မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာတွင် မူလတန်းကျောင်းအုပ် ဆရာမကြီးတစ်ဦး ဖမ်း ဆီးသတ်ဖြတ်ခံရသည်ဟု ဒေသခံများက ပြောသည်။
တဂေးချောင်းဖျားကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးဆိုသူသည် ဖေဖေါ် ဝါရီလ ၂၃ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်က တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းတွင် ရှိ နေစဥ် အမည်မသိလက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “နေ့လည် ၁၂ နာရီကျော်ကျော်လောက်မှာ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ လူတစ်စုကဆိုင် ကယ်နဲ့ ကျောင်းကိုရောက်လာပြီးတော့ ဆရာမကြီးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်၊ အဲနောက်မှာတော့ ဆရာ မကြီးကို ရွာအပြင်ဘက်ကားလမ်းဘေးမှာ ပစ်သတ်သွားတယ်၊ ဘာအကြောင်း ကြောင်းကြောင့် လုပ်တာတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ပြောသည်။
လက်နက်များကိုင်ဆောင်ထားသည့် ဆိုင်ကယ်နှစ်စီးဖြင့် လူ ၄ ဦး ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမကြီးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကျောင်းအုပ်ဆရာမကြီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရွာအပြင်ဘက် တဂေးချောင်းဖျား- ငှက်ပျောတော ကားလမ်းဘေးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်ဟု လည်း ဒေသခံများက ပြောသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး၏ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် ကျိုက် ထိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ကူညီပေးခဲ့သူများက ပြောသည်။
ဒေါ်နွယ်နွယ်ဦးသည် ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်နေသူဖြစ်ပြီး တဂေးချောင်းဖျားကျေးရွာရှိ မူလတန်း ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည် ဟု ဆိုကြသည်။
တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်နွယ်နွယ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဖြစ် စဥ်သည် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ လက်ချက်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုနေသော်လည်း ကျောင်းအုပ်ဆရာမကြီးကို မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ကိုမူ ယနေ့အချိန်ထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကျိုက်ထိုမြို့နယ် အတွင်း၌ လက်သည်မပေါ်သည့် အရပ်သား သတ်ဖြတ် ခံရသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေသည်ဟု မြို့ခံများက ပြောသည်။ အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေးပါတီဝင်များ သတ်ဖြတ်ခံရသည့် ဖြစ်စဥ်များလည်း မကြာခဏဖြစ်ပွားလေ့ ရှိ သည်။