လဝါးကျေးရွာဘက်က ဒေသခံပြည်သူ(၉)ဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး KIAဘက်က ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှုများ ပြီးစီးတော့မည်ဖြစ်ကြောင်း အကြောင်းပြန်လာဟုဆို

လဝါးကျေးရွာဘက်က ဒေသခံပြည်သူ(၉)ဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး KIAဘက်က ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှုများ ပြီးစီးတော့မည်ဖြစ်ကြောင်း အကြောင်းပြန်လာဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာဘက်က ဒေသခံပြည်သူ(၉)ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး KIAဘက်က ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးတော့မှာ ဖြစ်ကြောင်း အကြောင်းပြန်လာတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကော်မရှင်အသီးသီးကနေ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားလုပ်ဆောင်နေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အခါ အရပ်သားပြည်သူတွေ ဖွဲ့စည်းထားတဲ့ကော်မရှင်နဲ့ KIA ဘက်က ဖွဲ့စည်းထားတဲ့ ကော်မရှင်အဖွဲ့တွေ တွေ့ဆုံပြီး အမှုအတွက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အမှုမှန်ပေါ်ပေါက်ဖို့ ပါဝင်ကူညီနေတဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“KIAဘက်က ကော်မရှင်နဲ့ ပြည်သူတွေဘက်က ကော်မရှင်တွေ နှစ်ဖက်အမြင်ဖလှယ်ဖို့ပဲ လိုတော့တယ်။ သူတို့ဘက်ကရော စစ်ဆေးပြီး စာစုနေသေးတဲ့အချိန်ပေါ့။ သူတို့ဘက်ကရော ကြိုးစားနေဆဲ ဖြစ်တယ်။ ပြည်သူတွေဘက်ကရော ဒီအမှုဘယ်လို ဖြစ်လာလဲဆိုတာ စုံစမ်းပြီးထားပြီးတော့ တွေ့ဆုံလာမှာဖြစ်တယ်။ သူတို့ဘက်ကရော ပြီးစီးခါနီးပြီဆိုပြီး အကြောင်းကြားလာကြတယ်။ တွေ့ဆုံပြီးဆုံးဖြတ်တာတွေ လုပ်လာမှာ ဖြစ်တယ်” လို့ အထက်ပါအမျိုးသားက လက်ရှိအမှုအခြေအနေကို ရှင်းပြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူတွေအနေနဲ့ သေဆုံးသွားသူတွေအတွက် အမှန်တရားကို ထုတ်ဖော်ပေးဖို့ လိုလားနေကြပါတယ်။

“ဘယ်တော့ဆိုတာ အတိအကျ မပြောတတ်သေးဘူး။ ဒါပေမဲ့ ဒီအတောအတွင်းတော့ သူတို့ ပြန်အကြောင်းကြားလာပါလိမ့်မယ်။ အရမ်းတော့ မကြာလောက်တော့ဘူး။ မကြာခင် သူတို့ စစ်ဆေးထားတဲ့ဟာနဲ့ ကျွန်တော်တို့ စုံစမ်းထားတာတွေကို ပေါင်းစည်းရမယ်။ ပြီးတော့ ပြည်သူတွေဆီ ထုတ်ပြန်မှာ ဖြစ်တယ်”လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး KIA ဘက်ကလည်း အမှုမှာပါဝင်ပတ်သက်သူတွေကို စစ်ဆေးနေဆဲ အခြေအနေဖြစ်တယ်လို့ KIO/ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

သေဆုံးသွားသူ (၉)ဦးဟာ မိတ်ဆွေတွေ ဖြစ်ကြပြီး ဆားမှော်၊ နမ္မတီး၊ ဗန်းမော် အစရှိတဲ့ နေရာဒေသအသီးသီးကနေ လာရောက်ပြီး သူငယ်ချင်းဖြစ်သူ မိုးကောင်းမြို့နေ ဦးကျော်စိုးဆိုသူရဲ့ လဝါးကျေးရွာဘက်က စိုက်ပျိုးရေးခြံဘက် ငါးဖမ်းထွက်တဲ့အချိန် KIA/PDFတွေကနေ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် လဝါးကျေးရွာနဲ့ (၂)မိုင်လောက်ဝေးတဲ့ နေရာမှာ (၇)ပေလောက်ကျယ်ဝန်းတဲ့ ကျင်းတစ်ခုမှာ (၇)ဦးရဲ့ အလောင်းကိုတွေ့ရတဲ့အပြင် နောက်ထပ်တစ်ကျင်းမှာတော့ (၂)ဦးကို မြုပ်ထားတာ တွေ့ရတယ်လို့လည်း သိရပါတယ်။

အထက်ပါ ဒေသခံ (၉)ဦးတို့ဟာ အသက် ၂၀ ကျော်ကနေ ၅၀ ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး မိုးကောင်းမြို့က ဦးကျော်စိုး၊ ဆားမှော်ကျေးရွာက မခေါန်ဘူ၊ မနန်လွမ်တို့ နှစ်ဦး အပြင် ဗန်းမော်မြို့ဘက်က ဦး လဇွမ်တူးလွမ်၊ ထွန်းအေး(မာရှောင်)၊ ဦးရှဲ့၊ ဦးထွန်းယုံနဲ့ ကိုဖိုးတုတ်တို့ ဖြစ်ပြီး ဦးယော်ဟန်ကတော့ နမ္မတီးမြို့က ဖြစ်တယ်လို့ သိရပါတယ်။

သတ်ခံလိုက်ရတဲ့ ဒေသခံ(၉)ဦးနဲ့ပတ်သက်ပြီး ဘယ်အကြောင်းအရင်းတွေကြောင့် သတ်ခံရတယ်ဆိုတာကို အကြောင်းစုံသိရဖို့ စုံစမ်းစစ်ဆေးတာတွေ ကြိုးစားလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...