စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ရာ ဒေသက ပြည်သူများမှာ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ယခင်ကထက် ပို၍ ခံစားလာနေရသည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်တာကာလအတွင်း ပြည်သူများမှာ စစ်တပ်၏ တရားလက်လွတ် ဖမ်းဆီး သတ် ဖြတ်ခံရမှုများကို ပိုမိုကြုံတွေ့လာနေသည့်အပြင် နေအိမ်နှင့် ဥစ္စာပစ္စည်းများလည်း ယခင်ကထက် လုယူဖျက် ဆီးခံနေရသည်ဟု KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူး က ပြောသည်။
“တရားလက်လွတ် ဖမ်းဆီးမှု၊ လုယူမှု သတ်ဖြတ်မှုတာတွေက ကျတော့ ကျနော်တို့ မှတ်တမ်းပြုစုချက် အရ ဒီ ၂၀၂၂ ခုနှစ် နဲ့ ၂၀၂၃ ခုနှစ် အတွင်းမှာပေါ့နော် ပိုပြီးတော့မှ ဖြစ်ပွားလာတာကို ကျနော်တို့ကတော့ တွေ့နေရတာ ပေါ့။ အထူးသဖြင့် ဒီကျနော်တို့ တပ်မဟာ ၃ မှာ လိုမျိုးပေါ့နော်။ တပ်မဟာ ၆ ရယ် တပ်မဟာ ၅ ရယ် ပေါ့နော အဲ့လိုဟာမျိုးမှာ ဒေသခံ ပြည်သူလူထုတွေရဲ့ အိုးအိမ် စည်းစိမ်တွေကို လုယူတာတွေ ဖျက်ဆီးတာတွေ က ဒါက အများအပြားဖြစ်ပွားတာကို ကျနော်တို့ တွေ့ရတယ်။ အထူးသဖြင့် ဒီထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူလူထု တွေရဲ့ အိုးအိမ်တွေပေါ့နော်။ သူတို့က ပြည်သူလူထုရဲ့ အိမ်တွေကို ဝင်တယ် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သူတို့က အရင်ဆုံးယူမယ်။ ပြီးလို့ရှိရင် ဖျက်ဆီးမယ် အိမ်တွေကိုလည်း မီးရှို့မယ်။”
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၏ ဥစ္စာပစ္စည်းများကို စစ်တပ်က လုယူဖျက် ဆီးနေသည့်အပြင် လူချင်းတွေ့သည့်အခါတွင်လည်း ဖမ်းဆီးသတ်ဖြတ်မှုများကို ယခင်ကထက် ပို၍ လုပ်ဆောင် နေသည်ဟု KHRG က ဆိုသည်။
စောနန္ဒဆူးက “နောက်တစ်ခါကျလို့ရှိရင် တိုက် ပွဲဖြစ်ပွားတိုင်းမှာ ပြည်သူလူထုတွေကို တွေ့ ရှိမယ်ဆိုလို့ရှိရင် သူတို့ကတော့ ဖမ်းဆီးမယ်။ နှိပ်စက်မယ် သတ်ဖြတ်မယ်ပေါ့နော်။ အဲ့လိုမျိုးတွေကတော့ မကြာခဏ ဆိုသလို ဖြစ်ပွားနေတာတွေကို ကျနော်တို့ တွေ့ရှိရတတ်တယ်ပေါ့” ဟု ပြောသည်။
ထို့အပြင် စစ်တပ်က ပြည်သူများကို ကျေးရွာထဲမှ ထွက်သွားရန် ရွာလုံးကျွတ် မောင်းထုတ်ခြင်း၊ ဖမ်းဆီးကာ လူ သားဒိုင်းများအဖြစ် အသုံးပြုနေသည့်အပြင် လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လည်း ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရသည်ဟု စောနန္ဒဆူး က ဆိုသည်။
၎င်းက “ဒါတွေက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုတွေကို လည်း ချိုးဖောက်ရာရောက်တယ်။ ထို နည်းတူ ဒီလိုလုပ်ဆောင်မှုတွေကလည်း စစ်ရာဇဝတ်မှု မြောက်တယ်ပေါ့နော။ ဆိုတော့ ဒီအပေါ်မှာ နိုင်ငံတကာ အသိုင်း အဝိုင်းကို အဓိကအားဖြင့်ပေါနော လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ရင်တော့ လောင်စာဆီ ပံ့ပိုးမှု ဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို ပိုပြီး လုပ်ဆောင်ဖို့ဆိုတာတော့ တောင်းဆိုတယ်ပေါ့နော။ နောက်တစ်ခါ ကျ ရင်လည်း စစ်တပ်နဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတွေကိုလည်းပဲ အဆက်ဖြတ်ဖို့ အရေးယူပိတ်ဆို့မှု တွေကို တိုးမြင့် လုပ်ဆောင်ဖို့ အတွက် ဒါတွေကိုတော့ လုံးလုံး တောင်းဆိုတယ်ပေါ့နော်” ဟု စောနန္ဒဆူး က ပြောသည်။
နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စစ်ကောင်စီအား လေယာဉ်ဆီ ပံ့ပိုးကူညီမှုများနှင့် ဆိုင်သည့် လမ်းကြောင်း များကို ပိတ်ဆို့ အရေးယူပေးရန် တောင်းဆိုသကဲ့သို့ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ကူညီပေးရန် KHRG က တောင်း ဆိုသည် ဟု ပြောသည်။