ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကော့သောင့်ခရိုင်အတွင်းရှိ ရာအိမ်မှူးတစ်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီခန့် ကော့သောင်းခရိုင်ထဲက ရွာသစ်ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးလင်းထွန်းအောင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးစိန်တို့ နေအိမ်တွင်ရှိနေစဉ် အမည်မသိ လူ ၅ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ရွာသားတွေကို PDF တွေနဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီးဖမ်း ခိုင်းတာတွေ၊ သတင်းပေးတာတွေ လုပ်နေတာကြောင့် သူတို့ လင်မယားကို PDF အဖွဲ့တွေကမကြာခဏ သတိ ပေးတာ ခံရဖူးတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲ၊ ရှမ်းကိုးရွာအပိုင် အောင်ချမ်းသာကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရာအိမ်မှူးလင်မယား နှစ်ဦးအား ပစ်ခတ်ရှင်းလင်းမှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြု လုပ်ခဲ့ခြင်းဖြစ်သည် ဟု ကြေငြာချက်အမှတ် ၄/၂၀၂၃ ဖြင့် ထုတ်ပြန်ထားသည်။
ပစ်ခတ်ရှင်းလင်းခဲ့လိုက်ရသည့် ဇနီးမောင်နှံ ၂ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ နေရာများကို စစ် ကောင်စီထံ သတင်းပေးခြင်း၊ ကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည့် အတွက် ရေရှည် တွင် ကာကွယ်ရေးအဖွဲ့ ရဲဘော်များနှင့် ပြည်သူတို့၏ လုံခြုံရေးပိုင်း ထိခိုက်လာနိုင်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ၏ သတင်းပေး၊ ဒလန်၊ ထောက်တိုင်များအပြင် ၎င်းတို့နှင့်ပတ်သက်သူများ၊ လက်နက် ကိုင်များကိုလည်း စစ်ရေးအရှိန်မြှင့် ရှင်းလင်းသွားမည်ဟုလည်း ရေးသားထားသည်။ ရာအိမ်မှူးလင်မယား နှစ်ဦးအား ပစ်ခတ်ရှင်းလင်းမှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါကြောင်းကိုလည်း အသိပေးထား သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ကလည်း ရှမ်းကိုးကျေးရွာဒေသ ဝိုင်ဒင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည် သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပြီး ဒေသခံ အယောက် ၁၄၀ နီးပါး ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများကပြောသည်။