ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် PDF များကို ဖမ်းဆီးပေးလျှင် ဆုငွေ ကျပ် ၁၅ သိန်းပေးမည် ဟု၏ ကြော် ငြာနေသည်ဟု မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးထားသည့် လော်စပီကာတပ် ဆော်သြရေးကားတစ်စီးဖြင့် PDF များ ကို ဖမ်းဆီး သတင်းပေးနိုင်သူများကို ဆုငွေ ကျပ် ၁၅ သိန်း ချီးမြှင့်ပေးမည်ဟု ဆိုကာ ကော့သောင်းမြို့ နေရာ အနှံ့တွင် လှည့်လည် ကြော်ငြာခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
အေးရိပ်ရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ယာဉ်ထိန်းရဲ ပစ်သတ်ခံရပြီး နောက်တရက် ညနေပိုင်းထဲက လိုက်ကြော်ငြာနေတာ။ ယာဉ်စည်းကမ်းတွေလည်း ပါတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းမှစတင်ပြီး ကော့သောင်းမြို့၏ လူစည်ကားရာ နေရာဖြစ်သည့် မြို့လယ် အဝိုင်းပတ်၊ ဗိုလ်ချုပ်ကြေးရုပ် အစရှိသည့်နေရာများ အပြင် ရပ်ကွက်လမ်းမကြီးများ တလျောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က လိုက်လံ ကြေညာနေခြင်း ဖြစ်သည်။
လိုက်လံ ကြေငြာရာတွင် PDF တပ်ဖွဲ့ဝင်များကို ဖမ်းပေးလျှင် ဆုတော်ငွေ ကျပ် ၁၅ သိန်းနှင့် ခိုအောင်း တည်းခို နေသည့် နေရာကို သတင်းပေးနိုင်လျှင် ဆုတော်ငွေ ကျပ် ၅ သိန်း ပေးသွားအပ်မည့် အပြင် သတင်းပေးသူ၏ လုံ ခြုံရေးကိုလည်း လျှိုဝှက် ဖုံးကွယ်ပေးသွားမည်ဖြစ်ကြောင်း လိုက်လံ ကြေညာနေသည်ဟု မြို့ခံများက ပြော သည်။
ကော့သောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့၏ ညက ယာဉ်ထိန်းရဲ ကိုဆန်းမောင်အောင် သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်က ယခုကဲ့သို့ လိုက်လံကြေညာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် PDF များအနေဖြင့် အမြင်မှန်ရပြီး အလင်းဝင်ကြမည့်သူများကိုလည်း ကြိုဆိုပေးသွားမည်ဟု ကြေညာ နေသည်ဟု ဆိုသည်။
၎င်းတို့ ကြေညာချက်များတွင်း မြို့ပေါ်တွင် ဆိုင်ကယ်စီးသူများကိုလည်း အမျိုးသား ၂ ဦး မစီးကြရန်နှင့် အမျိုးသမီးက ဆိုင်ကယ်မောင်းလျှင် အမျိုးသားက နောက်တွင် ထိုင်မစီးရန်လည်း ထည့်သွင်း ကြော်ငြာသွားကြောင်း မြို့ခံများက ဆိုသည်။
ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ဆန်းမောင်အောင် ပစ်ခတ်ခံရပြီးနောက် ကော့သောင်းမြို့အနှံ့ရပ်ကွက်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်အချို့အား ဝင်ရောက် ရှာဖွေစစ်ဆေးခြင်းနှင့် လမ်းဆုံ လမ်းခွများတွင် ပိတ်ဆို့စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင်လည်း PDF များနှင့် ပတ်သက်၍ ဖမ်းဆီးသတင်းပေးကြရန် ဆုငွေထုတ် မက်လုံးပေးခဲ့ခြင်းမျိုး ကြော်ငြာခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် ကြေညာခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။