ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး စည်းဝေးပွဲများ ပြုလုပ်ဆွေးနွေးရခြင်းဖြစ်ကြောင်း PPST ပြော

ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး စည်းဝေးပွဲများ ပြုလုပ်ဆွေးနွေးရခြင်းဖြစ်ကြောင်း PPST ပြော

ပြည်ထောင်စုနှင့်နိုင်ငံသားများ၏အကျိုးကို ရှေးရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာရန် စည်းဝေးပွဲများ ပြုလုပ်ဆွေးနွေးရခြင်းဖြစ်ကြောင်း NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင် အဖွဲ့(PPST) ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ယနေ့ ဧပြီလ ၂၁ရက်နေ့တွင် ပြုလုပ်သည့် အစည်းအ ဝေးပွဲအပြီးတွင် ပြောဆိုလိုက်သည်။

အဆိုပါ အစည်းအဝေးပွဲကို ယမန်နေ့ ဧပြီလ(၂၀)ရက်နှင့် (၂၁)ရက်နေ့တို့တွင် အွန်လိုင်းဖြင့် ကျင်းပပြု လုပ်ခဲ့ပြီး NCA ၏ အနှစ်သာရ(၃)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း လမ်းဖြင့်မဖြေရှင်းဘဲ စစ်ရေးဖြင့်ဖြေရှင်းပါက ထိခိုက်နစ်နာပေးဆပ်မှုများစွာရှိမည့်အတွက် ပြည်ထောင်စု နှင့်နိုင်ငံသားများ၏ အကျိုးအားဖြင့် ဆွေးနွေးတိုက်တွန်းနေရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ယခုလိုပြောသည်။

“ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒီအကြပ်အတည်းတွေဟာ နိုင်ငံရေးပြဿနာကြောင့်ဖြစ်တယ်။ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ရဲ့အတွေ့အကြုံအရ အများကြီးထိခိုက်နစ်နာပြီး ပေးဆပ်ရမှာဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုအတွက် လက်ရှိပြဿနာရဲ့အရင်းခံဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာတဲ့ တိုက်တွန်းဆွေးနွေးမှုတွေကို ကျနော်တို့ လုပ်ဆောင် နေတာဖြစ်တယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်ရန်နှင့် ပြည်တွင်းပဋိပက္ခများ အမြန် ဆုံးကျော်လွှားအဆုံးသတ်နိုင်ရေးအတွက် PPST နှင့်ပူးပေါင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်း သားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးကာ ကြိုးပမ်းသွားမည့်အကြောင်း ပါဝင်သော သဘောထား ရပ်တည်ချက် ၅ ရပ်အား ထုတ်ပြန်ကြေညာထားသည်။

ထိုအထဲတွင် နိုင်ငံရေးပဋိပက္ခများကိုဖြေရှင်းနိုင်ရန် သက်ဆိုင်သူများအားလုံးပါဝင်ဆွေးနွေးရန် တိုက် တွန်းကြောင်း၊ မြန်မာ့နိုင်ငံရေးအကြပ်အတည်းအတွက် ကြိုးပမ်းဆောင်ရွက်နေသော အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့နှင့်အဖွဲ့အစည်းများအား အသိအမှတ်ပြု၍ PPST အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းတို့ ဖော်ပြပါရှိသည်။

ဆက်လက်ပြီး PPST အဖွဲ့ဝင်များနှင့်စစ်ကောင်စီတို့ပြုလုပ်သည့်ဆွေးနွေးပွဲများ၊ အဖွဲ့ဝင်များပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ကျင်းပသည့်အပေါ် အများပြည်သူအကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေ သည်နှင့်စပ်လျှဥ်း၍ ဗိုလ်မှူးကြီးစောကျော်ညွန့်က ယခုလိုသုံးသပ်ပြောဆိုသည်။

“ဒီအချိန်အခါမှာ အမြင်မတူလို့ ကျနော်တို့က လက်တွေ့မကျဘူးဆိုတဲ့ ဝေဖန်မှုတွေကို ခံနေရတာဖြစ်တယ်။ ပဋိပက္ခတွေကို လျှော့ချနိုင်တဲ့နည်းလမ်းရရှိဖို့နိုင်ငံရေးပြဿနာကို ကိုယ့်မှာရှိတဲ့အစွမ်းအစနဲ့ အဖြေရှာ တဲ့ သဘောပေါ့နော် ဆွေးနွေးပွဲတွေပြုလုပ်တာဖြစ်ပါတယ်။ ဝေဖန်တာကတော့ ကျနော်တို့ရှောင်လွဲလို့မရပါဘူး။”ဟု PPST ပြောခွင့်ရက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ(၁၁)ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများအစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိမှုအား PPST အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ၎င်းတို့၏သဘောထားရပ်တည်ချက်တွင် ဖော်ပြပါရှိသည်။

ယနေ့ ကျင်းပပြုလုပ်ပြီးစီးသည့် အစည်းအဝေးပွဲသို့ NCA-EAOs (၇)ဖွဲ့ဖြစ်သော ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ သျှမ်းပြည် ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် PPST အဖွဲ့ဝင် အမျိုးသမီးကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်ဟု သိရသည်။

Most read this week

November 20, 2024
ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်အတွင်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို...
November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...