တော်လှန်သင်္ကြန်ပြုလုပ်စဉ် အဖမ်းခံရသူတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက မြေထိုးစက်နဲ့ဖြိုဖျက်

တော်လှန်သင်္ကြန်ပြုလုပ်စဉ် အဖမ်းခံရသူတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက မြေထိုးစက်နဲ့ဖြိုဖျက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့သင်္ကြန်အတက်နေ့တုန်းက တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကလေး ပင်မသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံခဲ့ရပြီးနောက် သူတို့ထဲက မကျိန်ဒွန့်ကိမ်ရဲ့ နေအိမ်ကို ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က မြေထိုးစက်နဲ့ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ ၁၁ မှာရှိတဲ့ မကျိန်ဒိန့်ကိမ်ရဲ့နေအိမ်ကို အင်အား ၃၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပါဂျဲရိုးကား အနက်တစ်စီး၊ စစ်ကား အသေး ၂ စီး၊ စစ်ကား အကြီးတစ်စီး၊ JCB (မြေထိုးစက်) တို့ဖြင့် ရောက်ရှိလာပြီး နေအိမ်ကို ဖြိုချဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံမျက်မြင်တစ်ဦးက ပြောပါတယ်။

“အခု စစ်သားတွေဖျက်ဆီးလိုက်တဲ့ အိမ်က နံကပ် နှစ်ထပ်အိမ်ပေါ့နော်၊ အုတ်စီထားတဲ့အိမ်နော် ကြေမွသွားတာပဲ ယူစရာမရှိဘူး ဒါပေမဲ့ မီးဖိုချောင်ဘက်တော့ ၇ ပေ ၈ပေလောက်ရှိမလား အဲဟာတော့နဲနဲကျန်တယ် ပစ္စည်းတွေကိုလဲ ဘာမှ မသိမ်းခိုင်း မယူခိုင်းဘူး ဒီတိုင်းအိမ်ကိုဖြိုချပြီး ပြန်လှည့်သွားကြတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

ကျန် ၃ ဦးရဲ့နေအိမ်တွေကိုတော့ စစ်ကောင်စီက ဖြိုဖျက်ခြင်းရှိ/မရှိ မသိရပေ။ ကလေး ပင်မသပိတ်အင်အားစုအဖွဲ့ဝင်တွေဟာ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ တံတာဦးအနီးမှာ ဧပြီလ ၁၆ ရက်နေ့မွန်းလွဲပိုင်း ၂ နာရီလောက်မှာ တော်လှန်သင်္ကြန် လျှပ်တပြတ်ဆန္ဒဖော်ခဲ့စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကားနဲ့ရောက်ရှိလာပြီး သူတို့ထဲက ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံနဲ့ ကိုမျိုးကိုဝင်းတို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဖမ်းခံခဲ့ရပြီးနောက် ညနေပိုင်း ၄ နာရီလောက်မှာ သူတို့နေအိမ်အသီးသီး လိုက်ပြခိုင်ပြီး နေအိမ်တွေကိုပါ တခါတည်း ချိပ်ပိတ်ခဲ့သလို အဖမ်းခံရသူထဲက မကျိန်ဒွန့်ကိမ်ရဲ့ မိခင်နဲ့ တူမတော်စပ်သူ မသန်စွမ်းအမျိုးသမီးတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်ခဲ့ပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာတော့ မကျိန်ဒွန့်ကိမ်ရဲ့ တူမတော်စပ်သူ မသန်စွမ်းအမျိုးသမီးကို ပြန်လွှတ်ပေးခဲ့ပေမယ့် မိခင်ဖြစ်သူကိုတော့ ပြန်မလွှတ်ပေးသေးဘူးလို့ သူတို့နဲ့နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့ သပိတ်အင်အားစုဟာ အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပေမဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုတွေကို ဆက်လက်ပြုလုပ်ခဲ့ကြပြီး အာဏာသိမ်းပြီးကတည်းက ယနေ့ချိန်ထိ နေ့စဉ်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ခုဆိုရင် ရက်ပေါင်း ၈၀၀ ရှိပြီဖြစ်ပါတယ်။

November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...
November 7, 2024
ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများ နေ့စဉ်နှင့်အမျှ...
November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...