ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန်ကျေးရွာများကို ဖြတ်၍ စီးဆင်းနေသော ဒဘတ်ချောင်းနေရာတွင် စက်ယန္တယားကြီးများနှင့် ရွှေတူးဖော်လုပ်ကိုင်မှုကြောင့် ကျေးရွာ (၃) ရွာမှ ဒေသခံများ ရေအခက်အခဲ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
ဒဘတ်ချောင်းသည် အဆိုပါ ကျေးရွာ (၃) ရွာ၏ အဓိက မှီခိုအားထားရသည့် ချောင်းရေဖြစ်ပြီး၊ စိုက်ပျိုးရေးလုပ် ငန်းများအတွက် အပြင် သောက်သုံးရေအဖြစ်ပါ အသုံးပြုကြသည့် အရေးပါသော ချောင်းတစ်ချောင်း ဖြစ်သည်။
ဒဘတ်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက “အရင်ကဆို ကျမတို့ရွာသားတွေ ဒီဒဘတ်ချောင်းမှာပဲ ရေခပ် သောက်သုံးကြတယ်။ အခုတော့ ရေအသုံးပြုဖို့ မပြောနဲ့ ရွှံ့ရေတွေ ဖြစ်ကုန်ကြပြီ။
ထမင်းတည်ထားပြီး ချောင်းမှာ ငါး၊ ပုဇွန်တွေ သွားရှာယူပြီး ဟင်းချက်စား ကြ တယ်။ အခုတော့ အဲလိုတွေ လုပ်လို့မရတော့ဘူး။ ရေကြည် ရေသန့်တဲ့ အချိန်ဆိုတာ မရှိတော့ဘူး။ အချိန်တိုင်း ရေတွေ နှောက်နေတယ်။ သုံးမရဘူး။ အဝတ် လျှော်ရင်လည်း အဲ့ချောင်းမှာပဲ လျှော်တယ်။ အခုက အဝတ်သွားလျှော်မယ်ဆိုရင်လည်း ရေအိုင်တွေဖြစ်သွား လျှော်လို့မရတော့ ဘူး” ဟု ပြောသည်။
ကျေးရွာများနှင့် တစ်မိုင်ခန့်သာ ကွာဝေးသော နေရာတွင် တည်ရှိသည့် ဒဘတ်ချောင်း နံဘေးတစ်လျှောက်တွင် ဒေသခံများက ဝမ်းစာအတွက် လယ်ယာစိုက်ပျိုးရေးအပြင် ရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြခြင်း ဖြစ် သည်။
ဂါးရာကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက “ဒဘတ်ချောင်းကတော့ အားလုံးသိတဲ့အတိုင်း တရုတ်ပြည် နယ် စပ်ကနေ မြစ်ဖျားခံပြီးတော့ ဒီဧရာဝတီမြစ်ကို စီးဆင်းတဲ့ ဒီဒေသရဲ့ အကြီးမားဆုံး မြစ်ချောင်း၊ အရှည်လျားဆုံး ချောင်း ဖြစ်တယ်။ ချောင်းရဲ့ ဘေးပတ်လည်မှာလည်း အားလုံး ရွာတွေပဲဗျ။ ပြီးရင် တကယ်ကောင်းမွန်တဲ့ စိုက် ပျိုးရေးကောင်းတဲ့ နှုန်းတွေက ဒီချောင်းမှာပဲရှိတယ်။
ရွာတိုင်းကလည်း စိုက်ပျိုးရေးကို အခြေခံတာဖြစ်တဲ့ အတွက် ရွာတိုင်းက ဒီချောင်းကို မှီခိုကြတယ်” ဟု ပြောသည်။
သို့သော် လက်ရှိတွင် ရွှေတူးဖော်လုပ်ကိုင်နေမှုများကြောင့် ချောင်းမှရေများမှာ ရွှံ့ရေများဖြစ်ကုန်ခြင်း၊ ရွှံ့နွံအိုင် များ ဖြစ်သွားခြင်း၊ ပြဒါးများနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများမှ ထွက်သော အခြားဓာတုပစ္စည်းများ၊ စက်သုံးဆီ များကြောင့် ရေမှာ အသုံးပြု၍ မရတော့ဘူးဟု ၎င်းက ဆက်ပြောသည်။
“ဆိုတော့ ဒီချောင်းက ရွှေတူးဖော်မှုကြောင့် ရေလမ်းကြောင်းပြောင်းသွားတာပဲဖြစ်ဖြစ်၊ သောင်ထွန်းသွားတာ ပဲ ဖြစ်ဖြစ်၊ ခမ်းခြောက်သွားတာပဲ ဖြစ်ဖြစ် ဆိုလို့ရှိရင် စိုက်ပျိုးရေးကို အခြေခံတဲ့ မိသားစုတွေ အားလုံးအတွက် တော့ ဒါထိခိုက်သွားနိုင်တယ်ဗျာ။ ပြီးတော့ နောက်တစ်ခု စိုးရိမ်တာကတော့ ရွှေကျင်တဲ့နေရာမှာ သုံးတဲ့ ပြဒါး ပေါ့။ ဒီပြဒါးရဲ့ ဒဏ်ကိုတော့ တကယ်ကို စိုးရိမ်တယ်ဗျ။ အဲကြောင့်မလို့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဆိုးကျိုးတွေ ကင် ဆာကို ဖြစ်စေနိင်တဲ့ ဆိုးကျိုးတွေ၊ သန္ဒေသားကို ပျက်စီးစေနိုင်တဲ့ အနာဂတ်မျိုးဆက်တွေအတွက် ပြောရမယ် ဆိုရင် အသက်ရှင်သန်ဖို့တောင်မှ ခက်ခဲတဲ့ ကိစ္စရပ်လို့တော့ မြင်ပါတယ်ခင်ဗျာ” ဟု ပြောသည်။
လက်ရှိတွင် ချောင်းနံဘေးတွင်ရှိသည့် ဒေသခံရွာသားများ၏ ခြံများထဲတွင်လည်း ချောင်းရေ လမ်းကြောင်းများ လွဲသွားသောကြောင့် ရေတိုက်စားပြီး ကမ်းပါးပြိုကျကာ စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် မြေနေရာများပင် မကျန်တော့ဘူးဟု ဆိုကြသည်။ ဒဘတ်ကျေးရွာမှ ရွာသားများသည် ဒဘတ်ချောင်းကိုသာ အမှီပြုပြီး နေထိုင်ကြခြင်းနှင့် ဒေသခံ ၈၀ ရာခိုင်နှုန်း သည် စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ကိုင်ကြခြင်းကြောင့် ရွှေတူးဖော်လုပ်ကိုင်နေမှုကို မလိုလားဘူးဟု ဆိုကြသည်။
ဒဘတ်ချောင်း၌ ရွှေတူးဖော်နေမှုမှာ မည်သည့်အချိန်မှ စတင်ဝင်ရောက်လာသည်ကို အတိအကျ မသိရှိရသော် လည်း စက်ဖောင်ကြီးများ၊ စက်ယန္တယားကြီးများနှင့် ဝင်ရောက်တူးလာသည်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောသည်။
ဒဘတ်ချောင်းအတွင်း လက်ရှိ ရွှေတူးဖော်လုပ်ကိုင်နေသည့် ရွှေဖောင်ကြီး ၂ ခု နှင့် ရေငုတ်ကျင်းဖောင် (၅၀) ခု ရှိနေပြီး၊ ဖောင်တစ်ဖောင်လျှင် လုပ်သား အနည်းဆုံး ၆ ဦးနှုန်းနှင့် လူဦးရေ ၃၀၀ နီးပါးခန့်က ရွှေတူးနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဝိုင်းမော်မြို့နယ်ရှိ ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန်ကျေးရွာများက ဒေသခံရွာသားများသည် ၂၀၁၁ ခုနှစ်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် KIA တို့အကြားက တိုက်ပွဲများကြောင့် ဆယ်စုနှစ်တစ်စုအကြာ နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အဖွဲ့လိုက်စီခွဲ နေရပ်ပြန်နေကြခြင်း ဖြစ်သည်။