မအူပင်မြို့တွင် တပ်ထောက်ခံပွဲအတွက် တစ်အိမ် တစ်ယောက် တက်ရန် ဖိအားပေးခေါ်ယူပြီးကျင်းပခဲ့သော် လည်း ဆယ်ဂဏန်းခန့်သာ တက်ရောက်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
စစ်ကောင်စီက ဦးဆောင် ပြုလုပ်မည့် တပ်မတော် ထောက်ခံပွဲအတွက် တစ်အိမ်တစ်ယောက်(မပျက်မကွက်) တက်ရောက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖိအားခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။
အမှတ် ၁ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက “စစ်ကောင်စီခန့် ထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ပြောနေတာ တစ်အိမ်တစ်ယောက် မလာရင် သုံးထောင် ဒဏ်ရိုက်ခံရမယ်လို့လည်း ခြိမ်းခြောက်သေးတာ” ဟု ပြောသည်။
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လည် ၁ နာရီအချိန်တွင် ပြုလုပ်မည့်စစ်ကောင်စီ၏ တပ်ထောက်ခံပွဲအတွက် လူအင်အား များပြားစွာတက်ရောက်မှ စည်ကားသိုက်မြိုက်ကြောင်း ပြသနိုင်မည်ဖြစ် ၍ ရပ်ကွက်များအတွင်း လိုက်လံခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု မအူပင်မြို့ခံများက ပြောသည်။
အမှတ် ၈ ရပ်ကွက်နေ ပြည်သူတစ်ဦးက “စိတ်ထဲကမှ မပါတာ။ မလာမနေရ လာရမယ်ဆိုလို့သာ အိမ်ကထွက် လာတာလေ။ ဟိုကပ်ဒီကပ်နဲ့ သူတို့စုရပ်ကို ဘယ်ရောက်မတုန်း လမ်းပေါ်မှာတင်လူတွေကပျောက်ကုန်တာ” ဟု ဆိုသည်။
စစ်ကောင်စီ၏ တပ်မတော် ထောက်ခံပွဲအတွက် အင်အားများပြားစေရန် ပြည်သူလူထုအား ဖိအားပေးစေခိုင်း ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း မအူပင်မြို့၊ တပ်မတော်ထောက်ခံပွဲသို့ လာရောက်သော အင်အားမှာ ဆယ် ဂဏာန်းမျှသာ ရှိသည်ဟု မြို့ခံအချို့က ပြောသည်။
ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်နေကြသူများမှာလည်း မအူပင်မြို့ခံများမဟုတ်ကြောင်း အခြားမြို့များမှ လာရောက်ကြသည့် မဘသများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငှားရမ်းထား သည့် နေ့စားများသာ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အရေးပေါ်ကာလ ၂နှစ် သက်တမ်းကုန်ဆုံးချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကစစ်ကောင်စီ ကို နောက်ထပ် ၆ လ သက်တမ်းတိုးပေးပြီးနောက် ယခုကဲ့သို့ တပ်ထောက်ခံပွဲ ပြုလုပ်လာခြင်းလည်းဖြစ်သည်။
မြို့နေပြည်သူများကိုသာ စစ်ကောင်စီ၏ တပ်မတော်ထောက်ခံပွဲကို (မပျက်မကွက်) တက်ကြရန် ဖိအားပေးခံရ ခြင်း မဟုတ်ဘဲ အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုလည်း နယ်မြေတစ်ခုလျှင် လူ ၁၀ ဦး မဖြစ်မနေ စုဆောင်းပေးရ မည်ဟု ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက “အခု ခက်နေတာက တပ်ထောက်ခံပွဲအတွက် နေ့စားခပေးပြီး ငှားတာတောင် လိုက်မယ့်သူမရှိလို့ မြို့ပေါ်မှာ မလိုက်မနေရဆိုပြီး အတင်းအကြပ် ဖိအားပေးခေါ်နေရတာ” ဟု ပြောသည်။
မအူပင်မြို့တွင် ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲကို လူအင်အား ၃၀ ကျော်ခန့်ဖြင့် ဗီနိုင်းများကိုင်ဆောင်ကာ လှည့်လည်မှု ၁၅ မိနစ်ခန့် ပြုလုပ်ခဲ့သည်ဟု မြို့ခံအချို့က ပြောသည်။
ပုသိမ်မြို့တွင်လည်း ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နံနက်ပိုင်းက အမှတ် ၃ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်တွင် လူ အင်အား ၄၀ ခန့်ဖြင့် တပ်မတော် ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။