စားနပ်ရိက္ခာ အချိန်မီမထောက်ပံ့နိုင်ပါက ရခိုင်မုန်တိုင်းသင့်ပြည်သူများ အငတ်ဘေးကြုံတွေ့ရနိုင်

စားနပ်ရိက္ခာ အချိန်မီမထောက်ပံ့နိုင်ပါက ရခိုင်မုန်တိုင်းသင့်ပြည်သူများ အငတ်ဘေးကြုံတွေ့ရနိုင်

စားနပ်ရိက္ခာ အချိန်မီမထောက်ပံ့နိုင်ပါက ရခိုင်မုန်တိုင်းသင့်ပြည်သူများ အငတ်ဘေးနှင့်ကြုံတွေ့နိုင်ပြီး လက်ရှိ မှာလည်း စားနပ်ရိက္ခာ အခက်အခဲကြောင့် ထမင်းနပ်မှန်အောင်၊ လောက်ငှအောင် မစားရသူ များလာနေပြီဟု ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူများနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများကပြောသည်။

မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့ကို ဗဟိုပြုတိုက်ခတ်သွားသည့် အင်အားပြင်း မိုခါဆိုင်ကလုန် မုန်တိုင်းကြောင့် ရခိုင်မှ ပြည်သူ ရာနှင့်ချီသေဆုံးခဲ့ရပြီး မြို့နယ်အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည့် အတွက် နေရေးထိုင်ရေး၊ ရေ နှင့် စားနပ်ရိက္ခာ အခက်အခဲကို ဆိုးဝါးစွာရင်ဆိုင်နေကြရသည်ဟု ပြောသည်။

မုန်တိုင်းအလွန် ၄ ရက်မြောက် မေ ၁၈ ရက်နေ့အထိ ကူညီကယ်ဆယ် ထောက်ပံ့မှုမရှိခြင်း၊ ဆန်အပါအဝင် ကုန် ဈေးနှုန်းမြင့် တက်ခြင်းတို့ကြောင့် ဖြစ်သလို နေထိုင်နေကြရကာ မကြာခင် အငတ်ဘေးကြောင့် သေဆုံးရနိုင် သည်ဟု စစ်တွေမြို့ တေဇရာမဝိပဿနာ ကျောင်းတိုက် စစ်ရှောင်စခန်းတာဝန်ခံ အရီးဖြူက နိရဉ္စရာကို ပြော သည်။

“ပိုက်ဆံရှိသူတွေဆိုရင် သွပ်တွေသွားဝယ်တယ်။ မရှိသူတွေမှာ ဟာလာဟင်းလင်း။ သူများအိမ်မှာကပ်နေ၊ ကျောင်းတွေမှာ ကပ်နေဖို့ကလည်း ကျောင်းတွေတစ်ကျောင်းမှ ရစရာမရှိဘူး။ ဘုန်းကြီးကျောင်းတွေလည်း ရစရာမရှိ၊ အိမ်တွေလည်း ရစရာမရှိ၊ အိုးအိမ်တွေလည်း ရစရာမရှိ အကုန် ပျက်စီးကုန်တယ်။ စစ်ဘေးရှောင် စခန်းတွေလည်း အကုန်ပျက်စီးလို့ စားမယ့် ဆန်လည်းမရှိ။ ဘာမှမရှိ။ ဘယ်သူမှ နလန်မထူနိုင်ဘူး။ ငတ်လို့ သေကြရတော့မယ် အခု” ဟု ပြောသည်။

ထို့အပြင် မြို့ပေါ်ပျက်စီးမှု ၉၅%၊ နယ်ပျက်စီးမှု ၉၀ % ရှိခဲ့သည့် ကျောက်တော်မြို့တွင်လည်း ရိက္ခာဝယ်ယူရန် မတတ်နိုင်တော့သည့် မုန်တိုင်းသင့်ပြည်သူများမှာ ထမင်းငတ်သူများလည်း ရှိနေသည်ဟု ကျောက်တော်မှ ဖြူစင် မေတ္တာ ပရဟိတအသင်း ဥက္ကဋ္ဌ ဦးညီပုက ပြောသည်။

“တစ်ခုမကျန် အားလုံးပျက်စီးသွားကြတာပါ။ လက်ရှိမှာ နေထိုင်ဖို့အတွက် ပြိုပျက်သွားတာတွေကို ဖြစ်သလို ဆောက်နေကြတယ်။ စားနပ်ရိက္ခာက အခုကျနော်တို့ဆန်ဝယ်လို့မရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ ပိုက် ဆံက လက်ထဲမှာ မရှိကြတော့ဘူး။ ကုန်ကျမှုတွေများပြီး ရိက္ခာတွေ  အဆမတန် ဈေးတင်ရောင်းနေကြတော့ မဝယ်နိုင်ကြတော့ဘူး။ မစားနိုင်မသောက်နိုင်တဲ့ လူတွေလည်း ရှိပါတယ်။ လောလောဆယ်မှာ ငတ်ကြတဲ့  လူ တွေလည်း ရှိပါတယ်” ဟု ပြောသည်။

လက်ရှိမှာ နိုင်ငံတကာ အန်ဂျီအိုများ၊ ဒေသအတွင်းက အန်ဂျီအိုများ၊  စစ်ကောင်စီ အစိုးရ ဌာနဆိုင်ရာများ၊ ရက္ခိုင်ပြည်သူ့ အစိုးရတို့က စာရင်းကောက်ယူမှုများ လုပ်ဆောင်လျက်ရှိသော်လည်း နေရာအများအပြားတွင် ကူညီထောက်ပံ့မှုများ  လုပ်ဆောင်ခြင်း မရှိသေးဟု သိရသည်။

ရက္ခိုင့်တပ်တော် ထိန်းချုပ်နယ်မြေတချို့တွင် ရိက္ခာထောက်ပံ့ပေးနေမှု၊ နေအိမ်များပြန်လည် ပြုပြင်ပေးမှုနှင့် ပရဟိတ အဖွဲ့တချို့က မြို့ပေါ်နှင့် နေရာအချို့တွင် တတ်နိုင်သလောက် ကူညီထောက်ပံ့မှုများ ရှိသော်လည်း တစ်ပြည်နယ်လုံး အတိုင်းအတာနှင့် ဒုက္ခရောက်နေခြင်းဖြစ်၍ လုံလောက်ခြင်းမရှိဘူးဟု ဆိုကြသည်။

စစ်ကောင်စီက စစ်ရေယာဉ်များ၊ ကမ်းထိုးယာဉ်များနှင့် ရခိုင်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင် ပေးနေပြီး စစ်တွေမြို့သို့ မေလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ရောက်ရှိနေသည်ကို တွေ့မြင်ရသည်ဟု စစ်တွေ ဒေသခံများက ပြောသည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများအနေနှင့် လက်ရှိမှာ ဖြစ်သလိုနေထိုင်ကာ တောင့်ခံနိုင်သော်လည်း ယခုထက် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရန် မဖြစ်နိုင်တော့သည့်အတွက် ကူညီကယ်ဆယ်မှုများ အမြန်ဆုံး လိုအပ်နေသည်ဟု စစ်တွေမြို့မှ မူဆလင် လူမှုကယ်ဆယ်ရေးသမားတစ်ဦး က ပြောသည်။

“လက်ရှိ ကူညီကယ်ဆယ်မှု အနေနဲ့ တစ်ခုမှမရှိပါဘူး။ အန်ဂျီအိုတွေကလာတယ်၊ စာရင်း ဇယားပြုစုတဲ့ ကဏ္ဍ လောက်ပဲ ရှိပါသေးတယ်။ အစိုးရဘက်ကလည်း ဒီလိုပါပဲ။ အဓိက အများကြီးဒုက္ခရောက်နေတာက ဆေးဝါး၊ ရိက္ခာ၊ နောက်ထပ်အဆောင်ပေါ့။ အဆောင်တွေက အားလုံးပျက်စီးသွားတော့ မြို့ပေါ်မှာလည်း ပျက်စီးသလို စခန်းတွေမှာပါ အားလုံး အားလုံး ပျက်စီးသွားတာ။ ရပ်ရွာလူကြီးမှာ ရှိရင်တော့ နည်းနည်းပါးပါးပေးနိုင်တယ်။ မရှိရင်တော့ ငတ်နေတာတွေ စခန်းတွေမှာထက် ရွာက လူတွေ ပိုဒုက္ခရောက်ပါတယ်” ဟု ဆိုသည်။

မုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် လုပ်ဆောင်နေမှုများ နှင့် ပျက်စီးဆုံးရှုံးမှုများကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် ကောင်စီ ပြောခွင့်ရ ဦးလှသိန်း နှင့် ပြည်နယ်ကောင်စီဝင် ဦးသန်းထွန်းတို့အား ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။

ရက္ခိုင့်တပ်တော် (AA) အနေနှင့် မုန်တိုင်းသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် အတတ်နိုင်ဆုံး လုပ် ဆောင်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများ NGO၊ INGO များ၊ ဒေသအတွင်းရှိ လှုမှုအခြေပြု အဖွဲ့အစည်း များ အနေဖြင့်လည်း လိုအပ်သည့် အကူအညီများကို ပေးအပ်ရန်အတွက် ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ် နိုင်က အထူးမေတ္တာရပ်ခံထားသည်။

ထို့အပြင် မုန်တိုင်းသင့်ပြည်သူများကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေ နှင့် လူသားချင်းစာနာမှုအကူအညီများ အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုကြသည်။

November 18, 2024
ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့်...
ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...