တအာင်းနှစ်သစ်ကူးပွဲ ရှမ်းတောင်တွင် အကျဉ်းချုံးကျင်းပမည်

တအာင်းနှစ်သစ်ကူးပွဲ ရှမ်းတောင်တွင် အကျဉ်းချုံးကျင်းပမည်
ဓါတ်ပုံ - ရွှေဖီမြေ
ဓါတ်ပုံ - ရွှေဖီမြေ

ယခုနှစ်တွင် ကျရောက်မည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူး ကြိုဆိုသည့် ပွဲတော်အား အကျဉ်းချုံးသာကျင်းပ ကြရန် ညွှန်ကြားထားသည်ဟု ရှမ်းတောင် တအာင်း နှစ်သစ်ကူးပွဲ ကျင်းပရေး ကော်မတီမှတာဝန်ရှိ သူများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်ဆန်မြို့ အခြေစိုက် တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှတအာင်း နှစ် သစ်ကူး ကြိုဆိုသည့် အခမ်းအနားကို မိမိတို့မြို့နယ်အလိုက် လက်ရှိနိုင်ငံရေးနှင့် COVID-19 အခြေအနေတို့ ကြောင့် ကိုဗစ်စည်းကမ်းနှင့်အညီ အကျဉ်းချုံးသာ လုပ်ကြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

ယခု ၂၀၂၂ ခုနှစ် လာမည့် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ည ၁၂ နာရီအချိန်တွင် တအာင်းနှစ်ဟောင်းကုန်လွန်၍ ၂၀ ရက်နေ့တွင် (၂၇၁၄) နှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကို ကြိုဆိုရာတွင်အကျဉ်းချုံးကျင်းပရန် တိုက်တွန်းထား ခြင်း ဖြစ်သည်ဟု ယခင် နှစ်သစ်ကူး ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ခံ ကိုမိုင်းက ပြောသည်။

“နှစ်သစ်ကူး ဒီနှစ် လုပ်တော့ လုပ်ကြတယ်ပေါ့နော်။ အနယ်နယ် အရပ်ရပ်က ရွာတွေမှာပဲကျင်းပခိုင်းတာပေါ့ နော်။ ဟိုလိုမျိုး အကြီးအကျယ်တော့ ပွဲမကျင်းပခိုင်းဘူး ဆိုတာက နိုင်ငံရေးနဲ့ဒီလိုမျိုး ဖြစ်နေတယ်ဆိုတော့ မကောင်းဘူးလေ။ သူများတွေ ဒုက္ခရောက် အဆင်မပြေဖြစ်နေတဲ့အချိန်မှာ ကိုယ်တွေက ထလုပ်ဆိုရင် မကောင်းဘူးလေ။ အဲဒါကြောင့်လုပ်ဖြစ်တယ်ဆိုရင်လည်း ရွာတွေမှာပဲ အကျဉ်းချုံး လုပ်ခိုင်းတာပေါ့နော်။ မိုင်းကိုင်မှာလည်းလုပ်ကြမယ်။ သူတို့လည်း ရွာမှာအကျဉ်းချုံးလောက်ပါပဲ အသေးစားပါပဲတဲ့။”

တအာင်းနှစ်သစ်ကူး ကြိုဆိုသည့်ပွဲတော်အား ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပြီးခဲ့သည့်၂၀၁၅ ခုနှစ်ကစတင် ကျင်းပခြင်းဖြစ်ပြီး နမ့်ဆန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံးရှိတအာင်းလူမျိုးများ စုဝေး၍ ကျင်းပခဲ့သည်ဟု ဆိုသည်။

သို့သော် နှစ်သစ်ကူး ပွဲတော်ကြီးအား မကျင်းပနိုင်ခဲ့သည်မှာ ၂၀၂၀ ခုနှစ် COVID- 19 ဒုတိယလှိုင်းဖြစ်ပွားသည့် နှစ်မှစတင်ပြီး ၂၀၂၁ ခုနှစ်နှင့် ယခု ၂၀၂၂ ခုနှစ်တွင်လည်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မကျင်းပနိုင်သေးဘူးဟု ဆိုသည်။

ကိုမိုင်း က “၂၀၁၉ နောက်ပိုင်းကစပြီး ရွာတိုင်းလိုလို ပြောထားတာပေါ့နော်။ အိမ်တိုင်းလည်း နှစ်သစ်ကူး ကြို ဆို လို့ရတယ်။ နှစ်သစ်မတိုင် ည ၁၂ နာရီလောက်မှာ ကိုယ့်အိမ်မှာကိုယ်နေပြီး ကြိုဆို၊ပျော်ပွဲရွှင်ပွဲလေးတွေ လုပ် အိမ်နီးနားချင်းတွေ ဖိတ်ခေါ် အဲလိုမျိုးပေါ့။ ရွာထဲမှာလည်း အကျဉ်းချုံးတော့ ကိုယ့်ရွာကိုယ် လုပ်ကြတာ ပေါ့နော်” ဟု ပြောသည်။

တအာင်းနှစ်သစ်ကူးနေ့ အခမ်းအနားကို တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ်မှာ ၂ဝ၁၂ ကစတင်ကျင်းပခဲ့ပြီး တအာင်းတစ်မျိုးသားလုံးအတွက် တအာင်းနှစ်သစ်ကူးနေ့ကို ကျင်းပကြရန် ၂ဝ၁၃ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် မန်တုံမြို့က (၁ဝ) ကြိမ်မြောက် တအာင်းစာပေနှင့် ယဥ်ကျေးမှုညီလာခံတွင် စတင် အတည်ပြုခဲ့ သည်ဟု ဆိုသည်။

တအာင်းနှစ်သစ်ကူး ကြိုဆိုသည့်ပွဲတော်မှာ ယခင်ကတည်းက ကျေးရွာများတွင် ရွာအလိုက် စီစဉ်ကျင်းပခဲ့ပြီး အတည်ပြုခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်ကစတင်၍ တစ်ရက်တည်းတွင် နေရာဒေသီးသီးတပြိုင်တည်း ညီညီညာညာ ကျင်းပနိုင်ရန် တအာင်းလူငယ်များမှ မန္တလေးတိုင်းပြည်ကြီးတံခွန် ကျောင်းတိုက်ရှိ ဆရာတော် ဦးပညာထံတွင် နှစ်သစ်ကူးရေတွက်သည့် ပညာရပ်အားသင်ကြားခဲ့ခြင်း ဖြစ်သည်ဟု တအာင်းလူငယ်များက ပြောသည်။

တအာင်းနှစ်သစ်ကူး ရေတွက်သည့် ပုံစံမှာ ရိုးရာတိရစ္ဆာန်နေ့နံ အကောင် ၆၀ ဖြင့် နေ့စဉ် အလှည့်ကျရေတွက် ခြင်းဖြစ်ပြီး အကောင် ၆၀ ပြည့်သည့် အခါ ၁ မှ ပြန်လည်စတင် ရေတွက်ခြင်း ဖြစ်သည်။

ထိုမှတဖန် ၃၆၅ ကြိမ် ပြည့်ပါက တစ်နှစ်ဟု သတ်မှတ်ကာ နှစ်သစ်သို့ ကူးပြောင်းသောကြောင့် နှစ်စဉ်နှစ်သစ်ကူးရက်မှာ မတူညီဟု ဆိုသည်။

တအာင်း နှစ်သစ်ကူးပွဲတော်ရက် နေ့ခင်းပိုင်းတွင် လွန်ဆွဲပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲတို့ပြုလုပ်ကြပြီး ည ၇ နာရီရောက်သည့် အခါတွင် အနယ်နယ်အရပ်ရပ်မှ တအာင်းလူမျိုးများတူညီဝတ်စုံဖြင့် အခမ်းအနား ဖွင့် လှစ်ကြသည်။ ထို့နောက်တွင် သီဆို ဖျော်ဖြေ ကကြပြီး ည ၁၂

နာရီကျော်၊ နှစ်သစ်ကူးပြောင်းသည့် အချိန်တွင် မီးပန်းများ ပစ်ဖောက်ကာ ကြိုဆိုကြခြင်း ဖြစ်သည်ဟုတအာင်းလူငယ်များက ပြောသည်။

တအာင်း မဟာနှစ်သစ်ကူးပွဲတော်အား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က နမ့်ဆန်မြို့တွင် ကျင်းပခဲ့ကြပြီး ၆ လတစ်ကြိမ် ပြုလုပ်သည့် တအာင်း သံဃာ သမဂ္ဂ နှစ်ပတ်လည် အစည်းအဝေးနှင့်အတူဆွမ်းဆန်စိမ်းလောင်းပွဲကိုလည်း တစ်ရက်တည်းတွင် ကျင်းပခဲ့ကြသည်။

တအာင်းနှစ်သစ်ကူးပွဲတော်အား ၂၀၂၀ ခုနှစ်မှ စတင်၍ ၃ နှစ်တိတိ အကျဉ်းချုံးသာ ကျင်းပနိုင်ခဲ့ကြသော်လည်း လာမည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့တွင်

မဟာနှစ်သစ်ကူးပွဲတော် ပြန်လည် ကျင်းပရန် စီစဉ်ထားသည်ဟု ပွဲတော်ကျင်းပရေး တာဝန်ခံများကပြောသည်။

January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...