ပြည်ပရောက် နိုင်ငံသားများ၏ သားသမီးများအား မွေးစာရင်းထုတ်ပေးရေး လျှောက်ထားနိုင်ပြီဖြစ်ကြောင်း NUG အသိပေးကြေညာ

ပြည်ပရောက် နိုင်ငံသားများ၏ သားသမီးများအား မွေးစာရင်းထုတ်ပေးရေး လျှောက်ထားနိုင်ပြီဖြစ်ကြောင်း NUG အသိပေးကြေညာ

ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသည့် သားသမီးများအား မွေးစာ ရင်းလက်မှတ်ထုတ်ပေးနိုင်ရေး လျှောက်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင် စုဝန်ကြီး ဦးလွင်ကိုလတ်က မတ်လ(၁)ရက်နေ့တွင် အသိပေးကြေညာချက်ထုတ်ပြန်သည်။

အဆိုပါအသိပေးကြေညာချက်အား ဦးလွင်ကိုလတ်က ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MoHAI)၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး လျှောက်ထားမှုများအား မတ်လ (၁)ရက်နေ့မှစတင်၍ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လျှောက်ထားသူများသည် NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MoHAI) ဝက်ဘ်ဆိုက်( https://mohai.nugmyanmar.org/ )နှင့် ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာဖြစ်သော Immigration Department of MoHAI-NUG တို့မှတဆင့် ဆက်သွယ်ချိတ်ဆက်၍ လျှောက်ထားနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

မွေးစာရင်းလတ်မှတ်များထုတ်ပေးခြင်းနှင့်ပတ်သက်၍ MoHAI-NUG လှုမှုကွန်ယက်စာမျက်နှာ၏ ပြန်ကြားရေးတာဝန်ရှိသူက “ အစိုးရတစ်ရပ်အနေနဲ့ဖြစ်စေ၊ ဝန်ကြီးဌာနတစ်ခုအနေနဲ့ ဖြစ်စေ ကိုယ့်မြန် မာနိုင်ငံသား ပြည်သူလူထုကို ထုတ်ပေးတဲ့ ကတ်၊ လက်မှတ်တွေထဲက တစ်ခုအနေနဲ့ အသိအမှတ်ပြု ထုတ်ပေးခြင်းနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။” ဟု  ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ အွန်လိုင်းလျှောက်ထားမှုစနစ်ဖြင့် ဝက်ဘ်ဆိုက်တွင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ မွေးစာရင်းလက်မှတ်များ ထုတ်ပေးရန်ဆောင်ရွက်နေသည့်အဖွဲ့မှ လာရောက်လျှောက် ထားမှုနှင့် ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အလျင်းသင့်သလို ထုတ်ပြန်ပေး သွားမည်ဖြစ်ပြီး ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာတွင် လျှောက်ထားမှုနဲ့သက်ဆိုင်သောအကြောင်းအရာများအား လက်ခံဖြေကြားပေးသွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

NUG ၏ ကြေညာချက်နှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက “မိဘတွေ ကိုယ့်နိုင်ငံကိုယ်ပြန်ရင် သားသမီးတွေကလည်း မြန်မာနိုင်ငံသားအနေနဲ့ပဲ ပြန်ရမှာဆိုတော့ ကောင်းတာပေါ့။ မဟုတ်ရင် မိဘက မြန်မာနိုင်ငံသား၊ သားသမီးက  ဩစတေးလျနိုင်ငံသား ဖြစ်နေမှာ။ သူတို့ မြန်မာနိုင်ငံမှာ နေချင်ရင် ကိုယ့်နိုင်ငံကိုယ်ပြန်တာတောင်မှ  Visa လျှောက်၊ ဘာညာဖြစ်ကုန်မှာလေ။ ခုဆို အဆင်ပြေသွားတာပေါ့။ ”ဟု ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား နိုင်ငံတကာမှ အသိအမှတ်ပြု၍ တရားဝင်အစိုးရအဖြစ် ရေရှည်တည်တံ့ခိုင်မာနိုင်ရန်အတွက် သင့်လျော်သော ကူညီပံ့ပိုးမှုများထောက်ပံ့ပေးရန်၊ စစ်ကောင်စီသည် တရားမဝင်အဖွဲ့အစည်းဖြစ်၍ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ရွေးကောက်ပွဲအား နည်းပညာပိုင်းဆိုင်ရာအကူအညီများ မပေးကြရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန်အန်ဒရူး က ယခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့က တိုက်တွန်းပြောဆိုထားသည်။

January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...