သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာနှင့် ပဋိပက္ခများကို ၁၉၄၇ ပင်လုံစာချုပ် အကောင်အထည် ဖော်နိုင်မှ ဖြေရှင်းနိုင် ဖြစ်မည်ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည် ဖောင်ဆောင်ပြီး နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန် အချက် အပါအဝင် အချက် ပေါင်း ၄ ချက်ပါရှိသည့် ထုတ်ပြန်ချက်ကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်ပြီး လက်ရှိ နိုင်ငံရေးပြဿနာများသည် ပင်လုံစာချုပ် ကတိ ကဝတ်လမ်းစဥ်များနှင့် သွေဖီနေသည့် လုပ်ဆောင်ချက်များကြောင့်ဖြစ်ရကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းတွေကို ဘက်စုံတောင့်စုံ စဥ်းစားကြည့်လိုက်ရင် အစောကတည်း ပင်လုံစာချုပ်ကို လျစ်လျူရှုထားလို့၊ ခေတ်အဆက်ဆက်က ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အားလုံးဟာ ပင်လုံစာချုပ် ပင်လုံကတိကဝတ်တွေနဲ့ သွေဖီနေလို့ အခုချိန်ထိ နိုင်ငံရေးပြဿနာတွေနဲ့ မဖြေရှင်းနိုင်ပဲဖြစ်နေတာ” ဟု ဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် လက်ရှိ နိုင်ငံရေးပြဿနာ၊ ပြည်တွင်း ပဋိပက္ခများသည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဖြင့် ဖြေရှင်းရန် မဖြစ်နိုင်ကြောင်းနှင့် အရင်းခံ နိုင်ငံရေးပြဿနာများကိုသာ ဖြေရှင်းသင့်ကြောင်း RCSS/ SSA က ဆက်လက် ပြောဆိုထားသည်။
“လက်ရှိ နိုင်ငံရေး ပြဿနာတွေက ၂၀၂၀ ရွေးကောက်ပွဲနဲ့ သက်ဆိုင်နေတယ် ဆိုတဲ့ဟာကို RCSS/SSA တစ်ဖွဲ့ တည်း အမြင်ပြောရရင် အကျယ်တဝင့်တော့ မှတ်ချက်မပြောလိုဘူး၊ အဓိကကတော့ SAC နဲ့ နိုင်ငံရေးပါတီတွေ၊ တတ်သိ ပညာရှင်တွေ၊ ဘက်ပေါင်းစုံက ပါဝင်ဆွေးနွေးညှိနှိုင်းမှသာလျှင် လက်ရှိနိုင်ငံရေးကို ဖြေရှင်းနိုင်မှာပါ ” ဟု ဗိုလ်မှူးကြီး အုမ်ခေးက ဆက်ပြောသည်။
လက်ရှိ အချိန်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် RCSS/SSA တပ်ဖွဲ့ အနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ၊ အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးအဖြေရှာရန် အတွက် လက်ကမ်းကြိုဆိုကြောင်း ထုတ်ပြန်ကြေညာထားသည့် ကာလလည်းဖြစ်သည်။
ထို့ပြင်အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း နှစ်ကြိမ်တိုင် တက်ရောက်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။