စစ်ကောင်စီက ၎င်းတို့စစ်ကြောင်းထိုးမည်ဟုဆိုကာ ရွှေကျင်မြို့ပေါ်ရပ်ကွက်နှင့် ရွာ (၁)ရွာကို ပြောင်းရွှေ့ခိုင်းနေ

စစ်ကောင်စီက ၎င်းတို့စစ်ကြောင်းထိုးမည်ဟုဆိုကာ ရွှေကျင်မြို့ပေါ်ရပ်ကွက်နှင့် ရွာ (၁)ရွာကို ပြောင်းရွှေ့ခိုင်းနေ

စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့အနေဖြင့် စစ်ကြောင်းထိုးရန် အစီအစဉ်ရှိနေသောကြောင့် ပဲခူးတိုင်း၊ ရွှေကျင်မြို့ရှိ ရပ်ကွက် (၂)ခုနှင့် အနီးအနားရှိ ကျေးရွာတစ်ရွာမှ ၎င်းတို့နှင့်နီးစပ်သည့် အရပ်သားပြည်သူများကို အသိပေး ပြောင်းရွှေ့ ဖယ်ရှားခိုင်းထားကြောင်း ကရင်အမျိုးသားအစည်းရုံး-KNU က ယနေ့ သတင်းထုတ်ပြန်ထားသည်။

KNU၊ တပ်မဟာ (၃)မြေဖြစ်သည့် ညောင်လေးပင်ခရိုင်ကို နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင် တိုက်ခိုက်သွားရန် အစီအစဉ်ဖြင့် ယခုလ နိုဝင်ဘာလ(၁၄)ရက်နေ့မှစပြီးတင့်ကားများ အမြှောက်ကားများဖြင့် အင်အားဖြည့် စီစဉ်ပြင်ဆင်နေပြီး စစ်ကောင်စီဘက်မှ ရွှေကျင်မြို့အတွင်းရှိ ခြေတော်ရာ၊ ကျွဲတဲ(ကွက်သစ်)စသည့် ရပ်ကွက်နှစ်ခုနှင့် ရှမ်းရွာကျေးရွာထဲရှိ ဒေသခံပြည်သူများအနက်မှ စစ်ကောင်စီတပ်နှင့် နီးစပ်သူများကိုသာ အသိပေးပြောင်းရွှေ့ဖယ်ရှားခိုင်းထားကြောင်း ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းဒေသတွင် စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက “ဘယ်စစ်တပ်က လာဖယ်ခိုင်း တာလဲဆိုတာတော့ မသိရဘူး။ သတင်းလှမ်းမေးကြည့်တော့တိတိကျကျမသိရဘူး။ လိုက်မေးကြည့်တော့ ရွာသား တွေကပြောတာတော့ ရွှေ့ခိုင်းတာဟုတ်တယ်။ ဘယ်နှစ်ရက်နေ့ကနေ နောက်ဆုံးထားပြီးရွှေ့ခိုင်းလည်းဆို တာတော့ တိတိကျကျတော့မသိရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်များက ရွှေကျင်မြို့ ရပ်ကွက်(၂)ခုနှင့် အနီးအနားရှိ ကျေးရွာ(၁)ရွာထဲမှ ပြည်သူ(၅,၀၀၀)ကျော်ကို ပြောင်းရွှေ့ဖယ်ရှားထားခိုင်းသော်လည်း ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအနေဖြင့် ရွှေ့ပြောင်းရန် အခက်အခဲများ ရှိနေသောကြောင့် လက်ရှိအချိန်အထိမပြောင်းရွှေ့နိုင်ကြသေးဘဲ ရပ်ကွက်နှင့် ကျေးရွာအတွင်း၌သာ နေထိုင်နေရသေးကြောင်း ညောင်လေးပင်ခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် စစ်ကောင်စီတပ်များသည် ယမန့်နေ့ (၁၂)နာရီခွဲအချိန်တွင် ရွှေကျင်ဗျူဟာကုန်းအတွင်းသို့ ရိက္ခာကား ဟုယူဆရသည့် စစ်ကား(၈)စီး ဝင်ရောက်လာခဲ့ပြီးနောက် ညနေ(၄)နာရီအချိန်တွင် ၎င်းစစ်ကား(၈)စီးအနက် (၄)စီးသည် သံဆိပ်ဖက်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု KNU က ဆိုသည်။

ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ ကျေးရွာနှင့် ရပ်ကွက်ထဲသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာမည့် သတင်းနှင့် ညအချိန် ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေ သောကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများနှင့် နေထိုင်နေရကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ထိုသို့ ပြောင်းရွှေ့ခိုင်းသည့် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်များသည် စစ်ကောင်စီ စခန်း ၃ ခုဖြစ်သည့် သံဆိပ်စခန်း၊ ဘောကထာနှင့် တုံးတံတားစခန်းတို့ကို တစ်ရက်အတွင်း စီးနင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။ အဆိုပါ စခန်းစီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးအပြင် လေကြောင်း နှင့် တုန့်ပြန်တိုက်ခိုက်ခဲ့သည့်အတွက် အနီးအနားကျေးရွာရှိ ဒေသခံလူထု နှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့ပေါ်တွင် ယခု ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှစ...
January 10, 2025
ဖားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်မြေစက်ရုံ နှစ်ရုံ၌...
January 9, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အချို့နှင့် မြို့အစွန်အဖျားရှိ ပြန်နေထိုင်ခွင့်မရသေးသည့်...
January 9, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်တွင်...