ပြည်သူ့ရေးရာဝန်ဆောင်မှုနှင့် OSS ရုံးများ

ပြည်သူ့ရေးရာဝန်ဆောင်မှုနှင့် OSS ရုံးများ
by -
ကျော်စိုးသူ / ကန္တရဝတီ
ပြည်သူ့ရေးရာဝန်ဆောင်မှုဆိုသည် တိုင်းရင်းသား ပြည်သူများအတွက် လိုအပ်သော ဝန်ဆောင်မှုများကို နိုင်ငံတော်မှ တာဝန်ပေးအပ် ထားသောဌာန(သို့) လူပုဂ္ဂိုလ်များက တာဝန်ယူဆောင်ရွက်ပေးခြင်းပင် ဖြစ်သည်။ ပြည်သူ့ရေးရာဝန်ဆောင်မှုများ အောင်မြင်အားကောင်းသော နိုင်ငံများတို့သည် ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာရရှိခံစားကြရတာကို တွေ့ရပေသည်။

ပြည်သူ့ရေးရာဝန်ဆောင်မှုများ၏ ရလဒ်အခြေအနေများအပေါ် မူတည်၍ နိုင်ငံတစ်နိုင်ငံ၏ အစိုးရစနစ်အခြေအနေနှင့် နိုင်ငံတော်၏ အခြေအနေများကို မှန်းဆနိုင်ပေသည်။ ဒါ့ကြောင့်ပင် အစိုးရတိုင်းက ပြည်သူ့ရေးရာဝန်ဆောင်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်ကြပေသည်။ ပြည်သူရေးရာဝန်ဆောင်မှုတွင် အောင်မြင်သော အစိုးရတိုင်းသည် ပြည်သူကို အထူးပင်စည်းရုံးသိမ်းသွင်းဖို့မလိုအပ်တော့ပေ။

မြန်မာနိုင်ငံအနေဖြင့်လည်း လွတ်လပ်ရေးရပြီးကတည်းက ပြည်သူ့ရေးရာဝန်ဆောင်မှုများကို ဆောင်ရွက်လာခဲ့ရသော်လည်း နိုင်ငံရေးအခြေအနေများကြောင့်အားနည်းမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်မှာ မည်သူမျှမငြင်းနိုင်ပေ။ အာဏာရှင်အုပ်ချုပ်ရေးလက်အောက်မှ ပြည်သူ့ရေးရာဝန်ဆောင်မှုများ အနေဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပေသည်။ နိုင်ငံတော်၊ အစိုးရနှင့် ပြည်သူဟူသော ရှုထောင့်များတွင် အစိုးရဟူသောကဏ္ဍကိုသာ ဦးတည်သော ပြည်သူ့ရေးရာဝန်ဆောင်မှုများရှင်သန် ကြီးထွားခဲ့ရပေသည်။ ပြည်သူဟူသော ရှုထောင့်မှ စဉ်းစားဆုံးဖြတ်ခြင်းများ အားနည်းခဲ့ရပေသည်။ ဒါ့ကြောင့်ပင် အစိုးရစနစ်အနေဖြင့် ရေရှည်တွင် မအောင်မြင်ခဲ့ရခြင်း ဖြစ်ပေသည်။

ပြီးခဲ့တဲ့အစိုးရလက်ထက်ကို ပြန်လေ့လာကြည့်လျှင်လည်း ပြည်သူ့ရေးရာဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့တာ ကိုတွေ့မြင်ရပေသည်။ သို့သော်လည်း အစိုးရသက်တမ်းကာလတိုတောင်းခြင်းနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုများကိုစာတွေ၊ လက်တွေ့ပိုင်း ကျွမ်းကျင်သောခေါင်းဆောင်များရှားပါးခြင်းကြောင့် ထင်သလောက် မအောင်မြင်ခဲ့ပေ။ အစိုးရတစ်ရပ်၏ စွမ်းဆောင်ရည်ကို အကဲဖြတ်အမှတ် ပေးရာတွင် ပြည်သူ့ရေးရာဝန်ဆောင်မှုများ၏ အခန်းကဏ္ဍာမှာ အရေးကြီးဆုံး အချက်ဟူသည်ကို ပြီးခဲ့တဲ့အစိုးရ အဆက်ဆက်ကို သင်ခန်းစာယူကြည့်နိုင်ပေသည်။

ပြည်သူ့ရေးရာဝန်ဆောင်မှုများနှင့် ပတ်သက်၍လည်း ပြီးခဲ့တဲ့ အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သော Planများကို တွေ့နိုင်ပေသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ပြည်နယ်နှင့် တိုင်းအလိုက် One Stop Service ရုံးကြီးများ လျာထား ဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်ပေသည်။ သို့ရာတွင် လက်တွေ့ကျကျနှင့် အခြေခံကျသော စီမံကိန်းမျိုးမဟုတ်ဘဲ အပေါ်မှကျလာသော စီမံကိန်း (Top Down Plan) မျိုးဖြစ်သဖြင့် လက်တွေ့တွင် ရလာဒ်များက တစ်မျိုးဖြစ်နေတာကို တွေ့ရပေလိမ့်မည်။

လက်ရှိအစိုးရစနစ်တွင် လက်တွေ့ဖြစ်ပေါ်နေသောအခြေအနေများကို စနစ်တကျ လေ့လာ ချည်းကပ်ခြင်းမရှိဘဲသူများနိုင်ငံများတွင် အောင်မြင်နေသော Plan များကို ပု့တူကူးချဆောင်ရွက်ခြင်း မျိုးသာဖြစ်ပေသည်။ အဆောက်အဦးများ ပြီးစီးသွားသော်လည်း လုပ်ငန်းများစတင်နိုင်ခြင်း မရှိသေးသည်ကို ယခုထိတွေ့နေရပြီး နိုင်ငံဘဏ္ဍာများသာ လေလွင်ခဲ့ရပေသည်။ လူကြီးခရီးစဉ်များတွင်သာ ဟန်ပြဆောင်ရွက်ထားကြပြီး တစ်ကယ်လက်တွေ့တွင်တော့ ပြည်သူများ၏ မျှော်လင့်ချက်နှင့် ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့တာကို တွေ့ရပေသည်။

One Stop Service ရုံးများ အဘယ်ကြောင့် မအောင်မြင်ရခြင်းကို သုံးသပ်အဖြေရှာရေးသည် အစိုးရသစ်အတွက် အလွန်အရေးကြီးပေ လိမ့်မည်။ သို့မှသာ မိမိတို့အစိုးရ၏ လမ်းစဉ်ဖြစ်သော “ပြည်သူနှင့်အတူ”ဆိုသော ရည်းမှန်းချက်ကို အောင်မြင်နိုင်ပါလိမ့်မည်။ ထို့ကြောင့်လည်း One Stop Service ရုံးများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရမည့် အချက်များကို အကြံပြုရေးသေားဖော်ပြလိုခြင်း ဖြစ်ပါသည်။

ပထမဦးစွာ အကြံပြုလိုသည်က OSS ရုံးများတွင် ဌာနများမှ စေလွှတ်တာဝန်ချထားခြင်း ခံရသော သူများကို လုပ်ပိုင်ခွင့် အာဏာများ ခွဲဝေပေးဖို့ပင်ဖြစ်သည်။ ရုံးဌာနများသည် OSS ရုံးများသို့ Second Man များကိုသာစေလွှတ်ကြပြီး ထိုသူတွင် မည်သည့်အခွင့်အာဏာမှ မရှိသဖြင့် သက်ဆိုင်ရာရုံးဌာနသို့သာ ထပ်မံသွားရောက်ရသဖြင့် နှစ်ခါမောတာသာ အဖက်တင်ပြီး OSS ရုံး၏ ရည်ရွက်ချက်ဖြစ်သော ပြည်သူများကိုအဆင်ပြေ ချောမွေ့စေမည့် ဝန်ဆောင်မှုကို မရရှိတာကို တွေ့ရပေသည်။ ထို့ကြောင့် OSS ရုံးတွင် တာဝန်ထမ်းဆောင် မည့်အရာရှိများလို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ပိုင်ခွင့်အာဏာများခွဲဝေပေး၍ OSS ရုံးတွင်ပင် ပြည်သူ့ဝန်ေဆောင်မှုများကို ပြီးပြတ်စေရန် ဆောင်ရွက်ပေးဖို့လိုမည်ဖြစ်ပါသည်။

ဒုတိယ အချက်အနေဖြင့် အကြံပြုလိုတာကတော့ OSS ရုံးများတွင် သက်ဆိုင်ရာရုံးဌာနများနှင့် ရုံးအကြီးအကဲများ ရုံးထိုင်စေခြင်း ပင်ဖြစ်သည်။ သို့မှသာ ရုံးအကြီးအကဲတွင်သာ လုပ်ပိုင်ခွင့်အာဏာများ ရှိပြီး Second Man, Third Man များသို့ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေပေးခြင်း မရှိသော ရုံးစနစ်များနှင့် အဆင်ပြေပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော် OSS Plan မှာ အခြားနိုင်ငံများတွင် အောင်မြင်နေသည့် System တစ်ခုဖြစ်သော်လည်း မိမိတို့ နိုင်ငံ၏ အစိုးရ စနစ်အနေအသေးဖြင့် ကိုက်ညီအောင် ပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်ဖို့သာ လိုပေလိမ့်မည်။ သို့မှသာ ပြည်သူအစိုးရအနေဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများတွင် အောင်မြင်မှုရပြီး အစိုးရစနစ်ကိုကောင်းစွာ အထောက်အကူပြုနိုင်ပေလိမ့်မည်ဖြစ်ကြောင်း မီးမောင်ထိုးရေးသား ဖော်ပြလိုက်ရပါသည်။

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...