အိုမန်နိုင်ငံတွင် ရခိုင်နှင့်ချင်းအပါအဝင် မြန်မာအိမ်အကူအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် မတရားရိုက်နှက်ခိုင်းခံရမှုများရှိနေဟုဆို

အိုမန်နိုင်ငံတွင် ရခိုင်နှင့်ချင်းအပါအဝင် မြန်မာအိမ်အကူအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် မတရားရိုက်နှက်ခိုင်းခံရမှုများရှိနေဟုဆို

အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေရသည့် ရခိုင်နှင့် ချင်းအပါအဝင်မြန်မာအမျိုးသမီးများသည် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုနှင့် အလုပ်ချိန်အတွင်း မတရား ခိုင်းစေခံနေရသည်ဟု ကာယကံရှင်များက နိရဥ္စရာသို့ ပြောဆိုကြသည်။

မြန်မာအမျိုးသမီးများ သည် အိမ်အကူအလုပ်တွင် အလုပ်ချိန်ထက်ပို၍ ပို၍ လုပ်ကိုင်ရမှု၊  လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ နားရက်မရှိအလုပ်လုပ်ကိုင်ရမှု၊ အလွန်အကျွံခိုင်းစေမှု၊ အစားအသောက်လုံလောက်အောင်မစားရမှုနှင့် ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတို့ကို ကြုံနေရကြောင်း ကာယကံရှင် အမျိုးသမီးများက ပြောသည်။

ယင်းသို့အခြေအနေအရပ်ရပ်များကို ၄င်းတို့အား တာဝန်ယူပို့ပေးခဲ့သည့် အလုပ်အကိုင်ရှာဖွေပေးသည့် အေဂျင့်များထံ ဆက်သွယ်အကူညီတောင်းသော်လည်း တစ်စုံတစ်ရာဆောင်ရွက်ပေးခြင်းမရှိကြောင်း ချင်းအမျိုးသမီးငယ်တစ်ဦးက နိရဥ္စရာကို ပြောသည်။

"သုံးလပိုင်းက ကျွန်မတို့သူဌေးတွေမှာ အစာရှောင်ဥပုသ်ယူရတယ်။ အဲဒီအချိန်ကစပြီးတော့ သူဌေးမက ဘာမှမဟုတ်တာလေးကအစ ခဏခဏ စိတ်တိုတယ်။ စိတ်တိုစိတ်ဆိုးတာနဲ့ ညီမကို ပါးရိုက်တာပေါ့နော်။ ပါးရိုက်တော့ ညီမက လက်နဲ့ကာတော့ ဒဏ်ရာမရခဲ့ဘူး။ ဒါပေမယ့် သည်းမခံနိုင်တော့လို့ အေဂျင့်တွေကိုတိုင်တော့ အေဂျင့်တွေက ရိုက်ခံရတယ်ဆိုရင် ဒဏ်ရာရတဲ့ဓာတ်ပုံပို့ပေးဖို့ပဲပြောတယ်။ တခြားဘာမှလုပ်ပေးတာမရှိဘူး" ဟု ပြောသည်။

သူမ၏ အလုပ်ရှင် အာရပ်အမျိုးသမီးသည် ဖေဖော်ဝါရီလအတွင်းကလည်း သူမ၏နောက်ကျောကို လက်ဝါးဖြင့် ပထမတစ်ကြိမ်ရိုက်နှက်ခဲ့ရာ ထိခိုက်ဒဏ်ရာမရရှိခဲ့၍ သည်းခံကြိတ်မှိတ်ကာနေခဲ့ကြောင်း အဆိုပါချင်းအမျိုးသမီးက ပြောသည်။

"ဖေဖော်ဝါရီလတုန်းကလည်း သူဌေးမက ညီမကို ဘာမှမဟုတ်တာလေးနဲ့ နောက်ကျောကိုရိုက်တယ်။ ဒဏ်ရာလည်း မရခဲ့ပါဘူး။ ပြီးတော့ တကြိမ်တခါ စိတ်အခန့်မသင့်လို့ဖြစ်မှာပါဆိုပြီး အေးဂျင့်တွေကိုလည်း မပြောပြခဲ့ဘူး။ ညီမမျက်ရည်ကျပြီးပဲ ဖြေသိမ့်ခဲ့ရတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းသို့ အိမ်အကူလုပ်နေသည့်အမျိုးသမီးများသည် လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် အခြေအနေအရပ်ရပ်ကို တိုင်ကြားလိုသော်လည်း ဘာသာစကားအခက်အခဲနှင့် ကူညီပေးနိုင်မည့်အဖွဲ့အစည်းများမရှိ၍ တိုင်ကြားနိုင်ခြင်းမရှိဟု အိုမန်နိုင်ငံ၊ Shinas မြို့တွင် လုပ်ကိုင်နေသည့်  မြေပုံမြို့နယ်မှ ရခိုင်အမျိုးသမီးငယ်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

"အဆိုးဆုံး အချက်ကတော့ သူဌေးတွေက နှာဗူးကျတယ်။ သူဌေးတွေက သူ့အမျိုးသမီးရှေ့မှာ ရောက်လို့ရှိရင် အိမ်အကူကို ကြည့်လို့တောင်မရတဲ့ပုံစံမျိုးနဲ့။ သူ့အမျိုးသမီးလည်း မရှိတဲ့အချိန်ကျ နှာဘူးကျတယ်။ သူဌေး မကျခဲ့ရင်တောင်မှ သူဌေးမမှာ မောင်တွေ၊ အစ်ကိုတွေ ကျတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အတင်းကိုင်တာတွေရှိပါတယ်။ တချို့တွေဆိုရင် သူဌေးက သူနဲ့အတူအိပ်ပေးဖို့ပြောတာတွေတောင်ရှိတယ်။ သူတို့နိုင်ငံမှာတိုင်ကြားချင်ရင် 9999 ကို ခေါ်လို့ရတယ်လို့သိရတယ်။ ဒါပေမယ့် ခေါ်ရင်လည်း သူတို့စကားကိုမတတ်တော့ တိုင်ဖို့လည်း အဆင်မပြေဘူး" ဟု ပြောသည်။။

သူမသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် မြန်မာနိုင်ငံမှ ပွဲစားတစ်ဦး၏ အဆက်အသွယ်ဖြင့် အိုမန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရောက်ချင်းချင်း သူမတို့၏ နိုင်ငံကူးလက်မှတ်များနှင့် ဖုန်းများကို ယင်းနိုင်ငံမှ ပွဲစားများကသိမ်းယူထားခဲ့သည်ဟု ဆိုသည်။

အလုပ်ခေါ်မည့်အိမ်ရှင် မတွေ့မချင်း အခန်းတစ်ခုတွင် ပိတ်လှောင်နေခဲ့ရပြီးနောက် ဩဂုတ်လ ၈ ရက်တွင် အာရပ်သူဌေးတစ်ဦး၏ အိမ်၌ အလုပ်စတင်လုပ်ကိုင်ခဲ့ရကြောင်း ပြောသည်။

ယင်းသို့အလုပ်လုပ်ကိုင်ရာတွင် နံနက် ၆ နာရီမှစတင်ကာ အိမ်မှုကိစ္စများကို ဆက်တိုက်လုပ်ကိုင်ရပြီး နေ့စဉ် ညဉ့် ၁၁ နာရီနှင့် ၁၁ နာရီနောက်ပိုင်းမှသာ အိပ်စက်အနားယူရကြောင်း သူမက ပြောသည်။

အိုမန်နိုင်ငံအတွင်း မြန်မာအမျိုးသမီးများ အိမ်အကူအဖြစ်အလုပ်လုပ်နေသည့် အိမ်ရှင်များသည် အိမ်အကူများအား အစားသောက်ကိုလည်း လုံလောက်အောင်စားခွင့်မပေးကြောင်း ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ လာရောက်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

"သူတို့ကလေ ထမင်းတစ်နပ်ပဲကျွေးချင်တယ်။ မနက်ဘက်ဆိုလည်း ကော်ဖီပဲရှိတယ်။ ဘာမှမရှိဘူး။ မုန့်ပဲသရေစာဝယ်လာလည်း အကုန်ဝှက်ထားတယ်။ ဘာမှ မကျွေးပါဘူး။ ညဘက်ကျလည်း ချာပါတီတွေ၊ ခေါက်ဆွဲထုတ်တွေဝယ်လာရင် ဝှက်ထားတယ်။ အစ်မမှာ ကိုယ့်လစာထဲက ခေါက်ဆွဲထုပ်တွေဝယ်ထားရတယ်" ဟု ပြောသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် အမျိုးသမီးငယ် တစ်ဦးကလည်း "အလုပ်လုပ်တာက ၇ လကျော်လောက်ရှိပါပြီ။ အလုပ်မတရားလုပ်ရတယ်ပေါ့နော်။ မနက် ၄ နာရီကျော်ရင် အိပ်ရာကနေ ထရတယ်။ မွန်းတည့် ၁၂ နာရီခွဲအထိလုပ်ရတယ်။ ထမင်းစားချိန်ခဏနားပြီး တစ်ရက်လုံးဆက်လုပ်ရတယ်။ အရမ်းပင်ပန်းပါတယ်။ ဖြစ်နိုင်ရင် မလုပ်ချင်တော့ပါဘူး" ဟု ပြောသည်။

ယင်းသို့ လုပ်ငန်းခွင်အတွင်း အခက်အခဲများကြုံရ၍ စိတ်ပျက်ကာ မလုပ်ချင်တော့သော်လည်း အေဂျင့်က စာချုပ်သက်တမ်း ၂ နှစ်ပြည့်အောင်လုပ်ရမည်ဟုပြောဆိုထားသည်ဟု ပြောသည်။

အိမ်ပြောင်း၍လုပ်ကိုင်လျှင်လည်း စာချုပ် ၂ နှစ်ကာလကိုအစမှ ပြန်လုပ်ကိုင်ရမည်ဖြစ်ပြီး အိမ်ရှင်သူဌေးများကိုယ်တိုင်ကလည်း မလုပ်ဘဲပြန်ချင်ပါက ငွေများကိုပြန်လျော်ရမည်ဟု အကျပ်ကိုင်ပြောဆို၍ အမျိုးသမီးအများစုမှာ ကြိတ်မှိတ်ကာလုပ်ကိုင်နေရကြောင်း မြေပုံမြို့နယ်မှ ရခိုင်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

"သူဌေးက ၂ နှစ်စာချုပ်ချုပ်ထားတာ မပြည့်ဘဲပြန်သွားမယ်ဆိုရင် ပိုက်ဆံတွေပြန်ပေးရမယ်ဆိုပြီးတော့ အမြဲတမ်းပြောတယ်။ ပြီးတော့ ညီမတို့ နိုင်ငံကူးလက်မှတ်ကို ဖျက်ဆီးပစ်မယ်။ မပေးဘူးလို့လည်းပြောတယ်" ဟု သူမက ပြောသည်။

ရခိုင်ပြည်မှ အမျိုးသမီးငယ်များသည် ပြည်နယ်တွင်း အလုပ်အကိုင်ရှားပါး၍ ပြည်ပသို့ ထွက်ခွာပြီး အလုပ်လုပ်နေကြရာတွင် ယခုလို အခက်အခဲမျိုးကြုံနေရသဖြင့် ပြည်ပ အလုပ်များကို သေချာစဉ်းစားပြီးမှ သွားရောက်လုပ်ကိုင်စေလိုသည်ဟု သူမက ပြောသည်။

“ကျွန်မတို့ ပြည်နယ်က သဘာဝသယံဇာတပစ္စည်းတွေနဲ့ ပြည့်လျှံနေတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အလန်း မရှိတော့ သူများနိုင်ငံတွေမှာလာပြီးကျွန်ခံရတယ်။ ဒုက္ခမျိုးစုံနဲ့ကြုံရတယ်။ဒီ လိုအခြေအနေတွေကြောင့် ပြည်ပထွက်ပြီး အလုပ်လုပ်တော့မယ်ဆိုရင် ကျွန်မတို့ လို မိန်းခလေး သေချာစဉ်းစားပြီးမှ သွားစေချင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် သဘာ၀သယံဇာတ ပေါကြွယ်၀သော်လည်း အလုပ်အကိုင်အခွင့်အလမ်း (လုံး၀) ရှားပါးမှုကြောင့် နှစ်စဉ်ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်နေရသည့် ရခိုင်လူငယ် အမြောက်အများရှိနေကြောင်း သိရသည်။

ယင်းထဲမှ ရခိုင်အမျိုးသမီးငယ်များမှာလည်း ပြည်ပနိုင်ငံတချို့တွင် အိမ်အကူအလုပ်ကို လုပ်ကိုင်နေရပြီး ယခုကဲ့သို့ အခက်အခဲများနှင့် ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။

အိုမန်နိုင်ငံတွင် အိမ်အကူအလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးများမှာ လုပ်ခလစာအဖြစ် တစ်လလျှင် အိုမန်ရီယာယ် ၁၀၀ မှ အမြင့်ဆုံး ၁၂၀ ရီယာယ် ရရှိပြီး မြန်မာငွေနှင့်ဆိုလျှင် ကျပ် ၈ သိန်းခန့်ရရှိကြောင်း ပြောဆိုကြသည်။

ဂွက ထွက်ပြေးနေကြရသူများ/ ပုံဟောင်
November 19, 2024
အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ ဂွမြို့မြောက်ဘက် (၁၀) မိုင်ခန့် အကွာ...
November 19, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်တိုက်ပွဲရပ်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကာ အဆိုပါ အချိန်အတွင်း...
November 18, 2024
ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့်...