စစ်ကောင်စီ လက်နက်ကြီးကြောင့် ကရင်နီစစ်ရှောင်အမျိုးသမီး(၁)ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကရင်နီစစ်ရှောင်အမျိုးသမီး(၁)ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ်၊ မိုးဗြဲမြို့၊ ကောင်းဆောင်ကျေးရွာတွင် ဇန်နဝါရီလ(၁၆)ရက်နေ့က စစ်ကောင်စီ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နေသော အမျိုးသမီး(၁)ဦး လက်နက်ကြီး ထိမှန်သေ ဆုံးခဲ့ပြီး ဒေသခံ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MBPDF)တပ်ရင်း-၁၀၀၁ က ဇန်နဝါရီလ(၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့စစ်ကောင်စီအမြှောက်တပ်မှ ကောင်းဆောင်ကျေးရွာထဲသို့ လက်နက်ကြီးအကြိမ်ရေ ၅၀ခန့် ပစ်ခတ်မှု လုပ်ဆောင်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ထိခိုက်သေဆုံးမှုအပြင် အချို့သော စစ်ဘေးရှောင် ပြည်သူများမှာ ထိတ်လန့်ကြောက်ရွံ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေမှုများပါရှိနေကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂ(UKSY)က ယမန်နေ့ ဇန်နဝါရီလ(၁၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ရပ်များမှာ စစ်ရာဇဝတ်မှုမြောက်သည့်အပြင် လူသားမျိုးနွယ်စုအပေါ် ထပ်မံကျုးလွန်နေသည့် စစ်ကောင်စီ၏လုပ်ရပ် နောက်တစ်ခုဖြစ်၍ ပြည်သူလူထုအား ဆိုးဝါးသောလူ့အခွင့်အရေးချိုးဖောက်မှုများဆီ တွန်းပို့နေကြောင်း၊ ကျုးလွန်ခြင်းခံရသည့် မိသားစုဝင်များအား နောင်တစ်ချိန်တွင် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)၏ ဒါရိုက်တာ ဦးဗညားက ပြောသည်။

၎င်းက“ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ ပြည်သူတွေထိခိုက်တာအပြင် ပုံမှန်ဘဝမှာပါ လုပ်ကိုင်စားသောက်နိုင်တဲ့ပုံစံမရှိအောင် တွန်းပို့ရာရောက်တာပါ။ ဒါဟာ ငတ်မွတ်ခေါင်းပါးခြင်း၊ အနာဂတ်မျိုးဆက်တွေရဲ့ ပညာရေး၊ ကျန်းမာရေးကိုပါ ထိခိုက်သွားတဲ့အတွက် တနည်းအားဖြင့် ပြစ်မှု မြောက်ပါတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းဖြင့် နောက်ပိုင်း ဒီအမှုတွေဟာ ယုတ်လျော့သွားခြင်းမရှိဘဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပိုမိုဆိုးရွားလာစေရင် ဂျီနိုဆိုက်အထိ ဖြစ်လာနိုင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ ကျုးလွန်သည့် လုပ်ရပ်များအား ခွင့်လွှတ်ပေး၍မရဘဲ ဥပဒေကြောင်း အရသော် လည်းကောင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တရားမျှတမှုဖော်ဆောင်သွားမည်ဖြစ်ပြီး ကရင်နီလူ့ အခွင့်အရေးအဖွဲ့ အနေဖြင့် ဖြစ်စဉ်များအား ပုံမှန်လေ့လာသုံးသပ် ထုတ်ပြန်ချက်များထုတ်၍ ယခုကဲ့သို့ စစ်ဘေးရှောင်နေရာများသို့ လက်နက်ကြီးပစ်ခတ်မှုများအားလည်း ရှုတ်ချကြောင်း (KnHRG)၏ ဒါရိုက်တာ ဦးဗညားက ဆက်ပြောသည်။

ကရင်နီပြည်နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် စစ်ရှောင်စခန်းများတွင် လက်နက်ကြီးကျရောက်ခဲ့သည့် အကြိမ်အရေအတွက်အား အရပ်ဘက်အဖွဲ့များအနေဖြင့် စနစ်တကျကောက်ယူရန် လက်လှမ်းမမှီ သေးသော် လည်း ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးပစ်ခတ် ကျရောက်မှု (၁၅)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ(၃)ဦးသေဆုံးကာ (၁၃)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KnHRG က ပြောသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...