ICC ဖမ်းဝရမ်းကြောင့် အာဏာလက်မလွှတ်ရရေး ကြိုးပမ်းမှု စစ်အုပ်စုအရှိန်မြှင့်နိုင်

ICC ဖမ်းဝရမ်းကြောင့် အာဏာလက်မလွှတ်ရရေး ကြိုးပမ်းမှု စစ်အုပ်စုအရှိန်မြှင့်နိုင်
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားချက်ကြောင့် စစ်အုပ်စုအနေနဲ့ အာဏာလက်မလွှတ်ရရေးအတွက် ပိုမိုကြိုးစားလာနိုင်တယ်လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေကြီးဦးကြီးမြင့်က သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့အတွက် နိုဝင်ဘာ ၂၇ ရက်နေ့က နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ရှေ့နေချုပ်က တရားရုံးရဲ့ တရားသူကြီးတွေထံ လျှောက်ထားခဲ့တာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် နှင်ထုတ်မှု၊ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုစတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူဖြစ်ကြောင်း ICC ရှေ့နေချုပ်ရဲ့ လျှောက်ထားချက်မှာ ပါရှိပါတယ်။

ICC ရှေ့နေချုပ်ရဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားတဲ့ လျှောက်လွှာမှာ စာရွက်စာတမ်း အထောက်အထားတွေ၊ သိပ္ပံနည်းကျ စစ်ဆေးအတည်ပြုထားတဲ့ သက်သေတွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုသက်သေတွေအပြင် လူပုဂ္ဂိုလ်သက်သေ ထွက်ဆိုချက်တွေ ပါဝင်တာပါ။

တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ICC ဖမ်းဝရမ်းကြောင့် စစ်ခေါင်းဆောင်အနေနဲ့ အာဏာလက်လွှတ်ရပါက ခုံရုံးရောက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် အာဏာလက်မလွှတ်ရရေးအတွက် ရက်စက်သတ်ဖြတ်မှုတွေ ပိုမိုလုပ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလို နိုင်ငံကတစ်နိုင်ငံလုံး ဝိုင်းတိုက်နေလို့ ယိုင်နဲ့နေတဲ့အချိန်မှာ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးအားလုံး ယိုင်နဲ့နေတဲ့အချိန်မှာ ICC ဖမ်းဝရမ်းကြောင့်မို့လို့ ကမ္ဘာ့အလယ်မှာလည်း လုံးဝသုညဖြစ်သွားပြီ။ အဲဒီတော့ သူက စိတ်မချရတော့ဘူး။ မင်းအောင်လှိုင်ဘက်က ကြည့်မယ်ဆိုရင် သူကဘယ်လိုနည်းနဲ့မှ အာဏာလက်လွှတ်လို့ မဖြစ်တော့ဘူး။ အာဏာလက်လွှတ်တဲ့နေ့ သူက ICC ခုံရုံး ရောက်မှာပဲလေ။ အဲဒီတော့ သူက ပိုရက်စက်လာမယ်။ ပိုကြမ်းကြုတ်လာမယ်။ ပိုပြီးတော့ အာဏာမက်မောလာမယ်။ အဲ့ဒီလုပ်ရပ်တွေ ဘာမဆိုလုပ်တော့မယ်”လို့ ဆိုပါတယ်။

ICC က စစ်ခေါင်းဆောင်အပေါ်  ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ မြန်မာနိုင်ငံမှာရှိတဲ့ အဆင့်မြင့်အရာရှိတစ်ဦးကို ပထမဦးဆုံး လျှောက်ထားခံရတာဖြစ်ပြီး နောက်ထပ်လျှောက်ထားမှုတွေလည်း ရှိလာဦးမယ်လို့ ICC ရှေ့နေချုပ်က အသိပေးပြောဆိုထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့အတွက် ICC ရဲ့ ပြောကြားချက်တွေအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိဘူးလို့ နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာ တုံ့ပြန်ထားပါတယ်။

စစ်ကောင်စီက ICC ကို အသိအမှတ်မပြုဘူးလို့ ပြောဆိုတာဟာ ကိုယ့်ကိုယ်ကို အားတင်းတာဖြစ်ပြီး ကမ္ဘာကြီးကိုတော့ လှည့်စားလို့မရကြောင်း တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

“အသိအမှတ်မပြုလို့ မရဘူးလေ။ အသိအမှတ်မပြုလည်း ကျွန်တော်တို့ ပြည်တွင်းမှာလည်း တရားရုံးမှာ တရားစွဲပြီးလေ။ တရားစွဲတဲ့အခါ တရားရုံးရောက်နေတဲ့အမှုကို ငါ့ကိုဘာလို့ စွဲရမှာလဲ မလာဘူးကွာ။ မင်းဘာလုပ်ချင်လဲဆို ဖမ်းဝရမ်းထုတ်တာပဲ။ နောက်ဆုံးတော့ ရောက်လာရတာပဲ။ အဲဒီသဘောပဲနော်။ ကိုယ့်ဘာကိုအားတင်းတာပေါ့။ နောက်တစ်ခုက ပြည်တွင်းပြည်ပကိုလည်း ရဲဆေးတင်သလိုပေါ့။ ငါတို့ကမကြောက်ဘူးကွ ပြောတဲ့သဘောပဲ။ ပြည်တွင်းကို ရရင်ရမှာပေါ့နော်။ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေကို လှည့်စားလို့မရဘူး။ ကမ္ဘာကြီးကို လှည့်စားလို့ မရပါဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ကို ICC က ဖမ်းမိန့်ထုတ်ပေးဖို့ တောင်းဆိုလိုက်တာကြောင့် ဖမ်းဆီးမိန့်အတည်ပြုလိုက်ပါက စစ်ခေါင်းဆောင်အနေနဲ့ ဥပဒေအရ ICC အဖွဲ့ဝင် နိုင်ငံတွေကို သွားလို့ရတော့မှာ မဟုတ်တော့သလို ဖမ်းဆီးခံရနိုင်တာကြောင့် သူ့ရဲ့နိဂုံးဖြစ်လာနိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC မှာတော့ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်ပြီး အဲ့ဒီထဲမှာတော့ အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံ တစ်နိုင်ငံသာ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေပါတယ်။

ICC ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထားသ လို ယူကရိန်းကို ကျုးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကိုလည်း ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...
December 21, 2024
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကို ဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက...
December 19, 2024
မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်တွေကို...
December 18, 2024
စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေရဲ့ ဘုံရန်သူ စစ်ကောင်စီတပ်ဟာ စစ်ရေးအကြပ် ဆိုက်လာချိန်တိုင်း...