ရှမ်းပြည်နယ်၊ မြို့တော် တောင်ကြီး၊ မီးရထားသံလမ်း စစ်ဆေးရေးဂိတ်တွင် အရပ်သားတစ်ဦး အား စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသခံများ နှင့် စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီတပ်သားများက ကံကြီးရပ်ကွက်ရှိ သံလမ်းဂိတ်တွင် တားဆီးစစ်ဆေးရာတွင် ကားရပ်မပေးပဲ မောင်းပြေးခဲ့ခြင်းကြောင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဖရဲသီးတစ်ဦးက ပြောသည်။
ရပခ စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဖရဲသီးတစ်ဦးက “ဖြစ်တဲ့ ညတွင်းချင်းပဲ ဆေးရုံ ရောက်လာ တာ။ ရဲနဲ့ စစ်သားတွေ ခေါ်လာတာ။ ရောက်လာတော့ သတိမေ့နေ တယ်။ အခုတော့သတိရလာပြီဆိုပေမယ့် ဆေးရုံဆင်းလို့ မရသေးဘူး။ စိုးရိမ်ရတဲ့ အခြေနေမှာပဲ ရှိသေးတယ်” ဟု ပြောသည်။
အဆိုပါ အရပ်သားမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီကျော်ဝန်းကျင် အချိန်ခန့်တွင်ပစ်ခတ်ခံရ ခြင်း ဖြစ်သည်။
ပစ်ခတ်ခံရသည့် အမျိုးသားမှာ မီးရထားသံလမ်း ဂိတ်ကိုဖြတ်ပြီး ကျောက်တစ်လုံးလမ်းမကြီးအတိုင်း အိမ်စီး ကားဖြင့် မောင်းပြေးလာစဉ် စစ်ကောင်စီတပ်များမှ လိုက်လံပစ်ခတ်မှုကြောင့် နံရိုးကြားတွင် သေနတ် ၂ ချက် ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်ဟု အဆိုပဖရဲသီးတစ်ဦးက ဆက်ပြောသည်။
ကျည်ထိမှန်ချိန်တွင် ၎င်း၏ အမျိုးသမီးလည်း ကားပေါ်တွင် အတူရှိနေပြီး ၎င်းတစ်ဦးတည်းသာ ဒဏ်ရာရ ခဲ့ခြင်း ဖြစ်သည်။ ကျည်ထိမှန်သည့် အရပ်သားမှာ အသက် ၃၈ နှစ်အရွယ် ခပ်ဝဝ အမျိုးသားတစ်ဦး ဖြစ်ပြီး တောင်ကြီးမြို့က ဘုရားဖြူရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါ အမျိုးသားမှာ ယနေ့အချိန်ထိ ဒဏ်ရာမသက်သာသေးသည့်အတွက် ဆေးရုံမှ ဆင်းခွင့်မရရှိသေးသော် လည်း ဆေးရုံဆင်းသည်နှင့် တစ်ပြိုင်နက် စစ်ကြောရေး စခန်းသို့ပို့မည့် အခြေအနေရှိနေဒေသတွင်း စစ်ကောင်စီ တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“သူ့မိန်းမနဲ့ ကားပေါ်မှာလည်း ဘာမှမတွေ့ဘူး။ သူ့ယောက်ကျား ဖုန်းစစ်တော့လည်း ဘာမှမရှိဘူးပြောတယ်။ မောင်းပြေးတယ် ဆိုတာကလည်း သူ့ကားတစ်စီးထဲကိုပဲ တားတော့ လန့်သွားလို့ ရုတ်တရက်ဖြစ်တဲ့ အခြအနေ ပေါ့။ လောလောဆယ်တော့ စောင့်ကြည့်ရမှာပဲ။”
တောင်ကြီးမြို့အဝင် မြို့အထွက် စစ်ဆေးရေးဂိတ်များ ဖြစ်သည့် (၂)မိုင် စစ်ဆေးရေးဂိတ်၊ မီးရထားသံလမ်း စစ် ဆေးရေးဂိတ်၊ ထုံးဖို စစ်ဆေးရေးဂိတ် စသည့်နေရာများတွင် စစ်ကောင်စီတပ်များမှ မသင်္ကာသည့် ကား/ဆိုင် ကယ်များကို တားဆီးစစ်ဆေးလေ့ရှိပြီး ရံဖန်ရံခါလိုင်စင်မပါသည့် ယာဉ်များ၊ COVID-19 ရောဂါ ကာကွယ် ဆေး မထိုးသည့် အရပ်သားပြည်သူများအားဒဏ်ငွေရိုက်ခြင်း၊ အရည်အသွေး ညံ့ဖျင်းသည့် ဒိန်ချဉ်ဘူးများ အတင်း ထိုးရောင်းခြင်းတို့ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မသင်္ကာမှုကြောင့် စစ်ဆေးသည့်အချိန်တွင် မောင်းပြေးသည့် ယာဉ်များ ကို လိုက်လံပစ်ခတ်လေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းတောင်ကြီးအတက်လမ်း “ပ” ကွေ့ စစ်ဆေးရေးဂိတ် (ထုံးဖိုဂိတ်)တွင် စစ်ကောင်စီတပ်များမသင်္ကာမှုကြောင့် စိတ်ရောဂါသည်တစ်ဦးအား ပစ်သတ်ခဲ့သေးသည်။