ပင်လုံစာချုပ်အရ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လိုအပ်

ပင်လုံစာချုပ်အရ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လိုအပ်
၁၉၄၇ ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်။ Credit BNI
၁၉၄၇ ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်။ Credit BNI

မင်းအစိုင်း၊ — အနာဂတ်မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် သို့ မဟုတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်ဟု စစ်ကောင်စီနှင့် အမျိုးသားညီညွတ်‌ရေးအစိုးရတို့က အသီးသီး ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါ ပြည်ထောင်စုကို မည်ကဲ့သို့သော ပုံစံဖြင့် တည်ဆောက်မည်ဆိုသည်ကို ၎င်းအဖွဲ့အစည်းများက ပြောကြားထားခြင်း မရှိသေးပေ။

လက်ရှိ စစ်ကောင်စီကို တိုက်ခိုက်ပြီးပါက အတိုက်အခံတော်လှန်ရေးအင်အားစုများ အနေဖြင့် ဘာဆက်လုပ်ကြမည်နည်း။ ပင်လုံညီလာခံကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံမျှော်မှန်းခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုထူထောင်ရန် အရေးကြီးဟု ဖေဖော်ဝါရီ ၁၂ ရက်နေ့က NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းမှ ပြောကြားခဲ့သည်။

“ကျနော်တို့ အနေနဲ့ ဒီနွေဦးတော်လှန်ရေးဟာ စစ်ကောင်စီကို တိုက်ခိုက်ပြီးတော့ ကျနော်တို့ ပင်လုံညီလာခံကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုထူထောင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က စစ်အာဏာသိမ်းယူခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများနှင့်အတူ လက်နက်ကိုင် ပဋိပက္ခများ နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည်။ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးမှာ ပင်လုံစာချုပ်ထဲတွင်သာရှိပြီး ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်အရ နိုင်ငံကို တည်ဆောက်ဖို့လိုကြောင်း၊ ထိုကဲ့သို့ မဟုတ်ပါက

နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင် အောင်ခမ်းက ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “အခုဆွေးနွေးမယ့် အကျပ်အတည်းဆိုတာက အခုပဲ မဟုတ်ပါဘူး၊ အကျပ်အတည်းက ၁၉၆၂ ခုနှစ်၊ နေဝင်း အာဏာသိမ်းပြီးကတည်းက သူ့အကျပ်အတည်းက အထွက်အထိပ်ကို ရောက်လာပြီးပေါ့၊ အဲဒီဟာတော့ အာဏာသိမ်းပြီးကတည်းက ပြောရမှာပေါ့၊ ဒီဟာကို ပြောဖို့ဆိုတာက ပင်လုံစာချုပ်အရ သွားဖို့လိုပါ တယ်။ ပင်လုံစာချုပ်ဖက်ကို သွားဖို့ပဲ ပင်လုံစာချုပ်အရပဲ နိုင်ငံကို တည်ဆောက်ဖို့ လိုပါတယ်၊ ဒါမှ မဟုတ်ဘူး ဆိုရင် ဖြေရှင်းဖို့က‌တော့ အခုမဟုတ်ဘူး၊ဟိုကတည်းကနဲ့ ဖြစ်လာတယ်၊ ဒါကြောင့်မို့ ဒီဟာက ဆက်လက်ပြီးမှ ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် နိုင်ငံရေးထွက်ပေါက်ဆိုတာ ပင်လုံစာချုပ်ထဲမှာပဲ ရှိပါတယ်” ဟု ပြောသည်။

ပင်လုံစာချုပ်အရ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းထူထောင်မည့် ပြည်ထောင်စုတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းတောင်တန်းဒေသများတွင် မိမိတို့နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် “မူ” အားဖြင့် သဘောတူကြသည်။

ထို့အတူ ပြည်မဗမာလူမျိုးတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရ မည်ဟုလည်း ပါရှိသည်။

နောင်တွင် ပြည်ထောင်စုကို ဖွဲ့စည်းသည့်အခါ မြန်မာပြည်ကို မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုဖြင့် ဖွဲ့စည်း ရမည်ဆိုသည်ကို ပင်လုံစာချုပ်တွင် မပါဝင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ဦးသန်းစိုးနိုင်က “အဲဒါတွေက နားမလည်လို့ ပြောနေတာလို့ ကျနော်ကတော့ ချုပ်ပြောလိုက်မယ်ဗျာ၊ ဘာကြောင့် လဲဆိုတော့ ပင်လုံစာချုပ်ဆိုတာ ကျနော်တို့ ဗမာပြည်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ကျနော်တို့ ဆွေးနွေးပြောဆိုတဲ့ စာချုပ် မဟုတ်ဘူးဗျ၊ ပင်လုံစာချုပ်ထဲမှာ အနာဂတ်ဗမာပြည်ကို ဖက်ဒရယ်ဘယ်လို လုပ်မယ် ဘာညာဆိုတာ တစ်ခွန်းမှ မပါဘူး။ ခင်ဗျားတို့ ပြန်ကြည့်၊ အဓိက-က အင်္ဂလိပ်အစိုးရက တောင်တန်းဒေသနဲ့ ဗမာ မြေပြန့် နှစ်ခုကြားထဲမှာ ကျနော်တို့ တောင်တန်းဒေသက လွတ်လပ်ရေးကို ဖဆပလနဲ့ ပေါင်းပြီး ယူမလား၊ မယူ ဘူးလားဆိုတာ ဆုံးဖြတ်တဲ့ အစည်းအဝေး သို့သော် အဲဒီစာချုပ်မှာ အဲဒီစာချုပ် ချုပ်ဆိုတဲ့ နေရာမှာ ဗိုလ်ချုပ် အောင်ဆန်းက စိန်ခေါ်လိုက်တာပေါ့ဗျာ၊ ကျုပ်တို့ ဖဆပလအစိုးရအဖွဲ့က လုပ်တာ အသုံးမကျလို့ဆိုရင် နောင် ၁၀ စုနှစ် တစ်ခုအတွင်းမှာ ခင်ဗျားတို့ သီးခြားနိုင်ငံထူထောင်ချင်ရင်လည်း ထူထောင်လို့ရတယ်၊ အဲဒါကို ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေထဲမှာ ရေးဆွဲတဲ့ထဲမှာ ထည့်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း အဲဒီမှာ ပြောခဲ့တာ အဲဒီ စကားကို ပြောနေတာ ပင်လုံစာချုပ်၊ ပင်လုံစာချုပ်ဆိုတာ ခင်ဗျား ပြန်ကြည့်လိုက်ပါ” ဟု ပြောသည်။

ပင်လုံစာချုပ်အရ ပြည်ထောင်စုတစ်ခုကို တည်ဆောက်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးနောက် ပင်လုံစိတ်ဓာတ် အခြေခံမူလမ်းစဉ်များ သွေဖီသွားခဲ့သည်။ ထို့အတူ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ ဗမာပြည်မနယ်မြေကို ပြည်ထောင်စုအာဏာနှင့် တွဲထားသဖြင့် ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်နှင့် ချင်းပြည်နယ်တို့သည် လက်အောက်ခံဘ၀ ကျရောက်သွားသည့်အပြင် ပြည်နယ်ရသင့် ရထိုက်သော ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် ပြည်နယ် ဖော်ဆောင်မပေးသဖြင့် လွတ်လပ်ရေး သက်တမ်းနှင့်အတူ ပြည်တွင်းစစ်မီး စတင် တောက်လောင်ခဲ့ရသည်။

လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းပြီး သွေးမြေမကျသည့် နိုင်ငံရေးဖြင့် အသွင်ပြောင်းနိုင်ပါက ပင်လုံစာချုပ်က ထွက်ပေါက်ဟုဆိုခြင်းက မှန်ကန်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္က ဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

၎င်းက “၄၇ အခြေခံဥပဒေအရ သဘောတူညီချက်တွေနဲ့ ၄၈ က လွတ်လပ်ရေးရလာတဲ့ မြန်မာနိုင်ငံ အခု ၇၅ နှစ် ကြာပြီ ထွက်ပေါက်ပိတ်နေတာ ၇၅ နှစ်ကြာ ပြည်တွင်းစစ်ကြီးကို သံသရာ ဘယ်လောက်ရှည်နေပြီလဲ၊ အခု တစ်ခါ ပြန်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းကို ထွက်ပေါက်အနေနဲ့ စဉ်းစားတဲ့အခါမှာ မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်ဖြစ်ခဲ့တဲ့ ပင်လုံစာချုပ်ကို ပြန်ပြီး အမှတ်ရကြ တယ်ဆို လက်ခံကြရမှာပေါ့၊ ပင်လုံစာချုပ်သည်ပင်လျှင် မြန်မာ့လွတ်လပ်ရေးရဲ့ ထွက်ပေါက်ဆိုရင် မြန်မာ့နိုင်ငံ ရေး အကျပ်အတည်းကြီး ၇၅ နှစ်ကြာမှာ ပြန်ပြီးတော့ ပင်လုံကို သတိရတာဟာ မှန်တယ်၊ ပင်လုံရဲ့ ထွက်ပေါက် ကို ပြန်ကြည့်သင့်တာပေါ့၊ အဲဒီလောက်ဆိုရင် အခြေခံဥပဒေဆိုင်ရာ ထွက်ပေါက်တစ်ခုအဖြစ် ကျနော်တို့ အသွင် ပြောင်း ပေးကြရမှာပေါ့၊ အဲဒီလို ပြောင်းပေးခြင်းအားဖြင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းမှာလား၊ သွေးမြေကျနေ တဲ့ လက်ရှိ နိုင်ငံရေးကို သွေးမြေမကျတဲ့ နိုင်ငံရေးဖြင့် အသွင်ပြောင်းနိုင်မှာလား ပင်လုံလိုပေါ့၊ အဲဒီလိုဆိုရင်တော့ ရပ်တည်ချက်မှန်တယ်၊

ထွက်‌ပေါက်မှန်တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ပင်လုံစာချုပ်အရ ပြည်ထောင်စုတစ်ခုကို တည်ထောင်ခဲ့သည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ၇၆ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခမှာ ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘဲ ပြည်တွင်း စစ်များ ဖြစ်ပွားလျက်ရှိသည်။

Most read this week

November 22, 2024
မွန်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်...
November 21, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်နားထားသည့် ကျောက်မိုင်းနှင့်...
November 21, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းလာသည့်နောက်  မွန်ပြည်နယ်ရှိ...
November 20, 2024
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အဖိုး၊ သမီးနှင့် မြေး မိသားစုဝင် (၃) ဦးကို...