ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တောင်ကြီးမြို့နယ် ကံကြီးရပ်ကွက် တပေါင်းကွင်းမှာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO/PNA ရဲ့ ညွှန်ကြားမှု နဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အများစုကတော့ KNDF / PDF မလိုအပ်ကြောင်း ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သံဃာ (၃) ပါးနဲ့ အရပ်သား ၁၉ ဦး သေဆုံးမှုကြောင့် နဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဒီလို ဆန္ဒပြ ကန့်ကွက်မှု ထုတ်ဖော်ကြတဲ့အခါမှာလည်း လူမျိုးရေး ပဋိပက္ခတွေ ပါဝင်လာသလို ပအိုဝ်း နှင့် ကရင်နီ ပြည်သူတွေကြား အမုန်းကြီးပွားလာစေတဲ့ စကား အသုံးနှုန်းတွေလည်း ကြားတွေ့ရပါတယ်။
ဒီလိုမျိုး စစ်ကောင်စီ ရဲ့ ဒုတ်ကိုင်အဖြစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA က ဦးဆောင်ပြီးတော့ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင် လုပ်ပေးနေတဲ့အပေါ်မှာ ရှေ့ဆက် ပြဿနာတွေ ဘယ်လောက်ကြီးထွားလာနိုင်မလဲ ၊ ဘယ်လိုဖြေရှင်းသင့်လဲ ၊ သမိုင်းအရ ခေတ်အဆက်ဆက်က ပအိုဝ်းတိုင်းရင်းသား နဲ့ ကရင်နီ ပြည်သူလူထုတွေက ဘယ်လိုနေထိုင်ခဲ့ကြလဲ ၊ နိုင်ငံရေးမှာ လူငယ်တွေ ပြန်ပါဝင်လာအောင် ဘယ်လို လုပ်ဆောင်သင့်လဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန် ကနေပြီးတော့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်းကို ဆက်သွယ်မေးမြန်ထားပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တောင်ကြီးမြို့နယ် တပေါင်းကွင်းမှာ ပအိုဝ်းတိုင်းရင်းသားတွေ အများစု KNDF ,PDF တွေကို အလိုမရှိကြောင်း ဆန္ဒပြခဲ့တဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီ ဆန္ဒပြပွဲ နဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ဒါကျနော်တို့ ကရင်နီ နဲ့ ပအိုဝ်းကြားမှာရှိတဲ့ လူမှုရေး ပဋိပက္ခကို စစ်ကောင်စီကနေ ဖန်တီးတာဖြစ်ပါတယ်။ ပအိုဝ်းတွေ နဲ့ ကရင်နီတွေကြားမှာရှိတဲ့ အမုန်းတရားတွေကို ကြီးထွား တစ်ထပ် ကြီးထွားလာအောင် စနစ်တကျ အကွက်ချပြီးတော့ လုပ်တာဖြစ်ပါတယ်။ ဒါတွေကို ဦးဆောင်လုပ်ရတဲ့ PNO/PNA ဆိုတာကလည်း ၂၀၁၀ ခုနှစ်မှာ အပစ်ခတ် ရပ်စဲရေး အဖွဲ့ကနေပြီးတော့မှ ပြည်သူ့စစ် အဖြစ်ကနေ အသွင်ပြောင်းဌာနေ ဖြစ်ပါတယ်။ အဲ့တော့ အသွင်ပြောင်း ဌာနေ ပြည်သူ့စစ် ဖြစ်တဲ့အတွက် စစ်တပ်ရဲ့ အမိန့်ကွပ်ကဲမှု အောက်ကနေ ရပ်တည်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒါကို ဦးဆောင်တဲ့ သူတွေက ဒီပအိုဝ်းပြည်သူ့စစ်တွေဖြစ်ပါတယ်။ သူ့ရဲ့ အထက်မှာ အမိန့်ညွှန်ကြားမှုကို ကိုင်ထားတာ စစ်တပ်က ဖြစ်ပါတယ်။ ဒါကြောင့်မလို့ စစ်တပ်ကနေ ကျနော်တို့ ပြည်သူလူထုကို အကြပ်ကိုင်ပြီးတော့ ခြိမ်းခြောက်ပြီးတော့ ဒီလို ဆန္ဒပြပွဲတွေကို လုပ်ခိုင်းတာ ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲမှာ ယှဉ်ကြည့်ရမယ်ဆိုရင် ဒီ CDM လူထုက အရေးတော်ပုံကြီး စတင်ခဲ့တဲ့အချိန်မှာ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူတွေနဲ့ အတူ ပအိုဝ်းပြည်သူတွေကလည်း ပါဝင်ခဲ့ကြတယ်။ အထူးသဖြင့် တောင်ကြီးမြို့မှာဆိုရင် ပအိုဝ်းဝတ်စုံတွေဝတ်ပြီး ပါဝင်ဆင်နွှဲခဲ့ကြတယ်။ အဲ့ဒီ နွေဦးတော်လှန်ရေးမှာ ဆန္ဒပြပွဲမှာပါတဲ့ ပအိုဝ်းလူထုတွေက တက်တက်ကြွကြွ ခံစားချက်ပြင်းပြင်း နဲ့ ပါဝင်နေတဲ့ပုံ နဲ့ ဒီ ၁၅ ရက်နေ့က တပေါင်းကွင်းထဲမှာလုပ်တဲ့ လူထုရဲ့ မျက်နှာတွေ ခံစားချက်တွေကြည့်ရင် အများကြီး ကွာမှာဖြစ်ပါတယ်။ ၁၅ ရက်နေ့ တပေါင်းကွင်းကိုလာကြတဲ့ ပအိုဝ်းပြည်သူတွေရဲ့ မျက်နှာကို ကြည့်မယ်ဆိုရင် သူတို့ မျက်နှာက မကောင်းဘူး။ သူတို့ မလုပ်ချင်တဲ့ အလုပ်တစ်ခုကို အတင်းကြပ် လုပ်ခိုင်းစေလို့ လုပ်နေရတယ်ဆိုတာ ထင်ရှားတယ်။ စုပေါင်းပြီးတော့မှ ချီတက် ဆန္ဒပြတာတွေ လုပ်တာမဟုတ်ဘူး။ ကွင်းထဲကို လာရောက်ကြတယ်။ ဒါတစ်အိမ် တစ်ယောက် အတင်းကြပ် လာခိုင်းထားလို့ လာရတဲ့ ပုံစံမျိုးတွေ ဖြစ်တယ်။ မျက်နှာတွေ မသာမယာ ဖြစ်နေကြတယ်။ ပြီးတော့ သူတို့ ဗွီနိုင်းပိုစ့်စတာတွေနဲ့ သူတို့ကို ဓာတ်ပုံရိုက်ခိုင်းထားတာ ရိုက်ခံရတဲ့ သူတွေရဲ့ မျက်နှာတွေကို ကြည့်မယ်ဆိုရင် တစ်ယောက်မှ ပျော်ရွှင်နေပြီး ဓာတ်ပုံရိုက်ခံထားရတာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သက်သေအနေနဲ့ ပြထားနိုင်တာပေါ့နော်။ အထူးသဖြင့် ကယန်းတွေ အပါဝင် ကရင်နီများနဲ့ ပအိုဝ်းတွေ ကြားမှာ ပဋိပက္ခ ဖြစ်ရမယ်ဆိုတာ ဘယ် ပအိုဝ်း ပြည်သူလူထုကမှ မနှစ်ခြိုက်ပါဘူး။ ဒါသူတို့ အသုံးချနေရတယ်ဆိုတာ သူတို့သိတယ်။ သို့သော် ရုန်းမထွက်တဲ့အတွက်ကြောင့် ဒီလိုအဖြစ်ကို ကြုံတွေ့နေရတာဖြစ်ပါတယ်။
မေး ။ ။ ဒီလို သွေးခွဲမှုဖြစ်အောင် စစ်ကောင်စီကလည်း PNO ကို လက်ကိုင်ပြီး လုပ်ဆောင်နေမယ်ဆိုရင်ကော ရှေ့ဆက်ဒီလို လူမျိုးရေး ပြဿနာတွေက ဘယ်လောက်ထိ ကြီးထွားလာနိုင်မလဲ။
ဖြေ ။ ။ အခုခေတ်မှာတော့ သတင်းမှားတွေနဲ့ လှုံဆော် ဝါဒဖြန့်ပြီးတော့မှ လုပ်နေကြတယ်။ သို့သော်လည်းပဲ ကျနော်တို့ ကရင်နီ ရဲ့ ပအိုဝ်းရယ် သမိုင်းကြောင်းအရ ကျနော်တို့ သွေးရင်းသားရင်း ညီအကိုမောင်နှမ အရင်းလို့ သတ်မှတ်ကြတယ်။ အပြန်လှန်ခံယူကြတဲ့ သူတွေဖြစ်ပါတယ်။ အခုချိန်ထိ ပင်လောင်းမှာဆိုရင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ဆိုသော်လည်း ပအိုဝ်းတွေကြီးနေတာမဟုတ်ဘူး။ အထူးသဖြင့် ကယန်းရွာတွေလည်း အများပြားရှိပါတယ်။ ကျနော်တို့ ပအိုဝ်းရှိရင် ကယန်းရှိတယ်။ ကယန်းရှိရင် ပအိုဝ်းရှိတယ်လို့ ပြောရလောက်အောင် ကျနော်တို့ အတူယှဉ်တွဲပြီး နေထိုင်ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ပင်လောင်းမှာ သျှမ်း နဲ့ ဗမာ အပါဝင် တစ်ခြားတိုင်းရင်းသားတွေလည်း နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်လို့ရှိရင် အမုန်းတရားတွေ ကြီးထွားအောင် ဘယ်လိုပဲ လုပ်လုပ် ရှိခဲ့တဲ့ သမိုင်းကြောင်းတွေ နဲ့ ဒါတွေကို ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်း နဲ့ ဆောင်ရွက်သွားနိုင်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ နောက်တစ်ခု ပြောပြချင်တာကတော့ ကရင်ရယ်၊ ကရင်နီရယ် ပအိုဝ်းတို့က သမိုင်းကြောင်း အရ ဆင်းသက်မှုအရ နီးစပ်မှုရှိယုံတွေ မကပါဘူး။ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးမှာလည်း သွေးသောက် ညီအကို မောင်နှမတွေ ဖြစ်ကြပါတယ်။ ဒီ စစ်အာဏာရှင် စနစ်ဆိုး နဲ့ မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင် တိုက်ဖျက်မယ်ဆိုတဲ့ မူကို အခြေခံပြီး ဖွဲ့ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစုတို့ ကရင်ကော၊ ကရင်နီကော ပအိုဝ်းရော အတူတကွ ပါခဲ့ကြပါတယ်။ အဲ့တော်လှန်ရေးတပ်ပေါင်းစုတွေမှာလည်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး တော်လှန်ရေးတပ်ပေါင်းစုတွေမှာလည်း ကျနော်တို့ အတူတူ ပူးပေါင်း ပါဝင်ခဲ့ကြတဲ့ သမိုင်းအခြေခံတွေ ရှိပါတယ်။ ဒါကြောင့်မလို့ စစ်ကောင်စီက ဘယ်လိုဝါဒတွေ ဖြန့် ၊ လုပ်သည်ဆိုသည်ကာမှု ဒီဟာ အောင်မြင်ဖို့မရှိပါဘူး။
မေး ။ ။ ဟုတ်ကဲ့။ ဒီလို လူမျိုးရေး ပြဿနာကို ရှေ့ဆက်မှာလည်း ဆက်မကြီးထွားသွားနိုင်အောင် ဘယ်လိုမျိုး ဖြေရှင်းသွားသင့်ပါသလဲ။
ဖြေ။ ။ ဒါကတော့ အထူးသဖြင့် ဒီလို ကိစ္စတွေဖြစ်တဲ့အခါမှာ ကျနော်တို့ သက်ဆိုင်ရာ နိုင်ငံရေး တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ၊ ဒါတွေလုပ်ဖို့ လိုပါတယ်။ ပအိုဝ်းတွေ ကရင်နီမှာရှိတဲ့ အရပ်ဖက် လူမှုအဖွဲ့စည်းတွေရဲ့ သဘောထားတွေ ပြောဆိုချက်တွေကအစ အရေးကြီးပါတယ်။ ဒီလို လူထုကြားမှာ ဒီလိုဖြစ်နေတဲ့ ပြဿနာတွေကို ကျနော်တို့ အားလုံးတို့က ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
မေး ။ ။ အထက်မှာပြောခဲ့တဲ့ အတိုင်းဆိုရင် PNO/PNA တပ်ဖွဲ့က လူမျိုးရေးကို ခွဲအောင်လုပ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကော PNO/PNA ကို ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ ဒါကတော့ PNO/PNA ရဲ့ နာယက ဖြစ်တဲ့ ဦးအောင်ခမ်းထီ နဲ့ PNO/PNA ခေါင်းဆောင်တွေရဲ့ ဒီနေ့ စစ်ကောင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ပေးဖို့ ကျနော်အနေနဲ့ ပန်ကြားခဲ့ပါတယ်။ ဒီကိစ္စကိုလည်း ကျနော်ကနေပြီးတော့ သျှမ်းသံတော်ဆင့်ကနေပြီးတော့မှ PNO/PNA ခေါင်းဆောင်တွေအနေနဲ့ အမြန်ဆုံး ပြန်လည် သုံးသပ်ပေးကြဖို့ ကျနော်တို့ ဒီကနေ ပန်ကြားပါတယ်။
မေး ။ ။ အခုလို ဆန္ဒပြပွဲတွေ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာကော၊ အဓိကတော့ နမ့်နိန်းကိစ္စဖြစ်ပြီးနောက်ပိုင်းမှာပေါ့ ပင်လောင်းမြို့နယ်ထဲသို့ စစ်ဘေးရှောင်တွေ၊ အဓိက ကယန်းလူမျိုးတွေကိုလက်မခံဖို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားလာတာတွေလည်း တွေ့နေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ကော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ကရင်နီ နဲ့ ပအိုဝ်းတွေက အတူယှဉ်တွဲ နေထိုင်လာကြတယ်။ အထူးသဖြင့် ပအိုဝ်းတွေ ဒုက္ခရောက်တဲ့အချိန်မှာ ကယန်းအပါဝင် ကရင်နီ လူထုတွေက စောင့်ရှောက်ခဲ့တယ်ဆိုတာကို ဒီနေ့ လူငယ်တွေ နောက်မျိုးဆက်သစ်သူတွေ သိရှိဖို့ လိုတယ်။ အဲ့ဒါတွေကို ကျနော်တို့ ထပ်ခါထပ်ခါ ပြောကြားပေးချင်ပါတယ်။ ပအိုဝ်း နဲ့ ကရင်နီတွေက သမိုင်းတစ်လျောက်မှာ အပြန်အလှန် စောင့်ရှောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ၁၉၈၄ ခုနှစ် မတ်လမှာ ခွန်ဆာရဲ့ MTA တပ်တွေက အရင်တုန်းကတော့ PNO/PNA ရဲ့ ဥက္ကဌ အခုတော့ PNO/PNA နာယက ဦးအောင်ခမ်းထီတို့ ရှိနေတဲ့ ထိုင်း – မြန်မာနယ်စပ်က မယ်အော့ ဒေသက စခန်းကို ခွန်ဆာရဲ့ MTA တပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့လို ဝင်ရောက်စီးနင်းပြီးတော့ သိမ်းပိုက်ခံလိုက်ရတဲ့အခါမှာ အဲ့ဒီတုန်းက PNO/PNA ဥက္ကဌ ဖြစ်တဲ့ ဦးအောင်ခမ်းထီနဲ့ PNO/PNA တပ်ဖွဲ့ဝင်တွေက ကရင်နီပြည်မှာ သွားရောက်ခိုလှုံခဲ့ရတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီ ပြည်သူလူထုဆီမှာ နိုင်ငံရေး ခိုလှုံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီ ကာလတွေမှာ ကရင်နီပြည်သူလူထုတွေကနေပြီးတော့ ဦးအောင်ခမ်းထီ နဲ့ PNO/PNA တပ်ဖွဲ့ဝင်တွေကို ကျွေးမွေးစောင့်ရှောက်ခဲ့သလိုပဲ လုံခြုံမှုကိုလည်း ပေးခဲ့တာဖြစ်ပါတယ်။
အခု ဒီလိုစစ်ဘေးရှောင်တွေဖြစ်လာတဲ့အခါမှာ ကျနော်တို့ ပအိုဝ်းပြည်သူတွေကလည်း ဒါကို လှိုက်လှိုက်လှဲလှဲ နဲ့ မောင်နှမတွေကြားမှာ ပြန်ပြီးတော့ စောင့်ရှောက်ခွင့်ရတာကိုပဲ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ အခုလို မောင်းပြန်ခိုင်းနေတာကတော့ ပအိုဝ်းလူတွေရဲ့ ဆန္ဒအရ မဟုတ်ပါဘူး။ ဒါကတော့ စစ်ကောင်စီရဲ့ အထက်အဆင့်ဆင့် ညွှန်ကြားမှုတွေနဲ့ မောင်းထုတ်ခိုင်းနေတာလို့ပဲ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ လူထုကြားမှာ သိရှိလာအောင် ကျနော်တို့ ပြောရမယ်။ ဒီပေါ်မှာ ရပ်တည်ရုန်းကန်လာအောင် ပြောရမှာဖြစ်ပါတယ်။
မေး ။ ။ အခုလို ကြည့်မယ်ဆိုရင် လူငယ်တွေကိုလည်း စစ်ကောင်စီက နိုင်ငံရေးထဲ စိတ်မဝင်စားလာအောင် လုပ်နေတယ်လို့ ကော ပြောလို့ရမလား။
ဖြေ။ ။ လူငယ်တွေကို နိုင်ငံရေးထဲကို စိတ်မဝင်စားလာအောင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၆၂ ခုနှစ်ကတည်းက လုပ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေး ဖွံ့ဖြိုးခွင့် တိုးတက်ခွင့်ကို မပေးခဲ့တာတော့ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက စစ်အာဏာရှင်ဆက်ဆက်မှာ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး သားကြောကိုဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ဖြတ်တောက်ခဲ့တာကတော့ ၁၉၈၈ အာဏာသိမ်းပြီး ကတည်းက ဖြစ်ပါတယ်။ အဲ့တာတော့ ကျနော်တို့ PNO/PNA က ၁၉၉၁ မှာ အပစ်ခတ် ရပ်စဲရေးလုပ်ပြီးတဲ့နောက်မှာ စစ်အုပ်ချုပ်ရေးအောက်မှာပဲ ကြီးပြင်းရတဲ့ အခါကျတော့ ကျနော်တို့ ပအိုဝ်းလူငယ် လူထုတွေကို နိုင်ငံရေးအရ သင်ကြားပေးတာ၊ နိုင်ငံရေးအရ မျက်စိဖွင့်တာမျိုးတွေ မလုပ်နိုင်တော့ပါဘူး။ ဘယ်နေရာမှာမှ နိုင်ငံရေးအကြောင်း သင်တန်းပေးတာမျိုး မရှိပါဘူး။ ကျနော်တို့ တိုင်းပြည်က ပအိုဝ်းဒေသ တွေမကပါဘူး တစ်ပြည်လုံးမှာ ကျနော်တို့ နိုင်ငံရေး သားကြောဖြတ်ခံရတာ ဖြစ်ပါတယ်။ အဲ့ဒီ ကနေ ကျနော်တို့ ရုန်းထွက် ရုန်းကန်ရမှာဖြစ်ပါတယ်။
မေး ။ ။ ခေတ်အဆက်ဆက်မှာ လူငယ်တွေကို နိုင်ငံရေးထဲ စိတ်မဝင်စားလာအောင် ရိုက်ချိုးလာခဲ့တဲ့အပေါ်မှာကော ၊ အခုထိလည်း လူငယ်တွေ နိုင်ငံရေးထဲ စိတ်မဝင်စားလာအောင် လုပ်နေတဲ့အပေါ်မှာကော ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ ဒါတွေကို စစ်အာဏာရှင်တွေက ဘယ်လိုပဲ လုပ်သည်ဆိုစေကာမှု ဒီနေ့ခေတ်ကြီးက အရင်လို မဟုတ်တော့ပါဘူး။ အရင်ကဖြစ်ခဲ့တဲ့ အခြေနေနဲ့ မတူတော့ပါဘူး။ အခုဆိုရင် နိုင်ငံတကာ ပြည်သူလူထု၊ နိုင်ငံတကာ အသိုင်းဝိုင်းတွေ၊ မိသားစုတွေ နဲ့ ကျနော်တို့ တိုက်ရိုက် ချိတ်ဆက်လုပ်ကိုင်နေကြတယ်။ ကမ္ဘာကြီးမှာ ဆက်သွယ်ရေး နည်းပညာတွေလည်း အများကြီး တိုးတက်လာကြပြီ။ နိုင်ငံတကာမှာ ဘယ်သူတွေ ဘယ်လိုတိုးတက်နေတာလဲဆိုတာ လူငယ်တွေကလည်း သိနေကြပြီး ဖြစ်ပါတယ်။ ဒီအခြေခံတွေကပဲ ဒီနေ့အခါမှာ ဘယ်လိုပဲ ပိတ်ပိတ် ဒီခေတ်ကြီးမှာ ပိတ်လို့မရတော့ပါဘူး။ ဒါကြောင့်မလို့ စစ်အာဏာရှင် စနစ်ကလည်း တကယ်ကျဆုံးကို ကျဆုံးရမှာဖြစ်ပါတယ်။ ဒီကနေ့ လူငယ်တွေက မလုပ်နိုင်မကိုင်နိုင်သေးလို့ ဒါအခြေနေ အခွင့်လမ်းမသာလို့ မလုပ်နိုင်ကြသေးတာပဲဖြစ်မယ်။ ဘယ်သူကမှတော့ ဒီစစ်အာဏာရှင် စနစ်ကြီးနဲ့ အာဏာရှင်တွေ အုပ်ချုပ်တာကို ဘယ်သူမှတော့ မယုံကြည်ကြတော့ပါဘူး။
မေး။ ။ ဒီ ဆန္ဒပြပွဲမှာလည်း လူငယ်တွေကို မတွေ့မြင်ခဲ့ရဘူးပေါ့နော်။ အများစုကတော့ အသက်ကြီးပိုင်းတွေဖြစ်ကြပါတယ်။ ဒီလိုလူငယ်တွေ မရှိတဲ့ ဆန္ဒပြပွဲမှာကော ဘယ်လိုသုံးသပ်မိပါလဲ။
ဖြေ။ ။ လူငယ်တွေကို မတွေ့ရတဲ့ အထဲမှာတော့ အခုဆိုရင် ပအိုဝ်းနယ်မှာဖြစ်နေတဲ့ လူငယ်တွေကို လိုက်ပြီးတော့မှ အတင်းအဓမ္မ စစ်သားတွေ စုဆောင်းတာတွေ လုပ်နေတဲ့အတွက် ကျနော်တို့ ပအိုဝ်းလူငယ်တွေ မိမိတို့ရှိရာ ဒေသကနေ ထွက်ပြေးရတယ် ဆိုတဲ့ဟာလည်း ထင်ရှားစေသလို အထူးသဖြင့်တော့ ဒီထိုင်းနိုင်ငံကို လာပြီးတော့ ပအိုဝ်းလူငယ်တွေ အများအပြား ထွက်ပြေး တိမ်းရှောင်ရင်းနဲ့ ဒီ နိုင်ငံမှာ ရောက်ရှိခိုလှုံပြီးတော့ သူတို့ဘဝအတွက် ဆက်လက်ကြိုးစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ ဒီဆန္ဒပြပွဲတွေမှာ တကယ့်တကယ်မှာလည်း ပအိုဝ်းဒေသတွင်းမှာ လူငယ်တွေ အများပြား မရှိကြတော့ပါဘူး။ သူတို့ စစ်တပ်ကနေပြီးတော့ PNO ကနေ စစ်သားကောက်နေတာကနေပြီးတော့ ရှောင်ပြေးနေရတာဖြစ်ပါတယ်။ ထိုနည်းတူပဲ ဒီလိုရှောင်ပြေးရင်းနဲ့ နိုင်ငံရပ်ခြားတွေ ထွက်ကြတာ အများပြားဖြစ်ပါတယ်။ အဲ့ကြောင့် ဆန္ဒပြပွဲမှာလည်း သက်ကြီးရွယ်အိုတွေကိုပဲ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆန္ဒပြပွဲကို လူငယ်တွေလာရင် လူငယ်တွေ စစ်တပ်ထဲကို ပြည်သူ့စစ်ထဲကို ထည့်လိုက်မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း အများပြားရှိနေကြတာဖြစ်ပါတယ်။