“ကျမခင်ပွန်းက တောထဲတောင်ယာသွားလမ်းမှာ မြေမြှုပ်မိုင်းထိခိုက်ခံလိုက်ရတာကြောင့် မိသားစုအသက်ဆက်ဖို့ ပိုပြီးခက်ခဲသွားတယ် အဆိုးဆုံး က ကလေးတွေရဲ့ပညာသင်ကြားရေး ရပ်တန့်သွားခဲ့ရတယ်” ဟု ဒေါ်ထုဆန်က ပြောပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်သူများအဘက်ဘက်ကနေ ခက်ခဲမှုတွေနဲ့တွေ့ကြုံနေရပါတယ်။ ထိုပြည်သူများထဲတွင် မသန်စွမ်းများလည်း အကြီးအကျယ် ခက်ခဲနေတဲ့ ဒဏ်ကိုခံစားနေရပါတယ်။ မသန်စွမ်းများမှာ ယခုချိန်ခါတွင် ကူညီထောက်ပံ့မှုများကို ဟိုးအရင်ကလို မရရှိတော့တာကြောင့် စားဝတ်နေရေးအတွက် ပူပန်နေရကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေလည်း လျော့နည်းလာခဲ့ကြောင်း သိရပါတယ်။
မသန်စွမ်းတွေရဲ့ ဖြစ်တည်နေတဲ့အခြေအနေနှစ်မျိုး ရှိနေပါတယ်။ မူလက ဖြစ်တည်လာတဲ့ မသန်စွမ်းဖြစ်မှုနဲ့ ၂၀၁၁ မှ စတင်လာသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် မသန်စွမ်းဖြစ်သွားတဲ့ ပြည်သူတွေအများအပြားရှိပါတယ်။ အဲဒီအထဲ မြေမြုပ်မိုင်းကြောင့် ခြေထောက်ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားခဲ့ရတဲ့ ပြည်သူတွေလဲ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေပါတယ်။
“စစ်ရှောင်ထဲ မသန်စွမ်းတွေက နေရပ်ဖြစ်တဲ့ရွာပြန်ပြီး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေကြတယ်။ သူတို့မှာပြန်ရင်လည်း နေစရာအိမ်တွေ မရှိတော့ဘူး။ အိမ်တွေပြန်ဆောက်ဖို့ ငွေကြေးတွေမရှိဘူး ဘာမှအဆင်မပြေဘူးဖြစ်နေတယ်။ မိသားစုထဲမှာ မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်နေတဲ့သူတွေရှိတယ်။ မွေးရာပါကြောင့် မသန်စွမ်းဖြစ်နေတဲ့သူတွေ အဲ့ဒီနှစ်ခုစလုံးအတွက် နိုင်ငံတကာအကူအညီ ရရှိမှုလည်းနည်းပါးနေပါတယ်” ဟု ကချင်ပြည်နယ်ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးဇုံးဆောင်က ပြောပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် မိသားစုထဲက အိမ်ထောင်ဦးစီးများ ရွေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ဖို့လည်း လမ်းခရီးအခက်အခဲ တိုက်ပွဲအခြေအနေတွေကြောင့် ဝင်ငွေရှာဖွေရာ၌ ခက်ခဲနေကြကြောင်းသိရပါတယ်။
မသန်စွမ်းများကိုယ်တိုင်လည်း အပြင်ထွက် အလှူခံတဲ့အခါမှာ ခါးပိုက်နှိုက်၊ ဓားပြတိုက်မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် အိမ်ထဲမှာပဲကြောက်ရွံ့ပြီးနေရတဲ့အတွက် စစ်ရှောင်စခန်းက မသန်စွမ်းတွေဟာ ပိုပြီး မျော်လင့်ချက်မဲ့နေကြပါတယ်။
“ကျမက မျက်စိမကောင်းဘူးဆိုတော့ နေရပ်ပြန်ဖို့စဉ်းစားတိုင်း စိတ်ညစ်တယ် ဒီကိုစစ်ရှောင်ဖို့ပြေးလာတာဆိုတော့ ဘာမှမပါလာဘူး ရွာမှာ ရှိတဲ့ ခြံတွေ အိမ်တွေလည်းမရှိတော့ဘူးဆိုတော့ အဲ့တာတွေ ပြန်လုပ်ဖို့အခက်အခဲရှိနေတယ်။ ဒီစစ်ရှောင်စခန်းမှာတောင် ဆားနဲ့ပဲစားပြီးနေနေတယ်” ဟု မိုင်းနားကေဘီစီ စစ်ရှောင်စခန်းက ဒေါ်ခေါန်ဂျာက ပြောပါတယ်။
စစ်ရှောင်စခန်းက မသန်စွမ်းပြည်သူတွေအနေနဲ့ နိုင်ငံရေးအခြေအနေကြောင့် အထောက်အပံ့အကူအညီတွေလည်း မရရှိတာ တစ်နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ မသန်စွမ်းဖြစ်နေတဲ့သူ နှစ်သောင်းကျော်ရှိတဲ့အပြင် ပြည်နယ်ကိုယ်အင်္ဂါမသန်စွမ်းအသင်းမှာ စာရင်းမသွင်းထားတဲ့ မသန်စွမ်းများလည်း အများအပြားရှိနေကြောင်းသိရပါတယ်။
မသန်စွမ်းများကို ကူညီနေတဲ့ လူမှုအဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ကူညီထောက်ပံ့မှု အများအပြား လိုအပ်နေတယ်လို့ သိရပါတယ်။
လူမှုဘဝတွေမှာလည်း မသန်စွမ်းများကို ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းများကို အလေးထားမှု လျော့နည်းသွားသဖြင့် မသန်စွမ်းဂေဟာ၊ ပရဟိတကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းများထံတွင် ကူညီထောက်ပံ့မှုများ လျော့နည်းသွားခဲ့ပါတယ်။
ကူညီထောက်ပံ့မှုအများစုမှာ အခြားကဏ္ဍဘက်ကို ရောက်သွားတဲ့အတွက် မသန်စွမ်းတွေကို ကူညီထောက်ပံ့မဲ့ အရေး ပပျောက်လာနေပါတယ်။ ဒါကြောင့် မသန်စွမ်းများကို ပြန်လည်ကြည့်ရှုဖေးမကူညီဖို့ လိုအပ်နေပါတယ်။
“နောက်နှစ်ဆိုရင် နေရပ်ပြန်တော့မယ် အိမ်ဆောက်ဖို့ ငွေကြေးကူညီပေးဖို့တောင်းဆိုချင်ပါတယ်” ဟု မိုင်းနား KBC စစ်ရှောင်စခန်းက မသန်စွမ်းအမျိုးသမီး ဒေါ်ခေါန်ဂျာက ပြောပါတယ်။