KNU-ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို လှိုင်းဘွဲမြို့နယ်၊ တကော(ကြာအင်း)ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံလူထု ၁၅၀၀ကျော် တက်ရောက်ခဲ့သည်ဟု KNU ၏ လူမှုကွန်ရက် စာမျက်နှာတွင် နိုဝင်ဘာလ ၁၂ရက်နေ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၁ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဒေသခံလူထုများမှာ KNU ဖားအံခရိုင် ထိန်းချုပ်နယ် မြေအတွင်းရှိ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ထီလုံ၊ နဘူးနှင့် ဒုံရင်းမြို့နယ် (၅)မြို့နယ်မှ ပြည်သူလူထုတို့ဖြစ်ကြပြီး လူထုတွေ့ဆုံပွဲ အခမ်းအနားကို ထိုနေ့မနက် (၉)နာရီမှ (၄)နာရီခွဲအထိ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း KNU ခေါင်းဆောင်များထံမှ သိရသည်။
“ KNU ရဲ့ လက်ရှိသွားနေတဲ့ လုပ်နေတဲ့ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်နဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ပြည်သူများသိရှိဖို့၊ ကရင့်အမျိုးသားအချင်းချင်းကြားမှာ တည်ဆောက်ရမည့် လုပ်ငန်းစဉ်အတွက်နဲ့ မတူကွဲပြားတဲ့ အခြေအနေအောက်မှာ ပြန်လည်ပြီး စည်းလုံးနိုင်ရေးအတွက် လုပ်သွားကြဖို့ပါ။” ဟု ၎င်းတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပဒိုစောလှထွန်းက ကေအိုင်စီသို့ ပြောဆိုသည်။
KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မ တီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးတို့တက်ရောက်ခဲ့ကြပြီး မြန်မာ့တပ်မတော်က အာဏာသိမ်းယူပြီးအလွန် (၂)နှစ်နီးပါးကာလ လက်ရှိ နိုင်ငံရေး အခင်းအကျင်း အောက်တွင် KNU ၏ နိုင်ငံရေးရပ်တည်ချက်၊ ဦးတည်ချက်၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆိုင်ရာချဉ်းကပ်မှုတို့ကို ဒေသခံများ အား အသိပေးရှင်းလင်းပေးခဲ့ပြီး ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်သည့် လူထုတွေ့ဆုံ ဆွေးနွေးပွဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ကြာအင်းကျေးရွာ လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် KNU/KNLA PC မှ ဒုဥက္ကဌ ဗိုလ်ချုပ်ဒေါက်တာနော်ကပေါ် ထူး၊ နယ်ခြားစောင့်တပ်-BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ DKBA-ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ ဗိုလ်မှူးကြီးဆန်းအောင်၊
ဘာသာရေးခေါင်းဆောင် များဖြစ်ကြသည့် မဲဆမိတ်ကျောင်းတိုက်ဆရာတော် အရှင်စန္ဒရ၊နှစ်ခြင်းခရစ်ယာန်သိက္ခာတော်ရဆရာတော် စောဆာစေးဖောနှင့် ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီဥက္ကဌ မန်းအောင်ပြည်စိုးတို့ကလည်း အခမ်းအနား၏ သဘာပတိအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ထိုအခမ်းအနားတွင် တက်ရောက်လာသည့် ကရင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုအလွန် စစ်ရေး၊ နိုင်ငံရေး အခြေအနေ အရပ်ရပ်အောက်တွင် မိမိတို့၏ အမြင်သဘောထားနှင့် မိမိတို့အဖွဲ့အစည်း၏ လုပ်ဆောင်ချက်တို့ကို ပြောကြားသွားခဲ့ကြောင်း သိရသည်။
အခမ်းအနား တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ ခေါင်းကြီးပိုင်း(ထိပ်ပိုင်း)တွေအောက်ခြေလူထုအထိ တွေ့ဆုံတာ ဒါက ပထမဆုံးအ ကြိမ်ပဲ။ မျှော်လင့်ချင်သလိုတော့ မျှော်လင့်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ NCA ထိုးထားတဲ့ ၅နှစ်လုံးလုံး အောက်ခြေထိ ပြည်သူနဲ့ထိတွေ့မှု မရှိဘူး။ အာဏာ သိမ်းပြီးမှ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဆိုတော့ ပုံမှန်ဖြစ်စဉ်လို့ပဲ မြင်တယ်။ ရင်းနှီးမှုနဲ့ ယုံကြည်ကိုးစားမှုအတွက် ခေတ္တခဏ အပူမီးတွေ အေးစေတာပါပဲ။ ပြီးတော့ လူထုနဲ့ ကရင်တော်လှန်ရေး ခါးဆက်မပြတ်အောင် ပေါင်းကူးတံတားခင်းတယ်လို့ မြင်တယ်” ဟု ၎င်း၏အမြင်ကို ကေအိုင်စီသို့ ပြောဆိုသည်။
ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးကော်မတီကို ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်း ပစ်ခတ်မှုမဖြစ်ရန်နှင့် မူးယစ်ဆေးဝါးကိစ္စများ တိုက်ဖျက်သွားရန် ရည်ရွယ်၍ ၂၀၁၃ခုနှစ်၊ မေလ ၂၈ရက်နေ့တွင် ကရင်လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင် ၁၇ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တက်ရောက်လာသော ဆရာတော်တစ်ပါးမှ ၂၀၁၃ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီမှ ခေါင်းဆောင်အချို့ ကွယ် လွန်ခဲ့ပြီး တချို့မှာ စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းကြောင့် ပါဝင်နိုင်မှု(နိုင်ခွင့််)မရှိခြင်းကြောင့် စနစ်တကျ ပြန်လည်ဖွဲ့စည်းသွားရန်လည်း ဘာသာရေးခေါင်း ဆောင်တစ်ဦးက တိုက်တွန်းကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။