ကချင်ပြည်နယ် ပူတာအို နှင့် နောင်မွန်မြို့နယ်အထက်ဘက် ရေခဲတောင်ခြေကျေးရွာများရှိ ပြည်သူများသည် ယခုနှစ်တွင် စားဝတ်နေရေးအခက်ခဲဆုံးအခြေအနေဖြင့်ရင်ဆိုင်နေရပြီး လာမယ့် မိုးတွင်းအတွက် ပိုမို စိုးရိမ်နေကြသည်။
တောင်ပေါ်ဒေသတွင် ဆေးမြစ်များရှာဖွေကာ မြို့ပေါ်သို့ ရောင်းချပြီးနောက် ရရှိလာသောဝင်ငွေဖြင့် ဆန်ကို ဝယ်ယူစားသောက်ခဲ့ကြသော်လည်း ယခုနှစ်တွင်မူ ဆန်တစ်အိတ် ကျပ် ၃ သိန်းကျပ်အထိ စျေးတက်သွားသောကြောင့် ပုံမှန်ဆေးမြစ်ရောင်းရငွေဖြင့် ဆန်ဝယ်ရန် မလုံလောက်သည့်အခြေအနေဖြင့် ကြုံတွေ့နေရသည်ဟု သိရသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး အဆိုပါ ရေခဲတောင်ခြေဒေသများကို ပုံမှန်သွားလာနေသော ပူတာအို ဒေသခံတစ်ဦးကို KNG မှ မေးမြန်းထားပါသည်။
မေး။ ။ ပူတာအိုမြောက်ပိုင်းဒေသတွေဖြစ်တဲ့ ရွာတွေမှာ လက်ရှိ စား၀တ်နေရေးအခြေအနေနဲ့ ပြည်သူတွေရဲ့ အဓိကအလုပ်အကိုင်က ဘာဖြစ်မလဲ ဆရာသိသလောက် ပြောပြပေးပါ။
ဖြေ။ ။ အလုပ်အကိုင်ကတော့ ဆေးမြစ်တွေရှာတယ်၊ ပန်နန်းဒင်တို့ နောင်မွန်း တို့အထိ ဆင်းလာပြီး ဆန်တွေဝယ်တယ်၊ ပြီးတော့ သူတို့ဒေသမှာပြန်ရောင်းတာပေါ့၊ အဲ့ဒီဘက်မှာ ဆန်တစ်ပုံးကို ၁ သိန်းလောက်ရှိတယ်၊ ဆိုတော့ အခုက သူတို့ ဆေးမြစ်တွေရှာတယ် ရတဲ့ပိုက်ဆံနဲ့ ဆန်ဝယ်တယ်၊ လောလောဆယ်ကတော့ အဲ့လိုရှိတာပေါ့။
မေး။ ။ လက်ရှိအဓိက ဖြစ်ပျက်ကြုံတွေ့နေရတဲ့ ပြဿနာက ဘာတွေဖြစ်မလဲ ဆရာ။
ဖြေ။ ။ အခက်အခဲ ပြဿနာ အကြောင်းတွေပြောမယ်ဆိုရင်တော့ အများကြီးရှိတာပေါ့၊ အဓိကကြုံတွေ့နေရတာကတော့ စားဝတ်နေရေးပေါ့ အဲ့မှာမှ ကုန်ဈေးနှုန်းတွေ တအားတက်တော့ ဆန်တွေလည်း မဝယ်နိုင်တော့ဘူး၊ အရင်တုန်းကဆို ဆန် တစ်အိတ်ကို ရှစ်သောင်း၊ ကိုးသောင်းလောက်ပဲ ပေးရတာ အခုက ဆန်တစ်အိတ်ကို သုံးသိန်းဝန်ကျင်ပေးရတော့ ငွေကြေးမရှိတဲ့ သူတွေအတွက်က အရမ်းခက်ခဲတာပေါ့၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတော့ အရင်ကထက်နေထိုင်မှုတွေ အများကြီး ခက်ခဲမှုရှိတယ်လို့ ကြားတယ်။
မေး။ ။ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပေါ် ဘယ်လိုမြင်လဲ ဆရာ။
ဖြေ။ ။ တစ်ချို့ စီးပွားရေးသမားတွေက နိုင်ငံရေးမကောင်းဘူးဆိုတာကို အကြောင်းပြပြီး ကုန်ဈေးနှုန်းကို အရမ်းမြင့်အောင် ရောင်းကြတယ်၊ ချမ်းသာတဲ့သူတွေက ငွေကြေးမရှိ ခက်ခဲတဲ့ဒေသတွေမှာ သွေးစုပ်တာပေါ့၊ မြန်မာနိုင်ငံမှာဆန်ထွက်တာ ဆန်တစ်အိတ်ကို သုံးသိန်းနဲ့ ဝယ်စားရတယ်ဆိုတာ ဘယ်လောက်ရှက်ဖို့ကောင်းလဲ၊ အာဏာပိုင်တွေရှိတယ် ဒီဟာတွေကို သေသေချာချာ ဘာလို့ မထိန်းနိုင်ရတာလဲ၊ အစိုးရက အစိုးရအလုပ်မလုပ်ဘူးတော့ စည်းမဲ့ကမ်းမဲ့ကို ဖြစ်နေတယ်။
မေး။ ။ ကလေးတွေရဲ့ ပညာရေးနဲ့ ပက်သက်ပြီးပြောပြပါအုံးရှင့် ဆရာ။
ဖြေ။ ။ ပညာရေးဆိုရင် ကိုဗစ်ဖြစ်ပြီးကတည်းက ပိတ်တဲ့ကျောင်းက ပိတ်နဲ့ အာဏာသိမ်းပြီးတဲ့ အချိန်ပိုဆိုး ကျောင်းတက်တာမရှိသလောက်ဘဲ၊ ကျောင်းတက်ရင်လည်း ဘာမှမသိ၊ ဘာမှမရ တိုးတက်မှုတွေလည်းမရှိဘဲ ကြောင်ကြောင်ကြီး ဖြစ်နေကြတော့ ဘာအဓိပ္ပာယ်မရှိဘူးဖြစ်နေတယ်။ ဟိုးအရင်ကတည်းကနေ တောင်ပေါ်ဒေသတွကို ဦးစားမပေးတော့ ပညာတက်တဲ့ သူတွလည်းမရှိခဲ့ဘူး၊
မေး။ ။ ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေတွေကရော ဘယ်လိုလဲ ဆရာ။
ဖြေ။ ။ကျန်းမာရေးတွေလည်း မကောင်းကြပါဘူး၊ တောင်ပေါ်ဒေသဆိုတော့ ဆေးရုံ၊ ဆေးခန်းတွေလည်း မရှိဘူး၊ ဆေးဝါးနဲ့ပတ်သက်ပြီး သိတဲ့ ဆရာမတွေလည်းမရှိဘူး၊ ပူတာအို မြစ်ကြီးနားကို သွားရတယ်၊ ဖျားနေတဲ့ လူနာတွေတောင်မှ အဖျားတွေလွန်ပြီး ရောဂါတွေနှစ်တဲ့အခါမှ ပူတာအိုရောက်တာဆိုတော့၊ အဲ့လိုမျိုး ပူတာအိုကို ခေါ်လာတဲ့ လူနာတွေနည်းတယ် မရှိသလောက်ဘဲ၊ ဆုံသွားတဲ့သူများတယ်။ ကျန်းမာရေးတွေလည်း တစ်နှစ်မှ တစ်ကြိမ်တောင်မရောက်ဘူး။
မေး။ ။ ဒီလိုမျိုးအခက်အခဲ ပြသာနာတွေကြုံတွေ့နေရတဲ့အပေါ် အဓိကတောင်းဆိုချင်တဲ့အရာတွေက ဘာတွေဖြစ်မလဲ ဆရာ။
ဖြေ။ ။ နိုင်ငံရေးအမြန်ဆုံးကောင်းဖို့ ကျွန်တော်တို့ မျှော်လင့်တာပေါ့နော်၊ အကုန်လုံးကဘဝ ပျက်နေကြပြီ၊ ဒီလိုမျိုးရေရှည် သွားလို့ မရဘူး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အကုန်ပေါ့ ငတ်ပြီးသေကြရုံဘဲရှိတော့တယ်။ အလုပ်အကိုင်တွေလည်းမရှိဘူး၊ ငွေကြေးလည်း မတတ်နိုင်ကြဘူး မြို့ပေါ်မှာတောင် အရမ်းခက်ခဲနေကြတာ ဒီမှာဆိုပိုဆိုးတာပေါ့ လမ်းပန်းဆက်သွယ်ရေး ဆိုလည်း ခက်ခဲတယ် ဆိုတော့ နိုင်ငံရေးအမြန်ဆုံးပြန်ကောင်းလာဖို့ဘဲ။
မေး။ ။ လက်ရှိမှာ အရေးကြီးဆုံးလိုအပ်တဲ့ အရာကဘာတွေဖြစ်မလဲ ဆရာ။
ဖြေ။ ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ချို့ပြည်သူတွေ လူနာတွေ အကူအညီတောင်းတာ အရမ်းများတယ်၊ ပရဟိတတွေလည်း မနိုင်တော့ဘူး နောက်ပိုင်းမှာ မလုပ်ချင်ကြတော့တဲ့ အခြေအနေထိရှိတယ်၊ ကျန်းမာရေးအတွက် ဖြေရှင်းပေးဖို့ရယ်၊ စားဝတ်နေရေးတွေ ဖြေရှင်းပေးဖို့ အဲ့တာတွေက လောလောဆယ် တောင်ပေါ်ဒေသမှာ လိုအပ်နေတယ်လို့ လူကြီးတွေကို ပြောချင်တယ်။