ဖားအံတွင် လိုင်စင်မဲ့ကား အများအပြား ဖမ်းဆီးသိမ်းဆည်းခံထားရ

ဖားအံတွင် လိုင်စင်မဲ့ကား အများအပြား ဖမ်းဆီးသိမ်းဆည်းခံထားရ

ကရင်ပြည်နယ် ဖားအံမြို့လမ်းမ၊ လမ်းဆုံနေရာများတွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းမှ စတင် ကာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့တို့ ပူးပေါင်းပိတ်ဆို့ပြီး လိုင်စင်မဲ့ကား ဖမ်းဆီးမှုများ လုပ်ဆောင်သည့်အတွက် ဒေသခံကားအသုံးပြုသူအများအပြား ဖမ်းဆီးသိမ်း ဆည်းခံထားရကြောင်း သိရသည်။

ကရင်ပြည်နယ် စစ်ကောင်စီမှ စစ်အာဏာသိမ်း ၂နှစ်ပြည့်ချိန် လုံခြုံရေးအစည်းအဝေးတွင် လိုင်စင်မဲ့ ကားများဖြင့် တော်လှန်ရေးကိစ္စများတွက် ကူညီဆောင်ရွက်ပါ၀င်နေသည်ဟုဆုံးဖြတ်ချက်အရ ဒေသအတွင်း စစ်ကောင်စီ၀န်ထမ်းများနှင့် ဒေသခံများ၊ ကရင်လက်နက်ကိုင်အဖွဲ့များ စီးနင်းအသုံးပြု နေကြသည့် လိုင်စင်မဲ့ယာဉ်များအား ဖားအံမြို့နယ်အတွင်း စစ်ဆေးဖမ်းဆီး သိမ်းဆည်းရမည်ဟု အစည်းအဝေး ဆုံးဖြတ်ကာ ယခုလို ဖမ်းဆီးသိမ်းဆည်းမှု စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ၀န်ထမ်းများက ပြောသည်။

ဖားအံမြို့ခံတစ်ဦးက “အခု မနက်ကော့ကျိုက်လမ်းဆုံ၊ နောင်လုံလမ်းဆုံ၊ တောင်ကလေးလမ်းဆုံ၊ သံလွင်တံတား ဒန်ကိုဆီဆိုင် လမ်းဆုံနေရာတွေကို လမ်းပိတ်ချလိုက်ပြီးတော့ လိုင်စင်မဲ့ကားတွေ စဖမ်းနေပြီ၊ စာထုတ်တာအသိပေးတာတွေ မလုပ်တော့ အကုန်ဖမ်းခံထိကုန်ပြီ၊ မြို့တွင်းမှာလည်း လမ်းမတန်းတွေ၊ ကမ်းနားတန်းတွေ၊ လမ်းဆုံနေရာတွေကနေ ထွက်လာသမျှ ကားတွေကို စစ်တပ်၊ ရဲ၊ BGF တွေ အင်အားအများကြီးနဲ့ အကုန်ဖမ်းသိမ်းနေပြီ။ အခုဆောက်လက်စ ဇွဲကပင်ပလာဇာ၀င်းထဲမှာ ကားတွေ အများကြီး သိမ်းဆည်းခံထားရတယ် ”ဟု ပြောသည်။

ကရင်ပြည်နယ် စစ်ကောင်စီရုံးတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း ၂နှစ်ပြည့်ချိန် လုံခြုံ/စီမံ အစည်းအဝေးတွင် စစ်ကောင်စီ၀န်ကြီးချုပ်မှ တော်လှန်ရေးထောက်ပို့/ထောက်ပံ့မှုများအား လိုင်စင်မဲ့ ကားများဖြင့် လုပ်ဆောင်မှုရှိနေသည့်အပေါ် လုံ/နယ်၀န်ကြီး/ပြည်နယ်ရဲမှူးနဲ့ လက်အောက်ခံ၀န်ထမ်း အကြီးအကဲတွေက ဆုံးဖြတ်ပြီး ဖေဖော်ဝါရီ ၃ ရက်မှစပြီး လိုင်စင်မဲ့ကားဖမ်းဆီးရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၀န်ထမ်းကား၊ လက်နက်ကိုင်အဖွဲ့များ မိသားစုကား၊ အပစ်ရပ်အဖွဲ့အစည်း ထောက်ခံချက် လက်မှတ်၊ ဘုန်းကြီးကျောင်းကား၊ ပရဟိတအဖွဲ့ကား၊ ထောက်ခံချက်အမျိုးမျိုးနှင့် မောင်းနေသော ကားများအားလုံးကို ဖမ်းဆီးသိမ်းဆည်းရမည်ဟု ဆုံးဖြတ်အမိန့်ပေးထားကြောင်း စစ်ကောင်စီ လက်အောက်ခံ ၀န်ထမ်းများက ပြောစကားအရ သိရသည်။

“(Without)ကား ဖမ်းတာက ခေတ်အဆက်ဆက်ပါ၊ စီးနေ၊ ရောင်းနေ၊ ၀ယ်နေကြတာလည်း ခေတ်အ ဆက်ဆက်ပါပဲ။ ဒီစစ်ကောင်စီက ၀င်ငွေရလမ်းသိပ်မရှိတော့ဘူးဆိုတော့ ၀စ်သောက်ကား ဖမ်းတဲ့ ဘက်ကို ပြန်လှည့်လုပ်လာတဲ့သဘောလို့ မြင်ပါတယ်၊ နောက်တစ်ချက်က တော်လှန်ရေးထောက်ပို့ လမ်းကြောင်းတွေလည်း ပြတ်အောင်လုပ်တာမျိုးပေါ့၊ တစ်ဖက်ကလည်း ပြည်နယ်က ၀န်ထမ်းတွေ ကား ဖမ်းတာအပေါ် လာဘ်ယူ ငွေ၀င်ပေါက်ရပြီး သူတို့သြဇာခံနေမယ်၊ ”ဟု ဖားအံမြို့ခံ တစ်ဦးက ပြောသည်။

ယခင် န၀တ/နအဖ စစ်အာဏာရှင် လက်ထက်နှင့် ဦးသိန်းစိန် အစိုးရ၊ NLD အစိုးရ လက်ထက်များတွင် လည်း ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ကား၊ စက်ပစ္စည်း၊ ဆိုင်ကယ်များ ဖမ်းဆီးသိမ်းဆည်းခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း မြို့ခံများ ပြောစကားအရ သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ အခြေစိုက် ကရင်နယ်ခြားစောင့်တပ် -BGF နယ်စပ်လုံခြုံရေး ကင်းစခန်း များတွင် တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသည့် လိုင်စင်မဲ့ကားများအား ပြည်နယ် ဒေသအတွင်းတွင်သာမက အခြားတိုင်းနှင့် ပြည်နယ်များဘက်အထိတင်ပို့ ရောင်း၀ယ်မှုရှိနေသည့် လိုင်စင်မဲ့ကား အသုံးပြု စီးနင်းနေမှုအား စတင်စစ်ဆေးဖမ်းဆီးနေသည့်အတွက် ဖားအံမြို့တွင်း စျေးများ ဆိုင်များ၊ ရပ်ကွက်များအတွင်း၊ အပြင်ထွက်သွားလာသူများ မရှိသလောက် ဖြစ်နေသည်ဟု ဖားအံမြို့ခံများက ပြောသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...