မူဆယ်ပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်၊ အရပ်သားထိခိုက်မှုအတွက် ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့ တောင်းပန်

မူဆယ်ပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်၊ အရပ်သားထိခိုက်မှုအတွက် ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့ တောင်းပန်

မြန်မာ-တရုတ် နယ်စပ်မြို့၊ မူဆယ်တွင် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှု များတွင်း အရပ်ပြည်သူများ ထိမှန် သေဆုံးမှုများ ရှိခဲ့သည့် အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

မူဆယ်မြို့ရှိ မြန်မာ-တရုတ် ကုန်သွယ်ရေး ဂိတ်တခုဖြစ်သည့် ကျင်ဆန်းကျော့ ဂိတ်အနီးတွင် ဖြစ်ပွားခဲ့သည့် ပစ် ခတ်မှု တိုက်ပွဲအတွင်း ဒေသခံ ပြည်သူ အမျိုးသားနှစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

“စစ်ကောင်စီ ယာဉ်တန်းကို ပစ်တယ်လို့ ပြောတယ်။ ကျင်စန်းကျော့ ရောက်ခါနီးပဲ။ အဲ့ဒီတောင်ကြောပေါ်မှာ ဖြစ်တာ။ အဲ့တောင်ကနေ ဆင်းရင် တခါတည်း ကျင် စန်းကျော့ကို ရောက်ပြီ။ အဲ့ဒီနေရာကတော့ ဘုရားကွေ့လို့ ခေါ်မယ်။ အဲ့ဒီနားမှာ ဖြစ်တာ။ ဆုံးရှုံးမှုတွေတော့ မသိဘူး။ ဒါပေမယ့် အရပ်သားတော့ နှစ်ယောက်ထိတယ်။ သူ တို့က ဝပ်လျှော့ပြင်တဲ့ ကလေးနှစ်ယောက်လို့ ပြောတယ်။သူတို့က ကားသွားပြင်တာလို့ ပြောတယ်။ အဲ့ဒီကား နားမှာ မိုင်းထိတာလို့ ပြောတယ်။ ပစ်တာလည်းပါတယ်။ မိုင်း သူတို့ပစ်လိုက်တဲ့ မိုင်းက အဲ့နားမှာ သွားကျ တယ်လို့ ပြောတယ်။ နှစ်ယောက်လုံးဆုံး သွား တယ်လို့ ပြောတယ်ဗျ” ဟု ကားသမားတစ်ဦးက ပြောသည်။

သေဆုံးသူ နှစ်ဦးအနက် တစ်ဦးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီးကျန်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသည်ဟု ဆိုသည်။

ကျင်စန်းကျော့ဂိတ်အနီး ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် (ကိုးကန့်) MNDAA တပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် မုံးကိုးမှ မူဆယ်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ ယာဉ် တန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် နိုဝင်ဘာလ ၁၄ ရက်နေ့တွင်လည်း မူဆယ်မြို့၊ မင်္ဂလာမူဆယ်လမ်းမတွင် နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး အသက်ငါးနှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ က ပြောသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း အရပ်သားပြည်သူများ ထိခိုက်မှုရှိခဲ့သည့်အပေါ်တောင်းပန်သည့် ထုတ်ပြန်ချက် တစ် စောင်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသည်။

PSDA အဖွဲ့၏ ဗဟိုပြန်ကြားရေးနှင့် ဒု-ဗျူဟာမှူး ကိုကျော်ကြီး က “ကျနော်တို့ အဓိကရည်ရွယ်ချက်ကတော့ စက စနဲ့ သူ့ရဲ့ အပေါင်းအပါတွေ အကုန်လုံး။ ကျနော်တို့က ဒီမြို့ခံတွေဆိုတော့ ဘယ်သူက ဘာလုပ်တယ်ဆိုတာ Data အချက်အလက် အတိအကျရှိတယ်။ စာနဲ့အရင်သတိပေးတယ်။ ပြီးမှ တိုက်ခိုက်ရေးလုပ်တာ” ဟု ပြော သည်။

ထို့အပြင် “ပြည်သူတွေ ထိခိုက်ဒဏ်ရာရတဲ့ အပေါ်မှာတော့ စိတ်မကောင်းပါဘူး ပေါ့နော်။ ဒါပေမယ့် တော်လှန် ရေးဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ အနည်းနဲ့အများ မြို့ပြ စစ်ဆင်ရေးတော့ ထိခိုက်မှုရှိပါလိမ့်မယ်။ နောက် ထပ်လည်း ပြည်သူတွေထိခိုက်မှု မရှိအောင် ပြည်သူတွေ အနေနဲ့ ဒီစကစတွေနဲ့ ကျနော်တို့ ပစ်မှတ်တွေနားမှာ ရှောင် ရှားပေးပါ” ဟု PSDA အဖွဲ့၏ ဗဟိုပြန်ကြားရေးနှင့် ဒု-ဗျူဟာမှူး ကိုကျော်ကြီး က ဆက် ပြောသည်။

မူဆယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ပစ်ခတ်မှုများနှင့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ဒေသခံ များအနေဖြင့် လုံခြုံမှု မရှိဖြစ်နေကြသည့်အပြင် စစ်ကောင်စီတပ်၏ မဆင်မခြင် ဖမ်းဆီးစစ်ဆေးမှုများ ကြောင့် ပါ အခက်ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့တစ်ဦးက “ပြည်သူတွေ အနေနဲ့ကတော့ ဘာမှ မပြောရဲဘူးလေနော်။ အခုက စစ်တပ်ကလည်း ဖမ်း မှာကိုလည်း ကြောက်ရတယ်။ အခုလို ဗုံးကွဲပြီဆိုလည်း ကျနော်တို့ ပြည်သူတွေပဲ ထိခိုက်ဒဏ်ရာရတာ။ ဖြစ်နိုင် ရင်တော့ ဒီလိုမျိုးတွေ မဖြစ်စေချင်ဘူးဗျ။ အခုက ကုန်သွယ်ရေးကလည်း အရင်လိုမဟုတ်တော့ဘူး။ တိုက်ပွဲ ဖြစ်ပြီဆို လမ်းက ပိတ်ပြီး၊ ကားတွေတက်လို့မရ ဆင်းလို့မရ အဲ့လိုလေနော်” ဟု ပြောသည်။

ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) ကလည်း မူဆယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်း တို့၏ အပေါင်းအပါ ပြည်သူ့စစ်များ၊ ပူးပေါင်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကို ဆက်လက် အရေးယူသွား မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဒေသအတွင်း မြို့ပြတိုက်ပွဲများ စတင်လာတော့မည်ဖြစ်သည့်အတွက် မူဆယ်ဒေသခံများအနေဖြင့် ၎င်းတို့၏ ပစ်မှတ်များဖြစ်သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ၏ ကင်းပုန်းနေရာများ၊ စခန်းများ၊ စီး ပွားရေးလုပ်ငန်းနေရာများမှ တတ်နိုင်သမျှ ရှောင်ရှားပေးကြရန် PSDA အဖွဲ့က ထုတ်ပြန် သတိပေး မေတ္တာ ရပ်ခံ ထားသည်။

မူဆယ်မြို့နယ်တွင် ယခင်က စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့နှင့် PSLF/TNLA တအန်း၊ MNDAA ကိုးကန့်၊ KIA တို့ စစ်ရေးလှုပ်ရှားမှု ရှိခဲ့ရာမှ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များပါ စစ်ရေး လှုပ်ရှားမှုများ ရှိလာခဲ့သည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...