စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ရှောင်အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ရှောင်အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

ကေးဒူ — ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့မှာ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို ဒီးမော့ဆိုအခြေစိုက် ခလရ (၁၀၂)တပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်မှုကြောင့် စစ်ရှောင်ပြည်သူအပါအဝင် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“တစ်ခါလာရင် ၄ လုံး အ့လိုမျိူးလာတယ်ကော။ နောက်ပုန်းနေတဲ့အချိန်မှာ ထပ်လာတယ်။အတွဲလိုက်အတွဲလိုက် အလိုမျိုးလာတော့ ဝပ်တော့ ဝပ်နေတယ်လေ။ တချို့က ပြေးလို့ မမှီတော့ဘူး။ မြောင်းထဲပုန်းရင်လည်း ရှပ်ထိတာပဲ။ အ့လိုမျိုး။ နောက်ဝက်ကော ခွေးကော နွားကောအ့လိုမျိူး ထိကုန်တယ်။လူကတော့ ၅ ယောက်ပေါ့။ ခြေထောက်တွေ လက်တွေ ခါးတွေမှာ ထိကုန်တာ” လို့ အခြေအနေကို တွေ့ရှိခဲ့တဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ၅ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး ကျေးရွာတွင်း ဒေသခံတစ်ဦးကလည်း ထိခိုက်ခဲ့ပါတယ်။ လက်နက်ကြီးအချက်ရေပေါင်းများစွာ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ပြေးချိန်မရလိုက်ဘဲ ပြေးဝပ်နေရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်မှုအထဲ အသက် ၇ဝ အရွယ်အမျိုးသားတစ်ဦးလည်း ပါဝင်တယ်လို့ အခြေအနေကို မျက်မြင်တွေ့ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေဖြစ်တဲ့ စစ်ရှောင်စခန်း၊ ကျေးရွာအတွင်းကို ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိခဲ့ပြီး လက်ရှိမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြရပါတယ်။

“လက်နက်ကြီးတွေက တောက်လျှောက် ကျလာတယ်။အ့မှာ ဆက်နေလို့ လုံးဝအဆင်မပြေလောက်တော့ဘူး။ ကားတွေ ဘာတွေ ရှိတဲ့ အိမ်တွေကတော့ သွားလို့လာလို့ အဆင်ပြေပေမယ့် မရှိတဲ့သူတွေက တော်တော်များတယ်။ ပစ္စည်းတွေကလည်း တော်တော်များတယ်။ အရေးကြီးတဲ့ဟာတွေ လောက်ပဲယူကြတယ်။သိပ်မလိုတဲ့ဟာတွေတော့ ထားခဲ့ရတာပေါ့” လို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းကနေစ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ကျောင်းသားကျောင်းသူ အပါအဝင် လူဦးရေတစ်ထောင်ကျော်လောက်ဟာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့မှ ၂၅ရက်နေ့အထိ ၃ရက်အတွင်း စစ်ဘေးရှောင်ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...