ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ

ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ
ယခင်ဓာတ်ပုံဟောင်း
ယခင်ဓာတ်ပုံဟောင်း

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တောင်ဘက် ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ပြည်သူတွေ တစ်ဝက်ခန့် ဖျားနာနေပြီး လူဦးရေ ၃၀၀ ခန့်က ရောဂါပြင်းထန်တယ်လို့ စေတနာဝန်ထမ်း သူနာပြု တစ်ဦးကပြောပါတယ်။ အဆိုပါ ဆိုသယ် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၇၀၀ ရှိနေတာပါ။

” ကလေးတွေဆို နှာစေး၊ ချောင်းဆိုး၊ အဖျားကြီးပြီး အချို့ဆို သတိလစ် တဲ့အထိ ဖြစ်ကြပါတယ်။ အဲ့လောက်ပြဿနာတေအထိ ရင်ဆိုင်နေရပါတယ်၊ လူကြီးတေမှာဆိုလဲ နှာစေး၊ ချောင်းဆိုး၊ တစ်ကိုယ်လုံးကိုက်ခဲ နာကျင်ကြတယ်၊ ပူလိုက်အေးလိုက် အဲ့လို အလုအယက်ဖျားနေကြတာပေါ့ ” လို့ စေတနာ့ဝန်းထမ်း သူနာပြု တစ်ဦးက ပြောပါတယ်။

ရောဂါလက္ခဏာ အများစုက တုပ်ကွေးရောဂါနဲ့ ဆင်တူပြီး ရုတ်တရက် ကိုယ်ပူပြီး အဖျားတက်တာတွေအပြင် အားနည်းတဲ့ကလေးတွေမှာ ပျို့အန်တဲ့အခြေအနေထိ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရေးပြားယားနာပေါက်ခြင်း၊ အနာပြည်တည်ခြင်း၊နဲ့ နာတာရှည် ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ အဆစ်အမြစ်ကိုက်ခဲတဲ့ ရောဂါနဲ့၊ အစာအိမ် ရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ အဆိုပါသူနာပြု က ထပ်လောင်းပြောပါတယ်။

တောတောင်ထဲမှာ စစ်ရှောင်နေရတာကြောင့် ရာသီအကူးပြောင်းချိန်မဟုတ်လည်း မကြာခန ဖျားနာကြသလို အဲဒီရောဂါတွေကို ကုသနိုင်ဖို့ အတွက် လည်း ဆေးဝါးတွေမလုံလောက်ဘူးလို့ စစ်ရှောင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

“သားက ချမ်းတုန်တယ်၊ တကိုယ်လုံးကိုက်ခဲတယ်၊ ခေါင်းကိုက်တယ်တဲ့ ။ ချောင်းလည်းဆိုးတယ်၊ ပျို့အန်ချင်နေတယ်။ မနက်စောစော မိုးမလင်းခင်ကတည်းက ဖြစ်တယ်။ ဒီညတော့ မသက်သာဘူး။ ဘာဆေးမှလည်းမပေးထား‌သေးဘူး။ တိုက်စရာဆေးလည်းမရှိလို့။ တစ်လမှာ တစ်ကြိမ်လား ၂လမှာ ၃ ကြိမ်လားမသိဘူး ခနခန ဖျားတာပဲ။ ” လို့ စစ်ရှောင်မိခင်တစ်ဦးက သူမရဲ့ သားဖြစ်သူ ရဲ့ အခြေအနေကို ရှင်းပြပါတယ်။

လက်ရှိဆိုသယ်စစ်ရှောင်စခန်းဟာ ဆေးရုံဆေးခန်းနဲ့ ဝေးလံတဲ့နေရာမှာ တည်ရှိနေတာဖြစ်ပြီး အရေးပေါ်လူနာတွေကို ဆေးရုံဆီပို့ဆောင် ကုသပေးဖို့ အတွက် အခက်ခဲတွေရှိနေပါတယ်။

” ကျမတို့အတွက် ဒီမှာက အခက်အခဲ‌တွေကတော့ လူနာ တွေဖျားတာများတော့ ဆေးဝါးမလုံလောက်တာရယ်၊ အရေးပေါ်လူနာတေ၊ မွေးလူနာတွေလဲ ရှိနေတော့ ဆေးရုံပို့ဖို့က ကားတေမရှိဘူး၊ ဓါတ်ဆီ၊ဒီဇယ်‌တွေမရှိဘူး အဲ့တာတွေခက်ခဲတာပေါ့နော်။” လို့ စေတနာဝန်းထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ် မှာ စစ်ဘေးရှောင် ဦးရေး ၆၀၀၀ ကျော်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာတွေရှိနေပါတယ်။

January 11, 2025
ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နယ်၊ စစ်ကောင်စီ၏ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်က...
January 6, 2025
၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့...
January 2, 2025
၂၀၂၅ နှစ်သစ်ကူးညမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းနဲ့...
December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...