လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က ရခိုင်ပြည်နယ်ရဲ့အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာငယ်လေးတစ်ခုမှာနေထိုင်တဲ့ မြိုတိုင်းရင်းသားတွေဆီကို ကံကြမ္မာဆိုးတစ်ခု ဆိုက်ကပ်ဝင်ရောက်လို့လာခဲ့ပါတယ်။
အဲဒီကံကြမ္မာဆိုးကတော့ သူတို့နေထိုင်ရာ ဂြစ်ချောင်းဆိုတဲ့ ကျေးရွာလေးထဲကို နိုဝင်ဘာ ၁၆ ရက်က လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် ရွာသား ၁၃ ဦး သေဆုံးခဲ့ရတဲ့ ကြေကွဲရင်နင့်ဖွယ်ရာ ကံကြမ္မာဆိုးပါပဲ။
ဒီကံကြမ္မာဆိုး မကျရောက်ခင် သူတို့တွေဟာ ပျော်ပျော်ပါးပါးနဲ့ သူတို့ရဲ့ ရိုးရာ ဓလေ့ထုံးစံအတိုင်း ကလေးငယ်တစ်ဦးရဲ့ ကင်းပွန်းတပ် နားထိုးပွဲကို ကျင်းပနေခဲ့ကြတာပါ။
ဒီအချိန်မှာ မမျှော်လင့်ဘဲ မောင်တောမြို့နယ် ကြိမ်ချောင်း နခခ (၇) က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် သုံးလုံးဟာ နားထိုးပွဲကျင်းပနေတဲ့ နေရာကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ပျော်ပွဲရွှင်ပွဲကနေ ချက်ချင်းဆိုသလို သွေးသံရဲရဲနဲ့ အနိဌာရုံ အမင်္ဂလာပွဲအဖြစ် တဒင်္ဂတ အတွင်းမှာ ပြောင်းလဲသွားပါတော့တယ်။ သေတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေနဲ့ ပွတ်လောရိုက်ကုန်ပါတယ်။ ငိုရှိုက်သံ၊ ညဉ်းတွားသံ၊ နာကြည်းကြေကွဲသံတွေနဲ့ ဆူညံကုန်ပါတော့တယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သားဖြစ်သူ ဒဏ်ရာရသွားတဲ့ ဖခင် ဦးမောင်မောင်(နာမည်လွဲ)က ဝမ်းနည်းစိတ်ပျက်မှုတွေနဲ့ ခုလိုပြောဆိုပါတယ်။
“ ရွာသားတွေ စုရုံးပြီး နားထိုးပွဲပြုလုပ်ချိန်မှာ လက်နက်ကြီးကျလာပါတယ်။ လူတွေအကုန်လုံးက အံ့အားသင့်ဖြစ်ကုန်ပါတယ်။ လက်နက်ကြီးကျည် ၃ လုံးက အိမ်ခေါင်ကနေ ပွဲဝိုင်းအထဲကို တခါတည်းကျသွားတာပါ။ ကျနော့်သားတစ်ယောက် ထိသွားလို့ အခြားဘာတစ်ခုမှလည်း အာရုံမစိုက်နိုင်လိုက်တော့ဘူး။ သေဆုံးသွားတဲ့ သူတွေ အတွက်လည်း အရမ်းခံစားရပါတယ်၊ တစ်အိမ်တည်းက နှစ်ယောက်သေတဲ့ အထဲပါသွားတာလည်း ရှိတယ်။ တကယ့်ကို ကြေကွဲ ရင်နာရတဲ့ ဖြစ်ရပ်ပါ။ တော်တော်လေး အထိနာ သွားပါတယ်။ အဖေဆုံးသွားတယ်။ သားဆုံးသွားတယ်။ မိသားစုဝင်နဲ့ ကလေးတွေအများကြီးကျန်ခဲ့ပြီး အဖေမရှိ၊ အစ်ကိုမရှိ ဖြစ်သွားပါတယ်။”
အဲဒီကြေကွဲဖွယ်ရာ ဖြစ်စဉ်အတွင်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့အထိ အသက် ၁၀ နှစ်အောက်ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံ ၁၃ ဦးသေဆုံးပြီး ရွာသား ၂၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီပစ်ခတ်မှုကို စစ်ကောင်စီက ကြိမ်ချောင်းအခြေစိုက် နခခ(၇) စခန်းကနေ ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပြီး တမင်ရည်ရွယ်ချက်ချက်ရှိရှိပစ်ခတ်လိုက်တာဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ ရက္ခိုင့်တပ်တော်ဘက်ကလည်း ဒီလုပ်ရပ်အပေါ်မှာ မြန်မာစစ်တပ်ကို ပြစ်တင် ရှုတ်ချထားပါတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘက် တဖန်ငြင်းဆိုပြီး ရက္ခိုင့်တပ်တော် အေအေကို ထိုးချထားပါတယ်။
ဒီလို အပြစ်မဲ့ ကျေးရွာသားတွေ တစ်ဆယ်ကျော်ထိ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အလွန်ဆိုးရွာပြီး မြိုတိုင်းရင်းသားတွေရဲ့ သမိုင်းမှာ အကျဉ်းတန် အဖြစ်ဆိုးတဲ့ နေ့တစ်နေ့ အဖြစ် သမိုင်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်အပေါ်မှာ မြိုလူမျိုးတွေအနေဲ့ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဦးမောင်မောင်(နာမည်လွဲ)က ပြောဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ ဂြစ်ချောင်း(မြို)ကျေးရွာရဲ့ ရွာအလယ်မှာရှိတဲ့ ဦးမောင်မဲအောင်ရဲ့နေအိမ်မှာ ပြုလုပ်နေတဲ့ ၃ လသမီးကလေးရဲ့ နာမည်ထိုးပွဲနှင့် ကင်းပွန်းတပ်ပွဲမှာ အစားအသောက်တွေ ချက်ပြုတ်ပြီးလို့ နေ့လယ် ၁၂ နာရီလောက်မှာ ရွာသားတွေ စားသောက်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာ ကျရောက်ခဲ့တာဖြစ်ပါတ်။
တစ်ချိန်က မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်ခဲ့တဲ့ ငြိမ်းချမ်းတဲ့ ဂြစ်ချောင်းရွာကလေးဟာ တဒင်္ဂ အတွင်းမှာပဲ ရွာပျက်တစ်ရွာလိုဖြစ်သွားပြီး ရွာသားတွေကတော့ ရွာကနေ တကွဲတပြားစီ စွန့်ခွာ ထွက်သွားကြရပြီ ဖြစ်တယ်လို့ ကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးမောင်နီ(နာမည်လွဲ)က ပြောဆိုပါတယ်။
“အရင်တုန်းကတော့ ဒီလိုဖြစ်စဉ်မျိုးမရှိခဲ့ပါဘူး။ ဒါက အလွန် ဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီတုန်းက ပွဲမှာ လူ ၄၀၊ ၅၀လောက်ရှိပါတယ်။ လူတွေအများအပြားသေဆုံးပြီး ကင်းပွန်းတပ်တဲ့ ကလေးငယ်မှာလည်း ဒဏ်ရာရသွားပါတယ်။ အဲဒီနေ့က အနီးအနားမှာ တိုက်ပွဲဖြစ်တာတွေတော့ မရှိဘူး။ အဝေးက ပစ်ခတ်နေကြတဲ့ လက်နက်ကြီး၊ ငယ်သံတွေကိုတော့ ကြားခဲ့ရပါတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ ခုလို လက်နက်ကြီးနဲ့ ပစ်တာခံရတော့ အင်မတန်မှ ခံစားရပါတယ်။ အခု တစ်ရွာလုံးကတော့ ထွက်ပြေးနေကြရပါတယ်။ လောလောဆယ်ကတော့ လုံခြုံမယ့်နေရာမှာ စစ်ဘေးရှောင်နေကြပါတယ်။” လို့ သူက ပြောပါတယ်။
အဲဒီဖြစ်ရပ်ဆိုးကြောင့် ဂြစ်ချောင်းကျေးရွာနေသူများဖြစ်ကြတဲ့ ဦးရွှေမောင်(၆၅ နှစ်)၊ ကိုမင်ယာ(၂၇ နှစ်)၊ ဦးပြိုလ်ထွဲ(၃၀ နှစ်)၊ ကိုကြိုးအောင် (၂၅ နှစ်)၊ ဦးစိန်လှမောင် (၃၅ နှစ်)၊ မောင်ငင်ဝိုင်(၅ နှစ်)၊ ဦးသင်ယုန်( ၆၀ နှစ်)၊ မောင်ကာပုတ်(၁၅ နှစ်)၊ မလှသိန်း( ၆ နှစ်)၊ ဦးခင်မောင်ဇော်( ၅၅ နှစ်)၊ မောင်အောင်အောင်ဦး( ၈ နှစ်)၊ မောင်ငွေပိုင် (၁၆ နှစ်) နဲ့ (၄)လအရွယ် မောင်ဆောင်ဝေတို့ သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် နာမည်ပေးတဲ့ပွဲနဲ့ ကင်းပွန်းတပ်ပွဲပြုလုပ်နေတဲ့ သုံးလသမီးအပါအဝင် ဒေသခံ ၂၀ ကျော်ဟာလည်း ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။
ဒီလို အပြစ်မဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာထဲကို လက်နက်ကြီး တမင်ပစ်ခတ်တာကတော့ လူသားမျိုးနွယ်တစ်ခုအပေါ်မှာ စစ်ရာဇဝတ်မှုကျူးလွန်တာနဲ့ တူနေတယ်လို့ မြိုတိုင်းရင်းသား ပညာတတ်လူငယ်တစ်ဦးဖြစ်တဲ့ ကိုမျိုးအောင်(နာမည်လွဲ)က ပြောဆိုပါတယ်။
“ကျနော်တို့လူမျိုးက နဂိုကတည်းကနေလည်း ပညာတတ်မြောက်မှုအားနည်းပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု လုံး၀ မရှိဘူး။ အစစအရာရာ နိမ့်ကျနေတဲ့ လူမျိုးတစ်မျိုးရဲ့ ကျေးရွာထဲကို လက်နက်ကြီးပစ်တဲ့ အပေါ် ကျနော်တို့ အရမ်းခံစားရပါတယ်။ ဒီလိုပဲစစ်တပ်က ဆက်ပြီး လုပ်နေမယ်ဆိုရင် ကျနော်တို့လူမျိုးတွေဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာနဲ့လည်း တူနေပါတယ်။ ကျနော်တို့လူမျိုးတွေက လူနည်းစုဖြစ်တဲ့အပြင် ပညာရေးမှာ နိမ့်ကျတာကြောင့် ခေတ်နောက်ကျကျန်နေခဲ့ပါတယ်။ ဒီလိုသူတို့ လက်ချက်ကြောင့် ကျနော်တို့ လူမျိုးတွေအများအပြား သေသွားရတာဟာ လွန်စွာ ကြေကွဲစရာဖြစ်ပါတယ်။ ကျနော်က ကိုယ့်ဖာသာကိုယ် အားမလို အားမရဖြစ်မိပါတယ်။ ကိုယ်က တစ်ခုခုပြန်ပြီး တုံ့ပြန်ချင်ပေမယ့် ကျနော်တို့မှာ အခွင့်အလန်းမရှိဘူး။ ဒီအတိုင်းပဲ ကြည့်နေရတော့ ရင်နာတာကလွဲပြီး ဘာပြောရမှန်းတောင် မသိတော့ဘူး”လို့ ပြောဆိုပါတယ်။
ခုလို အရပ်သားတွေသာ နေထိုင်တဲ့ကျေးရွာတစ်ခု လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာတော့ ဂြစ်ချောင်း ကျေးရွာသားတွေသာမက မြိုတိုင်းရင်းသား တစ်ခုလုံးပါ မြိုလူမျိုးတွေရဲ့ အနာဂတ်ရပ်တည် နေထိုင်ရေးအတွက်ပါ စဉ်းစားစရာ ဖြစ်လာရပြီလို့ သူက ပြောပါတယ်။
“ လူမျိုးတစ်မျိုးတိုးတက်ဖို့အတွက် လူသားအရင်းအမြစ်က တော်တော်များများလိုပါတယ်။ ကျနော်တို့လူမျိုးတွေက လူဦးရေနည်းတဲ့အထဲ၊ ပညာကလည်းမတတ်၊ တောတောင်ကိုမှီခိုပြီးတော့ လုပ်စားနေကြတဲ့သူတွေဆိုတော့ ကျနော်တို့ကအရင်ကတည်းကနေ နိုင်ငံရေး၊ စီးပွားရေး ဘာတခုဆို တခုမှ မသိကြဘူး။ ဆိုတော့ ကျနော်တို့အနာဂတ်က ဝေဝါးသထက် ဝေဝါးလာတဲ့ ပုံစံ ဖြစ်လာနေပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် ကျနော်တို့လူမျိုးတွေက လူ့အခွင့်အရေးဆိုတာ ဘာမှန်းတောင်မသိကြပါဘူး။ ကျနော်ကိုယ်တိုင်တောင်မှ သိပ်ပြီးမသိပါဘူး။ ဒါကြောင့် စစ်တပ်က မိုင်းထောင်ထားတာကြောင့် သေသွားရင်လည်း အော် မိုင်းနင်းမိပြီး သေသွားတယ်။ ဒါပဲရှိပါတယ်။ အဲဒါဟာ အရမ်းကြီးရင်နာဖို့ကောင်းပါတယ်။ နောက်ထပ်တော့ ဒီလိုမျိုးဖြစ်စဉ်တွေကို ထပ်ပြီး မဖြစ်ချင်တော့ဘူး”
ဒါ့အပြင် ရခိုင်တိုင်းရင်းသားမျိုးနွယ်ထဲမှာ ပါဝင်တဲ့ မြိုတိုင်းရင်းသားတွေ ခုလိုမျိုး ထပ်လို့ လူ့အခွင့်အရေး ချိုးဖောက်ခံတာတွေ ရှိလာရင်လည်း ရခိုင်မှာရှိတဲ့ လူမျိုးတွေအားလုံးလည်း စုပေါင်းပြီးတော့ ဝန်းရံပေးဖို့တောင်းဆိုလိုပါတယ်လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။
“ရတဲ့ဖက်ကနေ ကျနော်တို့ အတွက် speak outလုပ်ပေးသင့်တယ်လို့လည်း မြင်ပါတယ်။ ဒီလို လုပ်ပေးမှသာ ကျနော်တို့လူမျိုးတွေအပေါ် လက်ရှိစစ်တပ်က ရက်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံမှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့တတ်နိုင်သလောက် ပူးပေါင်း လက်တွဲပြီးတော့ တခြားလူမျိုးတွေအပါအဝင် ဝန်းရံကြပါမယ်လို့ ပြောချင်ပါတယ်။ တစ်ဖက်မှာလည်း မတူကွဲပြားခြင်းတွေကို လက်ခံတတ်အောင် တည်ဆောက်ရင်းပေါ့နော်။ ဒီလိုမျိုးလုပ်သင့်ပါတယ်၊ ဒီလိုမှလည်း ကျနော်တို့တွေ အချင်းချင်းစည်းလုံးမှုရှိလာပါမယ်” လို့ ကိုမျိုးအောင်(နာမည်လွဲ)က ပြောဆိုသွားပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြိုတိုင်းရင်းသားပါတီကလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို စောင့်ထိန်းကြဖို့လည်း တောင်းဆိုထားပါတယ်။
"နှစ်ဘက်လက်နက်ကိုင်ဆိုတာက တပ်မတော်နဲ့ တပ်တော်နှစ်ဖွဲ့ပေါ့လေ။ အခု ကျနော်တို့ဒေသမှာဖြစ်ပျက်နေတာက အဲဒီလက်နက်ကိုင်နှစ်ဖွဲ့နဲ့ ဖြစ်ပျက်နေတာကိုး။ ဆိုတော့ အဲဒီနှစ်ဖွဲ့စလုံးသည် ကျနော်တို့ပြည်သူလူထုကိုငဲ့ညာပြီးတော့ အသက်အိုးအိမ်ကိုနည်းနည်း ကာကွယ်ပေးဖို့အတွက်လုပ်ခြင်းဖြစ်တဲ့အတွက် နောက်နောင်မှာ အဲလိုမဖြစ်ရအောင်၊ ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှုအများကြီးမဖြစ်ရအောင်၊ မဖြစ်ပွားအောင် ငဲ့ညာပြီးတော့ တိမ်းရှောင်ပေးပါ၊ ရှောင်ကြဥ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဖြစ်သွားတာတော့ ဖြစ်ပြီးခဲ့ပြီလေ"ဟု မြိုတိုင်းရင်းသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။
မိမိတို့ မြိုတိုင်းရင်းသား လူမျိုးစုတွေဟာ ရိုးသားပြီး လောဘနည်းသလို မိရိုးဖာလာ ဘာသာဓလေ့ထုံးတန်းစဉ်လာများနဲ့ ငြိမ်းအေးစွာနေထိုင်ကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ နှစ်ဘက် လက်နက်ကိုင်များရဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုအကြားမှာ အရပ်သားများရဲ့ အကြောက်တရားနဲ့ ဒုက္ခများကို နားလည်ပေးပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးကြဖို့ ကြေညာချက်ထုတ်ပြန်ရာမှာလည်း ဖော်ပြထားပါတယ်။
မြိုတိုင်းရင်းသားတွေဆိုတာကတော့ ရခိုင်မျိုးနွယ်စု ၇ စုအထဲမှာ ပါဝင်ပြီး လူဦးရေအားဖြင့် တစ်သိန်းဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။ မြိုတိုင်းရင်းသားတွေဟာ ရခိုင်ပြည်ထဲက ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ များသောအားဖြင့် နေထိုင်ကြပါတယ်။ များသောအားဖြင့် သူတို့တွေဟာ တောတောင်ထူထပ်တဲ့အရပ်ဒေသတွေ၊ မြစ်ချောင်းအင်းအိုင်အနီး ရာသီဥတုအေးမြတဲ့နေရာ ဒေသတွေမှာ နေထိုင်လေ့ရှိကြပါတယ်။
မြိုတိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ နတ်ကိုးကွယ်ကြတဲ့သူတွေဖြစ်ကြပါတယ်။ တောင်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ မြိုလူမျိုးများတွင် ကိုယ်ပိုင် ဘာသာ စကား၊ ယဉ်ကျေးမှုတို့ ရှိကြပါတယ်။ မြိုလူမျိုးများထဲမှာ မြိုအမျိုးကွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ မြိုလူမျိုးတွေမှာ နေရာဒေသနှင့်လိုက်၍ ဒေသိယ ဘာသာစကားများလည်း ကွဲပြားမှုရှိပါတယ်။ ရှေးယခင်က မြိုလူမျိုးတို့ဟာ ရခိုင်ပြည်မှာ မင်းဧကရဇ်များအဖြစ် နန်းတက်ခဲ့တဲ့ “မြို” မင်းဆက် နှစ်ဆက်ကိုလည်း တည်ထောင်ခဲ့ကြတယ်လို့ သိရပါတယ်။ မြိုလူမျိုးတွေဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အများဆုံးနေထိုင်ကြပါတယ်။
လက်ရှိ ရခိုင်ပြည်မှာနေထိုင်နေတဲ့ မြိုတိုင်းရင်းသားတွေဟာ ရိုးသားတဲ့ တောင်ပေါ်တိုင်းရင်းသား လူနည်းစုဖြစ်တဲ့အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကအစ အဘက်ဘက် နိမ့်ကျလွန်းတဲ့ အနေအထားမှာ ရှိနေပြီး ခုလို ဖြစ်ရပ်ဆိုးကြောင့် သူတို့တွေရဲ့ အနာဂတ်ဟာလည်း ရတတ်မအေးစရာဖြစ်နေပါတယ်။
စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဂြစ်ချောင်းမြိုရွာကလေးရဲ့ မင်္ဂလာအခမ်းအနားလေးဟာ အမင်္ဂလာအဖြစ်သို့ ကူးပြောင်းခဲ့ရပြီးတဲ့နောက်မှာ မြိုတိုင်းရင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကိုပါ ခံစားနေရပြီး စိုးရိမ်ကြောက်လန့်မှုတွေ တိုးပွားနေတယ်လို့လည်း သိရပါတယ်။ ဒီ မလုံခြုံမှုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကို ပြေပျောက်စေဖို့ဆိုရင်တော့ ပြည်နယ်ထဲမှာ နေထိုင်တဲ့ လူများစုဖြစ်တဲ့ ရခိုင်လူမျိုးတွေ အနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူတို့တွေကို နွေးထွေးစွာ ပွေ့ပိုက်နှစ်သိမ့်ပေးဖို့လိုအပ်နေပါတယ်။
ရခိုင်လူမျိုးဆိုတာကလည်း “ ကျွန်းတွင် ဇမ္ဗူ လူတွင်ရခိုင်၊ ကြိုင်ဘိသတင်း၊ ကြိုးဘိလုံ့လ၊ မြတ်ဇာဂနဲ့၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဘာန်ဆုတောင်း၊ ပြည့်အံ့တည်း” လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတာကြောင့် အဘက်ဘက်ကနိမ့်ကျနေတဲ့ ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားတွေကို လက်တွဲ ဖေးကူရင်း သူတို့တွေရဲ့ အနာဂတ်ဘဝလှပအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တာဝန်ကိုယ်စီ ရှိကြတယ်လို့ ပြောဆိုရင် လွန်မယ်လို့ တော့ မထင်ပါ..... ။
မြထွီးသျှင် ရေးသားသည်