စစ်ကောင်စီသည် ရခိုင်သို့ စစ်တပ်ထုတ်အရက်နှင်ဘီယာများကို ဒလဟောသွင်းခွင့်ပြုပြီး ပြည်သူများမရှိမဖြစ်လိုအပ်နေသည့် ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းတချို့ကို တင်းတင်းကျပ်ကျပ်တားမြစ်ထား

စစ်ကောင်စီသည် ရခိုင်သို့ စစ်တပ်ထုတ်အရက်နှင်ဘီယာများကို ဒလဟောသွင်းခွင့်ပြုပြီး ပြည်သူများမရှိမဖြစ်လိုအပ်နေသည့် ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းတချို့ကို တင်းတင်းကျပ်ကျပ်တားမြစ်ထား
Photo by The Japan Times
Photo by The Japan Times

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းသို့ စစ်ထပ်ထုတ် အရက်၊ ဘီယာများကို အကန့်အသတ်မရှိ ဒလဟောသွင်းခွင့်ပြုထားပြီး ပြည်သူများမရှိမဖြစ် အသုံးပြုရန် လိုအပ်သည့် ဆေးဝါးနှင့် လူသုံးကုန်တချို့ကို တင်သွင်းခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ် ကန့်သတ်တားမြစ်ထားကြောင်း သတင်းရရှိသည်။

လက်ရှိ အချိန်တွင် မြန်မာစစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA) နှင့် အလွတ်သဘော အပစ်ရပ်စဲထားသော်လည်း ပြည်သူများအသုံးပြုရန် မဖြစ်မနေလိုအပ်သည့် ဆေးဝါးနှင့် ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများတင်သွင်းခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ခံ လူမှုရေးလှုပ်ရှားဆောင်ရွက်သူ တစ်ဦးက “ အမ်းစစ်ဆေးရေးဂိတ်က စစ်တပ်ထုတ် အရက်ဘီယာသယ်လားတဲ့ကားဆိုရင် ချက်ချင်းခွင့်ပြုတယ်။ ဘာနယ်လုံဝန်ကြီးဆီက ခွင့်ပြုချက် မလိုဘူး။ ကျန်တဲ့ ပြည်သူတွေ အဓိက အသုံးလိုနေတဲ့ ဆေးဝါးတွေကိုကျရင် လုံး၀ တင်သွင်းခွင့်မရဘူး။ ကျန်တဲ့ အိမ်သုံးပစ္စည်းတွေဆိုရင်လည်း နယ်လုံဝန်ကြီးဆီက လက်မှတ်ပါမှ သယ်ခွင့်ပြုတာမျိုး။ ဒီလိုလုပ်ထားတာ” ဟု ပြောသည်။

စစ်ကောင်စီထုတ်အရက်ဘီယာများအပါအဝင် နိုင်ငံခြားအရက်ဘီယာများ တင်ဆောင်သည့် ကားများသည် တစ်ပတ်လျှင် ရခိုင်ပြည်အတွင်းသို့ ခန့်မှန်းခြေ အစီးနှစ်ဆယ်ကျော်ခန့် ဝင်လေ့ရှိပြီး ကားတစ်စီးလျှင် စက္ကူဖာနှစ်ရာနှင့် သုံးရာအကြား တင်ဆောင်၍ပါရှိသည်ဟု ကားသမားတစ်ဦးကပြောသည်။

"အနည်းဆုံးကတော့ တစ်ပတ်မှာ အစီးနှစ်ဆယ်လောက်ဝင်ပါတယ်။ အေအေတို့က တားမြစ်မယ် ဆိုရင်တော့ လုပ်ငန်းရှင်တွေကို တားမြစ်မှပဲရပါမယ်။ လုပ်ငန်းရှင်တွေက မရောင်းရင် ပြည်သူလူထုကလည်း သောက်သုံးစရာအကြောင်းမရှိပါဘူး။ လုပ်ငန်းရှင်တွေကို မတားမြစ်ဘဲနဲ့ ကားကိုတော့လာတားမြစ်လို့ကအဆင်မပြေပါဘူး။ စစ်တပ်ဂိတ်တွေက အရက်ဘီယာတွေကို တရားဝင်သွင်းခွင့်ပြုထားတာလေ။ အဓိက အရောင်းအဝယ် ကိုယ်စားလှယ်တွေ၊ ဆိုင်သည်တွေကို တားမြစ်ရပါမယ်။ မျှောစာမပါဘဲ ခိုးတင်လာရင်တော့ စစ်တပ်ဂိတ်တွေမှာ ပိုက်ဆံပေးရတယ်။ ဂိတ်တွေကတော့ အမြဲတမ်းတောင်းရမ်း စားသောက်နေကြတာပါ။ နိုင်ငံတော်ကောင်စီက ငြိမ်းချမ်းရေးဆိုပြီးပြောနေပေမယ့် အောက်ခြေကသူတို့ကောင်တွေကတော့ လုပ်ချင်သလိုလုပ်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေကြတာပါ" ဟုပြောသည်။

ရခိုင်သို့ ကုန်းလမ်းကြောင်းဖြင့် တင်သွင်းနေသည့် စစ်တပ်ထုတ် အရက်ဘီယာများသည် တရားဝင်မျှောစာများဖြင့် တင်သွင်းခွင့်ပြုထားပြီး ရခိုင်ပြည်မှ ကိုယ်စားလှယ်ယူထားသူမှလွဲ၍ အခြားဆိုင်ငယ်များက မျှောစာမပါဘဲ သွင်းခွင့်မရှိကြောင်း၊ သို့သော်လည်း  စစ်တပ် စစ်ဆေးရေးဂိတ်များကို ငွေပေးကာ အလွယ်တကူဖြတ်သန်း ခိုးသွင်းနေကြသည်ဟု  စစ်တပ်ထုတ် အရက်ဘီယာများတင်သွင်းနေသူများနှင့် နီးစပ်သူများ၏ အပြောအရ သိရသည်။

စစ်ကောင်စီထုတ်အရက်ဘီယာများကို ပြည်မတွင် ဗမာလူထုက မသောက်သုံးတော့သလို ဆိုင်များတွင်လည်း သပိတ်မှောက် Boycottလုပ်မှု ပိုမိုများပြားလာ၍ စစ်တပ်ထုတ် အရက် ဘီယာများကို ရခိုင်ပြည်ဘက်ကိုပိုအလေးထားပြီး တင်ပို့လာသည်ဟု ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကပြောသည်။

 "အဓိကကေတာ့ အရက်ဘီယာတွေက ဆက်တိုက် ဒလဟောသုံးနေကြတယ်။ ပြည်မဘက်မှာကျတော့ စစ်တပ်ထုတ်အရက်ဘီယာတွေကို boycott သပိတ်မှောက်တာတွေ လုပ်တဲ့အတွက် ရခိုင်ပြည်ဘက်ကို ပိုအလေးထားပြီး စီးပွားရှာတယ်လို့မြင်တယ်။ ဒီအပေါ်မှာ အလေးအနက် စဉ်းစားသုံးသပ်ဖို့ လိုအပ်နေပါတယ်။ တိုက်ပွဲရပ်ပေမယ့် အိမ်ဆောက် ပစ္စည်းတွေကိုလည်း သွင်းခွင့်မရတော့ ရခိုင်ပြည်က ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အပေါ်ကို ဆိုးဆိုးရွားရွားထိရောက်စေပါတယ်" ဟုပြောသည်။

စစ်ကောင်စီသည် ရခိုင်သို့ စစ်တပ်ထုတ် အရက်နှင့် ဘီယာများကို ဒလဟော သွင်းနေခြင်းမှာ ရည်ရွယ်ချက် နှစ်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကလည်း ပြောကြားသည်။  

“  အဓိက စစ်ကောင်စီက ရည်ရွယ်ချက် နှစ်ရပ်နဲ့ လုပ်နေတာဖြစ်တယ်။ ပြည်မမှာ ရောင်းအားကျလာတဲ့ အရက် ဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်တွေကို ရခိုင်ကို ပို့ပြီး သူတို့ ဝင်ငွေကို ပိုရှာလာတယ်။ စီးပွားရေး အရတစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ အုပ်ချုပ်သူ စစ်ကောင်စီ အသုံးပြုလာတဲ့ ပေါ်စီပေါ့။ ရခိုင်ပြည်သူတွေကို အရက်တွေ ဒလဟောသွင်းပြီး ဖျက်ဆီးတာပေါ့။ ဒီရည်ရွယ်ချက် နှစ်ခုနဲ့ လုပ်နေတာပါ” ဟု ၎င်းက သုံးသပ်ပြောကြားသည်။



စစ်ကောင်စီသည် ရခိုင်ပြည်သူလူထုအတွက် မရှိမဖြစ် လိုအပ်သော အိမ်သုံးဆေးဝါးများကို တင်သွင်းခွင့် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး စစ်တပ်ထုတ် အရက်ဘီယာများကို ဒလဟော တင်သွင်းခွင့်ပြုထားသည်ကို ကြည့်၍ သိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း လူသုံးဆေးဝါးတင်သွင်းမှုများကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်မှာ သုံးလနီးပါးခန့်ကြာမြင့်လာပြီဖြစ်ကာ ဆေးဝါးဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာနေပြီး ဆေးဝါးများ ပြတ်လပ်နေသည်ကို သိသော်လည်း ယခုအချိန်ထိ ဆေးဝါးများတင်သွင်းခွင့်ကို ပိတ်ပင်ထားဆဲဖြစ်သည်။

ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်  အလွတ်သဘော အပစ်ရပ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီကပိတ်ပင်ထားသည့် ကုန်းလမ်း၊ ရေလမ်းကြောင်းတချို့ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဆေးဝါးများနှင့် အိမ်ဆောက်ပစ္စည်းများ တင်သွင်းခွင့်ကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။

အမည်မဖော်လိုသည့် ဆေးဆိုင်ရောင်းချသူတစ်ဦးက "ကားဂိတ်တွေကိုယ်တိုင်ကနေပြီးတော့ ဆေးဝါးတွေကို လက်မခံပါဘူး။ ဆေးတွေပါလာလို့ အစစ်ခံရရင် ကားပေါ် ပါလာတဲ့ သူတွေလည်း အခက်အခဲဖြစ်ပြီး ကားလမ်းတစ်လျှောက်လည်း အစစ်အဆေးတွေ များတယ်ဆိုတော့လေ။ အခုကေတာ့ ဆေးတချို့လောက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သယ်နေရတာတွေရှိတယ်။ ဆေးပုလင်းအရည်တွေဆိုရင် သယ်ရတာမလွယ်တော့ ဆေးရည်တချို့ပြတ်နေတာတွေရှိတယ်။ အပစ်အခတ် ရပ်စဲတယ်ဆိုပြီးတော့ အခုအချိန်အထိ ဆေးသယ်ယူခွင့်တွေပိတ်ပင်ထားဆဲ ကုန်းလမ်းတွေကိုလည်း ပိတ်ထားဆဲဖြစ်ပါတယ်" ဟုပြောသည်။

ရခိုင်တွင် စစ်ကောင်စီထုတ်အရက်ဘီယာများကို သုံးစွဲခြင်းသည် စစ်တပ်ကို ထောက်ခံ အားပေးရာရောက်၍ မသုံးစွဲကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တွဲဘက် အတွင်းရေးမှူး အေးထွန်း (ခေါ်) ထွန်းမင်းနိုင်ကလည်း သူ၏ ဆိုရှယ်မီဒီယာမှတဆင့် သတိပေးမှုတခု ပြုလုပ်ခဲ့သေးသည်။

သို့ရာတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီထုတ်အရက်ဘီယာများကို ရောင်းချသုံးစွဲနေမှုများ ဆက်လက်ရှိနေသေးပြီး စားသောက်ဆိုင်များတွင်  ရောင်းအားမြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီထုတ်အရက်ဘီယာများကို ရခိုင်တွင် အသုံးများနေခြင်းသည် တစ်ဖက်က သွယ်၀ိုက်ပြီး စစ်ကောင်စီကို ထောက်ပံ့ရာရောက်နေသဖြင့် အတတ်နိုင်ဆုံး မသုံးစွဲဖို့ လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။

Most read this week

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...