ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများ၏သဘောထားအား စတင်ကောက်ယူ

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများ၏သဘောထားအား စတင်ကောက်ယူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် တည်ဆောက်ရန်စီစဉ်ထားသည့် ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်ပြီး ဒေသခံများ၏သဘောထားအား စတင် ကောက်ယူသွားခဲ့ဖြစ်သော်လည်း တည်ဆောက်ရေးလုပ်ငန်းများကို စတင်နိုင်ခြင်းမရှိသေးဟု ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့်ပတ်သက်၍ Myanmar Survey Research (MSR) ကုမ္ပဏီက ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ ၅ ရက်ကြာလာရောက်ပြီး မဒေးကျွန်းပေါ်ရှိ ပြင်၊ ကျောက်တန်း၊ ရွာမ၊ ပန်းထိမ်ဆည်ကျေးရွာများရှိ ဒေသခံများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သဘောထားကောက်ခံမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု မဒေးကျွန်းဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"အိမ်ထောင်ဦးစီးတွေကို မေးပါတယ်။ ဘာတွေလုပ်ကိုင်စားကြလဲ။ SEZ ကို ကြိုဆိုလား၊ မကြိုဆိုလား။ ထောက်ခံလား။ မထောက်ခံလားဆိုတာတွေကို တစ်အိမ်တက်ဆင်း မေးမြန်းတယ်။ သဘောထားကောက်ခံခဲ့တဲ့ ပုံစံမျိုးပေါ့" ဟု ပြောသည်။

Myanmar Survey Research (MSR) ကုမ္ပဏီသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သော ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း စသည်ဖြင့် တည်ဆောက်မည်ဟု သိရသည်။

အဆိုပါ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ပေ ၁၀၀၀ အထက် Mother Vessels, Carriers, Super Tankers စသည့်ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ရေနက်ဆိပ်ကမ်းအမျိုးအစား ဖြစ်ပြီး အဆိုပါရေနက်ဆိပ်ကမ်းမှ ကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့နှင့် ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့တင်ပို့သွားမည်ဟု သိရသည်။

လက်ရှိတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်နေသည့်ကာလဖြစ်သည့်အတွက် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအကောင်အထည်မဖော်နိုင်သေးခြင်းဖြစ်ကြောင်း ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်သူ ဦးထွန်းကြည်က သုံးသပ်ပြောဆိုသည်။

"လက်ရှိမှာက ဘာတစ်ခုမှ အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက EIA လုပ်နေဆဲဖြစ်အတွက် အကောင်ထည်ဖော်နိုင်မှာ မဟုတ်ပါဘူး" ဟု ပြောသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် ဦးဘရှိန်အားဆက်သွယ်မေးမြန်းခဲ့ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌထံ မေးမြန်းရန် ပြောဆိုခဲ့သည်။

ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် ကျောက်ဖြူရှိ သံဇစ်မြစ်ကြောင်းတစ်လျှောက်တွင်ရှိသည့် သဘာဝဂေဟစနစ်များပျက်စီးပြီး ဒေသခံရေလုပ်သားအများအပြား၏ ရေလုပ်ကွက်များ ပျက်စီးသွားနိုင်၍ အသက်မွေးဝမ်း ကျောင်းအလုပ်ကိုင်များဆုံးရှုံးရမည်ကို ဒေသခံရေလုပ်သားများအနေဖြင့် စိုးရိမ်နေကြောင်း ပြောဆိုကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန်မြေနေရာသို့ သွားရောက်၍ စီမံကိန်းနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ယင်းသို့ တွေ့ဆုံခဲ့စဉ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို ကတိကဝတ်အတိုင်းအကောင်အထည်ဖော်သွားမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော်လာခြင်းမရှိသေးကြောင်း မဒေးကျွန်းဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"သူတို့က လုပ်ဖို့ပြောထားပေမယ့် လောလောဆယ်တော့ ကွင်းဆင်းဆောင်ရွက်တာမျိုးမရှိသေးဘူး။ ပြီးခဲ့တဲ့ လတုန်းကတော့ MSR ကနေပြီးတော့ ကျွန်းကိုရောက်လာပြီးတော့ တစ်အိမ်တက်ဆင်း အင်တာဗျူးတွေလုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း အခုအချိန်ထိတော့ လုပ်ဆောင်လာတာ မရှိသေးပါဘူး" ဟု ပြောသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကိုတည်ဆောက်ရန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း (China International Trust Investment Corporation-CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့က တင်ဒါအောင်မြင်ခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA)နှင့် ယာယီအပစ်ရပ်ချိန်ကစ၍ ရခိုင်ပြည်တွင်း ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် တောင်ကုတ်မြို့နယ်ရှိ ရပ်တန့်ထားသည့် နေပူတောင်စီမံကိန်းနှင့် သံတွဲ၊ ဂွနှင့် အမ်းမြို့နယ်တို့တွင် လေအားလျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းတို့ကို ဆက်လက်လုပ်ကိုင်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်။

November 20, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်၂၀၀၀၀ ကျော်အတွက် ရိက္ခာ၊ စောင်နှင့်...
ဂွက ထွက်ပြေးနေကြရသူများ/ ပုံဟောင်
November 19, 2024
အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ ဂွမြို့မြောက်ဘက် (၁၀) မိုင်ခန့် အကွာ...
November 19, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်တိုက်ပွဲရပ်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကာ အဆိုပါ အချိန်အတွင်း...
November 18, 2024
ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့်...