မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ဂိတ်စခန်း တစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိတ် ခရိုင်တပ်ရင်း (၁) မှ Palaw People’s Defence Force (PPDF)၊ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) KPDF နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။
“စစ်တပ်ဘက်က လက်နက်ကြီးနဲ့ တဂျိမ်းဂျိမ်းပြန်ပစ်နေတာ၊ တိုက်ပွဲက အချိန်တော်တော်လေး ကြာတယ်၊ ရွာ သားတွေက သေနတ်သံတွေ စကြားထဲက တရွာလုံးရှောင်နေကြရတာ၊ တညလုံးမပြန်ရဲကြဘူး၊ တောထဲမှာ ဒုက္ခခံနေကြရတာ” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက် ငယ်များဖြင့် နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြရာ အချိန် ၅ နာရီနီးပါးကြာ မြင့်ခဲ့ပြီးနောက် ညနေ ၅ နာရီခန့်မှာ စစ်ကောင်စီဘက်က ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု မြိတ်ခရိုင် PDFတပ်ရင်း (၁) ပြန်ကြားရေးတာဝန်ရှိသူ က ပြောသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ထမင်းမစားကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ပူးပေါင်းကာ အင်အား ၂၀ ခန့်ဖြင့် ဂိတ်ချ တပ်စွဲနေထိုင်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က သေဆုံးသွားသူနှင့် ဒဏ်ရာရရှိသွားသူများကို တိုက်ပွဲအပြီးမှာ လူနာတင်ကားများဖြင့် လာ ရောက်တင်ဆောင်သွားသည်ကို မြင်တွေ့ရသည်ဟုဒေသခံများက ဆိုသည်။
တိုက်ပွဲ ပြီးဆုံးသွားသည့်နောက် နယ်မြေရှင်းလင်းရာမှာ သေနတ် ၁လက် နှင့် ကျည်ဘောက် ၅ ခုကိုလည်း သိမ်း ဆည်းရမိခဲ့သည့် အပြင် ၎င်းတို့သယ်ယူရန် ကျန်ခဲ့သည့် စစ်သား အလောင်းတစ်လောင်းကိုမူ ပြည်သူ့ကာကွယ် ရေး တပ်များဘက်က မီးရှို့သဂြိုလ်ပေးခဲ့ရသည်ဟု ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းကလည်း ထမင်းမစား ကျေးရွာအုပ်စုရှိ ဆယ်အိမ်စုကျေးရွာက ဘုန်းကြီးကျောင်း တောင်ကုန်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ၄ ဦး ပြင်းထန်ဒဏ်ရသွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်မှ ၁ ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့သည်။