်။

RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် ဖြစ်သည့် အပြင် နှစ်ဖွဲ့စလုံးမှာ စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက် ပြုလုပ်နေသေးသည့် အဖွဲ့များ ဖြစ်ကြသည်။

ထို့အပြင် ပြီးခဲ့သည့် မေ ၁၇ နှင့် ၁၈ ရက်နေ့တို့တွင်လည်း RCSS/SSA နှင့် PNLO/PNLA ကိုယ်စားလှယ်များ ပါဝင် သည့် NCA-S-EAO (၇) ၏ ထိပ်သီးမျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...