ကချင်ပြည်နယ် ဖားကန့်ရှိ အနန့်ပါ ဒေသကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာ စည်းမျဉ်းအတိုင်းဆောင်ရွက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း အနုပညာရှင်တွေနဲ့ ပြည်သူတွေ သေဆုံးတာ မရှိဘူး ဆိုတဲ့ သတင်းအမှား တစ်ခုကို စစ်ကောင်စီက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ၊ စစ်တပ်ပိုင် မြဝတီ နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး တွေကနေ သတင်းထုတ်ပြန်ထားတာပါ။
ဒါ့အပြင် စစ်တပ်ထောက်ခံသူတွေကလည်း မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ၊ စစ်တပ်ပိုင် မြဝတီ နဲ့ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတွေရဲ့ ထုတ်ပြန်ချက်ကို Screen Shot ရိုက်ယူပြီး facebook အပါအဝင် လူမှုကွန်ရက်မှာ ထပ်ဆင့် ဖြန့်ဝေနေတာလည်း ရှိပါတယ်။
အဆိုပါ ထုတ်ပြန်ပြောဆိုမှုဟာ သတင်းအမှား တစ်ခုသာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်တိုဘာလ ၂၃ ရက်နေ့ ညက ဖားကန့်ခရိုင်၊ အနန့်ပါဒေသကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကချင်အနု ပညာရှင်တွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတွေက ပြောဆိုထားကြလို့ပဲ ဖြစ်ပါတယ်။
ကချင်အနုပညာရှင်တွေနဲ့ အရပ်သား ပြည်သူတွေဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၆၂ နှစ်ပြည့် KIO နေ့ ဂုဏ်ပြုပွဲ အခမ်းအနားအတွက် ရောက်ရှိနေကြပြီး အောက်တိုဘာလ ၂၃ ရက်နေ့ ညက ပြု လုပ်တဲ့ ဂီတဖျော်ဖြေပွဲမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုအတွင်း ကချင်နာမည်ကြီး အဆိုတော် အောင်ရာလီနဲ့
ကီးဘုတ်ဆရာ ကိုကင်းတို့ သေဆုံးခဲ့တဲ့အပြင် တခြား ကချင်နာမည်ကြီး အနုပညာရှင်တွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါ တယ်။ ဒါ့အပြင် ပြည်သူတွေနဲ့ KIA တပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့တာ ရှိသလို အများအပြားလည်း ထိခိုက်ဒဏ် ရာရရှိခဲ့ကြပါတယ်။
အနန့်ပါဒေသ လေကြောင်း ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ဒေသခံ တွေနဲ့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံကို မေးမြန်းရာမှာလည်း ကချင်နာမည်ကြီး အဆိုတော်တွေ၊ ပြည်သူ တွေနဲ့ KIO/KIA တပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိတယ်လို့ ပြောဆိုထားကြပါတယ်။
ကချင်ပြည်နယ် ကချင်သတင်းဌာနတွေဖြစ်တဲ့ The 74 Media https://bit.ly/3TOebaO ၊ KNG https://bit.ly/3N5s9Ty၊ မြစ်ကြီးနားသတင်းဂျာနယ် https://bit.ly/3sv1kP1 နဲ့ တခြား ယုံကြည်စိတ်ချရတဲ့သတင်းဌာန တွေဖြစ်တဲ့ ဧရာဝတီ https://bit.ly/3TC3LLv ၊ RFA https://bit.ly/3W2NuRB ၊ VOA https://bit.ly/3W4MkVS ၊ BBC https://bbc.in/3sxpngn စတဲ့ သတင်းဌာနတွေ အပြင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတော်တော် များ များက သတင်းထုတ်လွှင့်ခဲ့ကြပါတယ်။
ဒါကြောင့် အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်း၊ ကြေးမုံ၊ စစ်တပ်ပိုင် မြဝတီ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတွေရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်မှာ တကယ်ဖြစ် ပွား ခဲ့တာကို မဖြစ်ပွားခဲ့သယောင် ဖုံးဖိဖို့နဲ့ လိမ်ညာ ဝါဒဖြန့်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ကြံဖန်တီးထုတ် ပြန် ထားတဲ့ ထုတ်ပြန်ချက်အမှား၊ သတင်းအမှား သာ ဖြစ်ပါတယ်။
လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုး တမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ ကြ ပါတယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေသတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တစ်ဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။