ဘဏ်ရှေ့ လုံခြုံရေးယူထားသူ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရ

ဘဏ်ရှေ့ လုံခြုံရေးယူထားသူ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့လယ်ခေါင်နေရာက မြဝတီဘဏ်ရှေ့တွင် ကား ၃ စီးဖြင့် လုံခြုံရေးယူပေးထား သည့်  စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးသွားသည်ဟု မြို့နေပြည်သူများက ပြောသည်။

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်၊ တောင်ရပ်ကွက်၊ ကားလေးကွင်းအနီးရှိ မြဝတီဘဏ်ကို ဒေသတွင်း မဟာမိတ် တော် လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Golden Eagle Force(GEF) တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်လင်းယုန်က “၃ ရက်နေ့တုန်းက ကဆုန်လပြည့် နေ့ပေါ့။ အဲနေ့မှာလည်း ကန့်ဘလူဘက်က တရုတ်ဘုန်းကြီးခေါင်းဆောင် ၃ ပါး ရောက်နေတာ။ သူတို့ ဒီ ခလရ တပ်ထဲမှာ ညောင်ရေသွန်းပွဲ လုပ်ကြတာပေါ့။ သူတို့က ဒါမျိုးလုပ်တော့ မြို့လယ်ခေါင်က လမ်းတွေကို အကုန် ပိတ်ထားတယ်။ ပိတ်ထားပေမယ့် ကျနော်တို့က ဒီလို လုပ်နိုင်တယ်ဆိုတာကို Message ပေးချင်လို့ မြို့လည် ခေါင်ရဲ့ ဘဏ်နေရာမှာ ဝင်ပြီးလုပ်ခဲ့တာပါ” ဟု ပြောသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁ ဦး ဦးခေါင်းထိမှန်ခဲ့ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် နာရေးကူညီမှု အသင်းများမှ လာရောက် သယ်ဆောင်သွားသည်ဟု ဆိုသည်။

ထို့နောက်တွင် မုံရွာစစ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ရာ လမ်းတွင် သေဆုံးသည်ဟု တပ်တွင်း သတင်းပေးများ၏ ပြောပြချက် အရ အတည်ပြုနိုင်သည်။

ထိုစစ်ဆင်ရေးကို ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ ရုတ်တရက် ဖော်ဆောင်ခြင်းဖြစ်သည် ဟု ဗိုလ်လင်းယုန်က ဆက်ပြောသည်။

“ရုတ်တရက် Mission(စစ်ဆင်ရေး) လို့ပဲ ပြောရမှာပေါ့။ မနက်ခင်းအထိကို ဘာမှမလုပ်သေးဘူး။ ကျနော်တို့ သိတဲ့အချိန် ၁၀ နာရီလောက်မှ သတင်းရတယ်။ ညောင်ရည်သွန်းပွဲ လုပ်တယ် သတင်းရတော့ ဒီ Mission ကို အမြန်ကောက်ဆွဲပြီးတော့ လုပ်လိုက်တာပါ။ ဒီလိုပါပဲ ဒီနေ့ဒီရက် ဒါမျိုးလုပ်မယ်ပေါ့။ ဒါမျိုး လုပ်မယ်ဆိုတော့ ကျနော်တို့နီးစပ်ရာ မဟာမိတ်တွေခေါ်ပြီးတော့ ပူးပေါင်း လုပ်ဆောင်ဖြစ်တာပါ။”

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် ပစ်ခံရသည့် မြဝတီဘဏ် အနီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ မုံရွာကျောက်ကားလမ်း မီးပွိုင့်နှင့် မြို့လည်မီးပွိုင့်များတွင် စစ်ဆေးရေးဂိတ်များ တိုးချထားပြီး လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်း များကို စစ်ဆေးခဲ့သည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောသည်။

ထိုစစ်ဆင်ရေးကို GEF တပ်ဖွဲ့အပြင် မုံရွာခရိုင်အမှတ် ၂၄ တပ်ရင်း - တပ်ခွဲ (၁) (Monywa Ranger Group/Truth Army)၊ တောကျွဲကြီး ပြောက်ကြားတပ်ဖွဲ၊ ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့နှင့် Brother Revolution Force-Monywa တို့မှ ပူးပေါင်းဖော်ဆော်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ သည်ဟု ပြောသည်။

GEF တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို အချိန်မရွေး ဝင်ရောက် တိုက်ခိုက်နိုင်သောကြောင့် ပြည်သူများအနေဖြင့် ဖြတ်သန်း သွားလာမည်ဆိုပါက သတိကြီးစွာ ထားကြရန် တာဝန်ရှိသူများက သိပေးထား သည်။

ဧပြီလ ၁၀ ရက်နေ့တွင်လည်း မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၁၀ ဦးကို GEF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့သေးသည်ဟု ဆိုသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...