မြိတ် - ကော့သောင်းသွား ပြည်ထောင်စုလမ်းမကြီးပေါ် ဂိတ်ချစစ်ဆေးနေသည့် စစ်ကောင်စီတပ်က ဆိုင်ကယ် စီးလာသူ ညီအစ်ကို နှစ်ဦးကို PDF များဟု စွပ်စွဲပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟုဒေသခံများက ပြောသည်။
ပစ်ခတ်ခံရသူများမှာ ဥယျာဥ်ခြံလုပ်ငန်း လုပ်ကိုင်နေကြသည့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူများဖြစ်ကြကာ ရိက္ခာပစ္စည်း ဝယ်ယူရန်အတွက် ခြံထဲမှထွက်လာချိန် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် ပဝရွာသားတစ်ဦးက “သူတို့က ဂိတ်ရောက်တော့ အစစ်ဆေးခံနေချိန်မှာ စစ်သားတစ် ယောက်က PDF တွေ ဖမ်းလို့ ပြောသံကြားရတာ ကြောင့် ကြောက်ပြီးမောင်းပြေးချိန်မှာ ဝိုင်းပစ်ကြတာ“ ဟု ကိုပြည့်စုံအောင် ဆေးကုသနေစဥ် အ သက်မထွက်မှီ အချိန်က ပြောဆိုသွားခဲ့ကြောင်း ပြောသည်။
တနင်္သာရီမြို့နယ်၊ တမွတ်ချုံးကျေးရွာအုပ်စု၊ ကမ္မလိုင်းကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် ဖြတ်သန်း သွားလာချိန် စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ် ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်အနောက်မှ ထိုင်လိုက်ပါလာသည့် အကိုဖြစ်သူ ကိုသန်းလင်းချစ် ကျည်ထိမှန်ကာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး နေရာတွင် သေဆုံးသွားခဲ့သည်။
ညီဖြစ်သူ ကိုပြည့်စုံအောင် အသက် ၁၈ နှစ်မှာ သေနတ်ဒဏ်ရာများဖြင့် ပဝကျေးရွာ ဆေးခန်းသို့ မောင်းနှင် လာ နိုင်ခဲ့သော်လည်း ဆေးကုသမှုခံယူနေချိန်မှာပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ဆေးခန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နောက်ကျောပြင် နေရာများတွင် သေနတ် ကျည်ထိမှန် ဒဏ်ရာ ၃ ချက်တွေ့ရကာ ဆေးကုသနေစဥ် တစ်နာရီပါးခန့်အကြာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ် သည်ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ညီအစ်ကိုနှစ်ဦး ပစ်ခတ်ခံရသည့်အပြင် ထိုနေ့ညက အခြားဆိုင်ကယ်တစ်စီးနှင့် အမျိုးသားနှစ်ဦးကိုလည်း စစ် ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်အတွင်း မတ်လ ၁၆ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် နယ်မြေရှင်းလင်းရန် စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးတက်လာနေခြင်းသည်။
ထိုသို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ နေရာအသီးသီးထဲ ထိုးတက်လာသည့် စစ်ကောင်တပ်ဖွဲ့များနှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေသည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။