မြန်မာပြည်အလယ်ပိုင်းတွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်

မြန်မာပြည်အလယ်ပိုင်းတွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်

မြန်မာပြည်အလယ်ပိုင်း တံတာဦးမြို့အနီးတွင် ပြင်းအားရစ်(ချ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားပြင်းမြေငလျင်တစ်ခု ဒီဇင်ဘာလ ၁၅ရက် နံနက်အစောပိုင်းက လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ(တံတားဦးမြို့၏အရှေ့ဘက် လေးမိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၁ ဒသမ ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၃ ဒီဂရီ၊ အနက် ၆၃ ကီလိုမီတာကိုဗဟိုပြု၍ ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်နှင့် ၃၅ စက္ကန့် အချိန်ခန့်တွင် အင်အားအသင့်အတင့်ရှိငလျင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

"ဒုန်းကနဲ အသံနက်ကြီးနဲ့ တစ်တိုက်လုံးရမ်းခါသွားတယ်၊ ခံစားချက် အရမ်းသိသာတယ်ကွာ၊ အရင်ကလည်း ငလျင်ဒဏ်ခံခဲ့ဖူးတယ်၊ အခုက အဲဒီထက်ပြင်းတယ်လို့ပြောလို့ရတယ်၊ ဒုန်းဒုန်းဒုန်းဒုန်းနဲ့ ဆက်တိုက်ကြီး သုံးလေးစက္ကန့်လောက်လှုပ်သွားတာ" ဟု မန္တလေးမြို့လယ်ခေါင်တိုက်ခန်း တစ်ခုတွင်နေထိုင်သူက ပြောသည်။

ကလောမြို့ခံ တစ်ဦးကလည်း  " မနေ့က မနက် ၃နာရီက ကမ္ဘာ့ဖလားဘောလုံးပွဲကြည့်နေတဲ့အချိန်မှာ အိမ်ပေါ်ကို လူတွေပြေးတက်လာသလိုခံစားရတော့ လန့်သွားတယ်။ ငြိမ်ပြီးဆက်နားထောင်တော့ အိမ်ကတုန်ခါသွားတယ်။ ပြီးမှ ငလျင်လှုပ်တာမှန်းသိရတာ" ဟု ဆိုသည်။

မြေငလျင်လှုပ်ခတ်မှုဒဏ်ကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိက ခံစားကြရကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အောက်တွင် လူအများ၏ မှတ်ချက်ပြုမှုများအရ သိရသည်။

" မန်းလေး ငလျင် တော်တော်ကြမ်း။ ဘဝမှာ တစ်ခါမှ မကြုံဖူး၊ ကြောက်စရာကြီး၊ ရင်တွေတောင်တုန်ပြီး လန့်အော်မိတယ်။ အားလုံးဘေးကင်းကြပါစေ " ဟု မန္တလေး မြို့ခံတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွခ် စာမျက်နှာတွင် မှတ်ချက်ပြုရေးသားထားသည်။

"ဆွဲခါရမ်းလိုက်သလိုကို လှုပ်သွားတာ၊ အသံကြီးကလဲည်း ကြောက်စရာကြီး၊ ကြုံဖူးသမျှထဲအကြမ်းဆုံးပဲရော၊ အိပ်ပျော်ရာကနေ လန့်နိုးတာပဲ" ဟု နောက်ထပ် မန္တလေးမြို့ခံတစ်ဦးကလည်း ရေးသားထားသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ ဘုရားနှင့် ဘုန်ကြီးကျောင်းအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အသေးစိတ်ကို မဇ္စျိမမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...