ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မံစီမြို့နယ်၊ အင်ဘာပါကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကနေ မြေရှားသတ္တုတူးဖော်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်နေတာကို အဆုံးထိ တားမြစ်ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိတူးဖော်မှုပြုလုပ်ဖို့ ပြင်ဆင်ထားတဲ့ အင်ဘာပါကျေးရွာဟာ ကချင်တစ်မျိုးသားလုံးရဲ့ တော်လှန်ရေးစတင်ခဲ့တဲ့ နေရာဖြစ်တဲ့အပြင် လက်ရှိကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ်(KBC) ဖြစ်တည်လာဖို့အတွက် ပထမဦးဆုံးသော အသင်းတော်နေရာလည်းဖြစ်တာကြောင့် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် တူးဖော်ခွင့် လုံးဝမပေးနိုင်ဘူးလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ အဆုံးစွန် ပြီးဆုံးတဲ့ချိန်ထိ ကိုယ့်ဒေသမှာ မြေရှားသတ္တုတူးဖော်တာမျိုး လုံးဝမရှိတော့တဲ့ချိန်ထိကို ကန့်ကွက်သွားမှာဖြစ်တယ်” လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတွေအနေနဲ့ ခုလိုမျိုး အဆုံးထိကန့်ကွက်နေရတာဟာ မိမိတို့ရဲ့ဒေသကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျောက်မီးသွေးတူးဖော်တဲ့အချိန်ကလို နယ်မြေတွေပျက်စီးဆုံးရှုံးမခံနိုင်တော့တဲ့အပြင် အုပ်ချုပ်တဲ့ အစိုးရတွေဘကက်ကနေ အမျိုးမျိုးလိမ်လည်ပြောဆိုမှုတွေနဲ့ မိမိဒေသထွက် သစ်တွေကို ထုတ်ရောင်းခဲ့ချိန်လည်း ရေငုံနုတ်ပိတ် နေခဲ့ရတာမျိုးတွေကို မခံစားနိုင်တော့တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့လည်း အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။
“ ကျွန်တော်တို့တွေကို ဦးဆောင်နေတဲ့ KIO/KIA ခေါင်းဆောင်တွေ ကျွန်တော်တို့ဘက်ကနေ အားကိုးနေတဲ့ ခေါင်းဆောင်တွေကနေ ဒီလိုမျိုးဒေသခံတွေဘက်ကနေ မလိုလားတဲ့ သတ္တုတူးဖော်မှုအပြင် တစ်ခြားအရာတွေကိုလည်း အရင်က အရမ်းလုပ်ခဲ့ရင်လည်း မပြောဖြစ်ခဲ့ဘူး။ ဒီလိုအရာမျိုးတွေကို ပိုပိုဆိုးတာတွေပဲ ပြုလုပ်လာကြတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့ကလည်း ဒေသခံတွေအနေနဲ့ သတ္တုတူးဖော်မှုကို မလိုလားကြောင်း လူအင်အား ၁၀၀၀ ကျော်နဲ့ သတ္တုစတင်တူးဖော်တော့မယ့် ဒိန်ဆိမ်းပါကျေးရွာက သတ္တုလုပ်ငန်းခွင်ကို သွားရောက်ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
“ သားရဲတိရိစ္ဆာန်တွေ နဲ့ လူတွေနေထိုင်ဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုဖြစ်လာမှာကြောင့် ဒေသခံတွေဘက်ကနေ အချိန်မီကန့်ကွက်နေကြတာဖြစ်တယ်” လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေဘက်ကနေ အုပ်ချုပ်သူတွေရဲ့ လုပ်ရပ်တွေနဲ့ KIO ခေါင်းဆောင်းတစ်ဦးရဲ့ “ ငါတို့မတူးရင်လည်း တစ်ခြားသူတွေတူးစားမှာပဲ” ဆိုတဲ့ ပြောဆိုမှုတွေကြောင့် ယုံကြည်မှုတွေလျော့နည်းလာပြီး အုပ်ချုပ်သူတွေဘက်ကနေ လက်ရှိ မိမိတို့ရဲ့ လုပ်ရပ်ကို ပြန်လည်ဆန်းစစ်စေလိုကြောင်း၊ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျိုးတွက်မဟုတ်ဘဲ မိမိတို့တစ်မျိုးသားလုံးအတွက် ထည့်သွင်းစဉ်းစားဖို့လည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
မြေရှားသတ္တုတူးဖော်တာမယ့်အစီအစဉ်ကို KIO ရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်ကနေ တာဝန်ယူလုပ်ဆောင်နေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကနေ စတင်ပြုလုပ်လာတာပဲဖြစ်ပါတယ်။