နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ခြင်းသည် ကျေးဇူးတင်စရာမဟုတ်ကြောင်း NUG လူ့အခွင့်ရေးဝန်ကြီး ပြော

နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ခြင်းသည် ကျေးဇူးတင်စရာမဟုတ်ကြောင်း NUG လူ့အခွင့်ရေးဝန်ကြီး ပြော

စစ်ကောင်စီက အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့၌ ပြန်လွှတ်ပေးသည့် အကျဉ်းသား ၅,၇၀၀ ကျော်ထဲတွင် နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်သည်ကို တွေ့ရသည်။

သို့သော်လည်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို မတရားဖမ်းဆီးထားပြီး ပြန်လွှတ်ပေးခြင်း မှာ ကျေးဇူးတင်စရာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မဇ္ဈိမကိုပြောသည်။

“ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးခံရတဲ့သူတွေပြန်လွှတ်ခြင်းက ကျေးဇူးတင်စရာတော့ မဟုတ် ပါဘူး။ မတရားဖမ်းဆီးထားပြီးတော့ ပြန်လွှတ်ပေးတာကို ကျေးဇူးတင်ရမယ်ဆိုရင်တော့ ကိုယ့်အိမ်ကို မီးရှို့ပြီး ပြာကျသွားတော့မှ ထမင်းတစ်ထုပ်လာပေးတဲ့သူကို ထိုင်ပြီးကန်တော့ရတဲ့ပုံစံမျိုးဖြစ်နေပါလိမ့် မယ်။ အ‌စောကြီးတည်းက မတရား ဖမ်းဆီးခံရတဲ့သူတွေဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့ ကြွေးကြော်ထားသည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် နိုင်ငံတကာတွင် ၎င်းတို့၏ပုံရိပ်ကိုမြှင့်တင်ရန်နှင့် တိုင်းပြည်အခြေအနေကောင်းနေကြောင်းပြသချင် သည့်အတွက် ယခုကဲ့သို့ လွှတ်ပေးခြင်းဖြစ်ကြောင်းဝန်ကြီးက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာ့အရေးကိုင်တွယ် ဖြေ ရှင်းရန် အာဆီယံက သဘောတူချမှတ်ထားသည့် သဘောတူညီချက်ငါးရပ်ကို လိုက်နာရန် အချိန်သတ် မှတ်ရန်နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အာဆီယံသဘောတူညီချက်ငါးချက်ကို လိုက်နာရန် စစ်ကောင်စီကိုပြောကြားပြီးနောက်တွင် စစ်ကောင်စီဘက်က နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်‌ပေး သည်ကို တွေ့မြင်ရခြင်းဖြစ်သည်။

အာဆီယံ၏ သဘောတူညီချက်ထဲတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်မပါဝင်သော်လည်း စစ်ကောင်စီသည် နိုင်ငံတကာဖိအားများပိုမိုလာချိန်တွင် နိုင်ငံရေးအကျဉ်းသားများကို အမြဲလွှတ်ပေးလေ့ ရှိကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။

စစ်ကောင်စီသည် အာဆီယံ၏ အရေးကြီးဆုံးတောင်းဆိုချက်တစ်ခုဖြစ်သည့် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန် တောင်းဆိုမှုများကိုမူ လျစ်လျူရှုပြီး ဆက်လက်ကျူးလွန်လျက် ရှိနေသည်။

ဝန်ကြီးဦးအောင်မျိုးမင်းက “တစ်ဖက်မှာလည်း‌ ရွေးကောက်ပွဲအတွက် ဒါတွေကို ပြယုဂ်အနေနဲ့ပြပေမယ့် လူအများသိတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတယ်။ တစ်ဖက်မှာလည်း လူမသိသူမသိ ကျေးရွာပေါင်း များစွာ အရပ်သူအရပ်သားပေါင်းများစွာကို မီးရှို့သတ်ဖြတ်နေတဲ့ အဖြစ်အပျက်ကို ဖုံးကွယ်ထားတဲ့ဟာ တွေရှိပါတယ်" ဟု ဆိုသည်။

ထို့ကြောင့် ကမ္ဘာ့ပြည်သူများနှင့် မြန်မာပြည်သူများအနေဖြင့် စစ်ကောင်စီက နှပ်ကြောင်းပေးသည့် လမ်းကြောင်းအတိုင်း မဝင်ရန်လိုအပ်ကြောင်း ဝန်ကြီးကတိုက်တွန်းပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စုစုပေါင်း ၆၅၄ ရက်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသူ ၁၆,၂၃၂ ဦး ရှိ နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထား သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

January 9, 2025
ပုံစာ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဝဲ) နှင့် အမျိုးသား...
ကနီမြို့နယ်အတွင်း ရေကြောင်းနှင့် ကုန်းကြောင်းဂိတ်များမှ ဖမ်းဆီးထားသည့် သစ်မှောင်ခို သယ်ဆောင်မှုများ (Photo -CJ)
January 8, 2025
စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် ကနီမြို့နယ်တွင်...
ရန်ကုန်မြို့တွင် ညအချိန်စစ်ဆေးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်။ (ပုံ-အဟောင်း)
January 7, 2025
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံးပြီးနောက်...
January 6, 2025
ပုံမှန်အားဖြင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များအပါအဝင်...