တရုတ်ရဲ့မျက်နှာသာပေးမှုကို မြန်မာစစ်အုပ်စု မရရှိတော့ဘူးလား

တရုတ်ရဲ့မျက်နှာသာပေးမှုကို မြန်မာစစ်အုပ်စု မရရှိတော့ဘူးလား

မြန်မာနိုင်ငံ၌ ၂၀၂၁  ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် တရုတ်သည် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုကို လျှို့ဝှက်စွာ အရှိန်မြှင့်ခဲ့သည်။ ဒီမိုကရေစီပြန်လည်ပေးအပ်ရေးဟူသော နိုင်ငံတကာတောင်းဆိုမှုများကို မဟုတ်မမှန်သံယောင်လိုက်ကာ ထောက်ခံလျက် တရုတ်သည် စစ်အုပ်စုကို လက်နက်ငယ်၊ ခဲယမ်းမီးကျောက်များနှင့် CH-3 ဒရုန်းများကို လျှို့ဝှက်စွာ ပေးပို့ပြီး လက်နက်တပ်ဆင်ပေးခဲ့သည်။

 

တရုတ်သည် ၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ အပြတ်အသတ်ရှုံးခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မကြာသေးမီလများအတွင်းက အလွန်ခိုင်မာသော ဆက်ဆံရေးကို ဖော်ဆောင်ခဲ့သည်။ လက်ရှိတွင် USDP ၏ ထိပ်တန်းခေါင်းဆောင် ၅၀ ဦးသည် တရုတ်အနောက်ပိုင်း ကူမင်းမြို့တွင် မန်ဒရင်းဘာသာ ၆ လ သင်တန်းတက်နေသည်။

 

သို့သော် စစ်အုပ်ချုပ်မှုအပေါ် ပြည်တွင်းလက်နက်ကိုင်ဆန့်ကျင်မှုကို မလျှော့ချနိုင်ခြင်းနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရေးကို မစွမ်းဆောင်နိုင်ခြင်းအပါအဝင် မြန်မာစစ်အုပ်စုကို နိုင်ငံတကာက ဆက်လက်ဖယ်ကြဉ်ထားမှုက စစ်အုပ်စုနှင့် ဆက်ဆံရေးထပ်မံတိုးမြှင့်မည့် တရုတ်ကို နောက်ဆုတ် သွားစေပုံပေါ်သည်။

 

မြန်မာသည် ၂၀၂၂ ခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး (LMC) ၏ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်လျက် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အဆိုပါအဖွဲ့အစည်း၏ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန် မျှော်လင့်ထားသော်လည်း တရုတ်နိုင်ငံဝန်ကြီးချုပ် လီခေ့ချန်က ထိပ်သီးအစည်းအဝေးတက်ရောက်ရန် မြန်မာစစ်တပ်၏ ဖိတ်ကြားချက်ကို မတုံ့ပြန်ခဲ့ခြင်းကြောင့် မကျင်းပဖြစ်ခဲ့ပေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးကတည်းက တရုတ်ခေါင်းဆောင် သို့မဟုတ် အကြီးတန်းအရာရှိတစ်ဦးနှင့်မျှ မတွေ့ရသေးသောကြောင့် ယခုကဲ့သို့ ထိပ်သီးအစည်းအဝေး မကျင်းပနိုင်ခြင်းသည် စစ်ခေါင်းဆောင်နှင့် တရုတ်ထိပ်တန်းအရာရှိတို့ လူချင်းတွေ့ဆုံနိုင်မည့်အခွင့်အရေးကို ပျက်ပြယ်စေခဲ့သည်။

 

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံက သတ်မှတ်ခဲ့သော ဘုံသဘောတူညီချက် ၅  ရပ်ကို အကောင်အထည်မဖော်နိုင်ခဲ့သောကြောင့် စစ်ကောင်စီဝန်ကြီးများသည် အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံထားရချိန်တွင် အဆိုပြုထားသည့် လန်ချန်-မဲခေါင် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်သက်၍ တရုတ်၏ အနုတ်လက္ခဏာဆောင်သော တုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်သည် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးထက် မြန်မာစစ်အုပ်စုနှင့် ၎င်း၏ဆက်ဆံရေးကို ဦးစားပေးမည်မဟုတ်ကြောင်း အချက်ပြလိုက်ပုံရသည်။

 

မြန်မာနိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းမှုဆန့်ကျင်ရေးပဋိပက္ခများ ကြီးထွားလာချိန်တွင် တရုတ်စီမံကိန်းများသည် အန္တရာယ်များနှင့် ရင်ဆိုင်နေရကာ နိုင်ငံအတွက် ကြီးထွားလာနေသည့် ပဋိပက္ခများက ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေသောကြောင့် တရုတ်၏ စိုးရိမ်ပူပန်မှုများသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တစ်ခုတည်း မဟုတ်ပေ။ မြန်မာပြည်သူများသည် တရုတ်နိုင်ငံအား စစ်အာဏာရှင်ကို ထောက်ခံသူအဖြစ် ရှုမြင်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ တရုတ်ပိုင် အဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့သည်။

 

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲပေါင်း ၇ ၈၀၀ ဖြစ်ပွားခဲ့သည့်အနက် ၃၀၀ မှာ အဓိက တရုတ်စီမံကိန်းများ တည်ရှိရာနေရာများတွင် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတည်ရှိရာ မြို့နယ် ၁၉ ခုတွင်လည်း တိုက်ပွဲပေါင်း ၁၀၀ ခန့် ဖြစ်ပွားခဲ့သည်။

 

တရုတ်၏ အစီအမံများကို ပိုမိုစိတ်ပျက်စေသည့်အချက်မှာ မြန်မာနိုင်ငံတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါ် ဒီမိုကရေစီကိုထောက်ခံသော တော်လှန်ရေးအင်အားစုများ၏ ဆန့်ကျင်မှု ကြီးထွားလာခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO နှင့်ပူးပေါင်း၍ စစ်သားများနှင့် စက်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် စစ်သားနှင့်အရာရှိ အများအပြား သေဆုံးခဲ့သည်။ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ ကျော်တွင်  PDF နှင့် EAO တို့က  ရဲတပ်ဖွဲ့ဝင်နှင့် စစ်သားများကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

Most read this week

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...