အလှည့်ကျမနွဲ့စတမ်း

အလှည့်ကျမနွဲ့စတမ်း
by -
ထောင်ထလျန်ဆန်/ချင်းဝေါလ်
အောက်စ်ဖို့တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပရောဖက်ဆာတစ်ဦးဖြစ်သူ ဆော်ဒီအာရေဗျ နိုင်ငံဖွား Nayef Al-Rodhan အဆိုအရ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဆိုသည့် Good Governance တွင် ၀ိသေသလက္ခဏာ (၈) ရပ် ရှိသည်ဆို၏။ ယင်းအဆိုက ကမ္ဘာ့နိုင်ငံပေါင်းစုံက အသိအမှတ်ပြု လက်ခံကျင့်သုံးနေကြဆဲဖြစ်သည်။

ထိုအင်္ဂါရပ်(၈)ရပ်ထဲမှ အဆီအနှစ် (၄)ရပ်ကို ဤစာစုတွင် အသားပေးဆွေးနွေးလိုပါသည်။ အစိုးရတစ်ရပ်တွင် လောကပါလတရားကို အခြေခံသည့် ကျောသား /ရင်သား မခွဲခြားဘဲ သာတူညီမျှမှုနှင့်အတူ တန်းတူညီမျှမှုထွန်းကားခြင်း၊ လွတ်လပ်စွာသတင်းယူခွင့် ထုတ်ဝေခွင့်များကို အစိုးရက ကျင့်သုံးစေခြင်း၊ တာဝန်ယူနိုင်မှုနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းဆိုသည့် လက္ခဏာ (၄) ရပ်နှင့် ပြည့်စုံပါမှ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့်ပြည့်စုံသည်ဟု ဆိုစမှတ်ပြုနိုင်မည်ဖြစ်သည်။ ၀ိသေသလက္ခဏာ (၈) ရပ်ထဲမှ အနည်းဆုံး အဆိုပါ (၄)ရပ်လုံး ပြည့်စုံစေခြင်းမတတ်နိုင်သည့်အစိုးရသည် ကောင်းမွန်သောအုပ်ချုပ် ရေးစနစ်ကို ကျင့်သုံးသော အစိုးရဟု မှတ်ယူ၍မရချေ။ ဖရောဖက်ဆာ Nayef Al-Rodhan အဆိုအရ ဆိုးယုတ်သော အုပ်ချုပ်ရေးစနစ်တွင် မည်သည့်စနစ်မျှ သတ်သတ်မှတ်မှတ်မရှိဘဲ တိုင်းနိုင်ငံကိုဖြစ်စေ၊ ပြည်နယ်တစ်ခုခုကိုဖြစ်စေ ဖရိုဖရဲအုပ်ချုပ်ရေးသာလျှင်ရှိသည်ဆို၏။ ဆိုးယုတ်သောအုပ်ချုပ်ရေးစနစ်တွင် အကျင့်ပျက်ချစားမှုများနှင့် အဂတိလိုက်စားမှုများသည် အစိုးရတစ်ဖွဲ့လုံး၏ လုပ်ငန်းတစ်ခုလုံးလည်ပတ်ရန် မောင်းနှင်အားတစ်ခုသဖွယ် ရပ်တည်နေမည်ဖြစ်သည်။

စာရေးသူသည် ၂၀၁၅ ခုနှစ် ထိုင်းနိုင်ငံစစ်တပ်က အာဏာသိမ်းသည့်အချိန်တွင် ပညာသင်ယူလေ့လာခွင့်ကြံုကြိုက်ခဲ့သောကြောင့် ထိုင်းနိုင်ငံကို ရောက်ခဲ့ပါသည်။ ထိုင်းနိုင်ငံသူ/သားများအတွက် စစ်တပ်အုပ်ချုပ်ရေးသည် လွပ်လပ်ခွင့်များ ဘောင်ကျဉ်းသွားပြီး လုပ်ထုံးလုပ်နည်းများသည်လည်း ကြပ်တည်းစပြုလာသော်လည်း လွတ်လပ်ခွင့်၊ပွင့်လင်းမြင်သာမှု စတင်ဆုံးရှုံးနေရပြီဖြစ်ကြောင်းကို သတင်းစာများထဲတွင် ဝေဖန်ခွင့်ရှိဆဲ၊ ခွင့်ပြုထားဆဲဖြစ်သည်။ မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်ဖော်ဆောင်ခဲ့သည့် ဒီမိုကရေစီနိုင်ငံထက် ဒီမိုကရေစီ၏အနှစ်သာရများပိုမိုထွန်းကားခဲ့သည်ဟု ဆိုလျှင် မှားမည်မထင်။ ပြည်သူလူထုမျာ၏ အသဲကြားက မဲတပြားဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် NLD ပါတီအစိုး ရဖွဲ့လာချိန်တွင်လည်း ထိုင်းနိုင်ငံသည် စစ်တပ်ကဦးဆောင်ဆဲဖြစ်ပါသည်။ စာရေးသူသည် မဟာဘွဲ့စာတမ်းပြုစုရန် မြန်မာနိုင်ငံသို့ ခေါက်တု့ံခေါက်ပြန် ပြန်လာပြီး နှစ်ဖက်အစိုးရကို နှိုင်းယှဉ်လေ့လာခွင့်ရခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်နေရသည့် ၂၀၁၃ ခုနှစ်တွင် ဆက်သွယ်ရေးဥပဒေ၏ ဘေးထွက်ဆိုးကျိုးများ၊ ဖမ်းဆီးထောင်ချခဲ့သည်များကို သတင်းစာများမှ လေ့လာမှတ်သားခဲ့သည်။ မေးခွန်းထုတ်လိုသည်မှာ ထိုင်းစစ်တပ်အုပ်ချုပ်ရေးက သတင်းမီဒီယာ လွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံ(ဒီမိုကရေစီထွန်းကားသည့်)  သတင်းမီဒီယာလွတ်လပ်ခွင့် ထက်ပိုကောင်းနေသေးသလော။ ထိုင်းနိုင်ငံတွင် အစိုးရမဟုတ်ဘဲ နန်းတက်လာသည့် ဘုရင်သစ်ကိုပင် ဝေဖန်ပိုင်ခွင့်ပေးထားဆဲဖြစ်သည်။

ဤနေရာတွင် ပေါ်လွင်ထင်ရှားသည်မှာ Nayef Al-Rodhan ၏ စံနှုန်းပေတံထဲမှ တစ်ခုဖြစ်သည့် လောကပါကတရားပေါ်အခြေခံသည့် လူထုအပေါ် သာတူညီမျှမှုနှင့်တန်းတူညီမျှမှု၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ တာဝန်ခံမှုနှင့်ပွင့်လင်းမြင်သာမှုတို့သည် မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားသည့််နိုင်ငံထက် ထိုင်းစစ်တပ်အုပ်ချုပ်ရေး အောက်တွင် ပိုမိုထွန်းကားနေသည်မှာ အထူးပင် ပြောစရာမလိုတော့ပေ။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာမဟုတ်ဘဲ ချင်းပြည်နယ်အစိုးရကို Case Study အဖြစ် လေ့လာကြည့်ကြပါစို့။ ဤစံနှုန်းပေတံများနှင့်ပြည့်စုံပြီး ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ထွန်းကားစေရန် ပင်မသွေးကြောမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်သာလျှင် အဓိကကျသည်ဟု စာရေးသူယူဆပါသည်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ထားသည့်အစိုးရတွင် မည်သည့်စနစ်ကောင်းမျှမထွန်းကားနိုင်ချေ။ စည်းစနစ်ကျသော စနစ်ကောင်းများ မထွန်းကားသည့် အဖွဲ့အစည်းကို မောင်းနှင့်ရန် အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုက အဓိကကျနေပေမည်။

“မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ကအကျင့်ပျက်ချစားမှုအများဆုံးပြည်နယ်တစ်ခုဖြစ်တယ်ဆိုတဲ့ သတင်းက  ဘယ်အဖွဲ့အစည်းရဲ့ စစ်တမ်းလဲဆိုတာ မေးခွန်းပြန်ထုတ်ရပါမယ်။ အခြေအမြစ်ရှိတဲ့ အဖွဲ့အစည်းရဲ့စစ်တမ်းဆိုရင်ကိစ္စတော့မရှိပါဘူး။ ဒါပေမဲ့ ချင်းပြည်နယ်အစိုးရကို ဝေဖန်ချင်ရုံသက်သက်ဆိုရင်တော့ ကိုယ့်စကားကိုကိုယ်တာဝန်ပြန်ယူရပါလိမ့်မယ်” ဟု ချင်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီး Salai Isaac Khen က ပြောဆိုခဲ့သည်။ မကြာသေးမီက ထုတ်ဝေခဲ့သည့် The Chinland Post တွင်လည်း “ ကျွနု်ပ်တို့ ချင်းပြည်နယ်ဝန်ကြီးချုပ်က ချင်းသတင်းမီဒီယာသမားတွေနဲ့ တွေ့ဖို့တော့ သိပ်လိုလားဟန်မရှိသော်လည်း မြေပြန့်ကလာတဲ့ ပင်မမီဒီယာတွေကိုသာတွေ့ချင်တယ်” ဟု စာရေးသူဖတ်ခဲ့ရသည်။

အထက်ဖော်ပြပါစကားများကိုလေ့လာကြည့်ကြပါစို့။ မြေပြန့်ကလာကြတဲ့ သတင်းမီဒီယာသမားများ တွေ့ဆုံခြင်းကိုအထူးတလည်ကန့်ကွက်ရန်မရှိ။ ချင်းပြည်နယ်၏အခြေအနေများကို ဗဟိုအစိုးရအထိ သတင်းများ ယူဆောင်ပေးနိုင်သည့် သတင်းမီဒီယာများကို လက်ခံကြိုဆိုရပါမည်။ သို့သော်လည်း သတင်းမီဒီယာကြီးများကိုသာ တွေ့ဆုံပြီး ဒေသန္တရ သတင်းမီဒီယာများကိုတွေ့ဆုံလိုခြင်းမရှိဆိုသည့် သတင်းသာ မှန်ကန်သည်ဆိုပါက ချင်းပြည်နယ်အစိုးရသည် ပြည်နယ်သူ ပြည်နယ်သားများ၏ ကောင်းကျိုး သယ်ပိုးရေးအတွက် ကိုယ့်အတွင်းသိအစင်းသိတယောက်ထံ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရဲသည့် သတ္တိမရှိသည့် အစိုးရအဖွဲ့အဖြစ်သာ စာရေးသူရှုမြင်ပါသည်။ “ကိုယ့်စကားကို တာဝန်ပြန်ယူရလိမ့်မယ်”ဆိုသည့် စကားသည် နောက်နောင်အနာဂါတ်တွင် မည်သည့်အဖွဲ့အစည်း၊ မည်သူကမျှ ဝေဖန်ထောက်ပြခြင်းမပြုရဲအောင် ပြည်နယ်သူ/သားများကို ခြိမ်းခြောက်သည့်စကားသက်သက်ဟု စာရေးသူသုံးသပ်ပါသည်။ ၂၀၁၆ ခုနှစ်တွင်လည်း Chin World Media အုပ်စုကို ၀န်ကြီး Salai Isaac Khen က ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား တရားစွဲမည်ဟု ဆင့်ခေါ်ခဲ့သည့် အဖြစ်အပျက်များရှိခဲ့သည်။ (နောက်ပိုင်းတွင် ပြန်လည်ပြေလည်ကြဟန်တူ ပါသည်။) ထို့ပြင် ယင်းအဖြစ်အပျက်ဖြစ်ပြီးမကြာခင်က Chin Media Network နှင့် ၀န်ကြီး Salai Isaac Khen တို့ တွန်းတိုက်မိကြောင်း၊ ငွေးကြေးထောက်ပံ့ပေးသူ UNDP အဖွဲ့ထိ ၀န်ကြီးက သွားရောက်ခဲ့ကြောင်း The Chinland Post မှ အမည်မဖော်လိုသူတစ်ဦးထံမှ သတင်းကြားခဲ့ရပြန်သည်။

အခြေအမြစ်ရှိသည့် သတင်းအချက်အလက်များ ရယူခွင့်ကိုပိတ်ပင်လျက် ခြိမ်းခြောက်တစ်လှည့်၊ သတင်းမီဒီယာများကိုလည်း နှိပ်ကွပ်ရင်းတစ်လှည့် အစိုးရယန္တရားများကို လည်ပတ်စေကြသည်။ “ သတင်းစာ တစ်စောင်ကို ငါ့ရန်သူတစ်ထောင်နှင့်စီးချင်းထိုးမှာထက် ပိုကြောက်ရတယ်” ဟု ဟစ်တလာပြောခဲ့ ဖူးသည့်စကားကို စာရေးသူအား ပြန်လည်အမှတ်ရမိစေသည်။ ဗိုလ်ချုပ်ကြီး နေဝင်းအနေဖြင့်လည်း ပထမဆုံး နှိပ်စက်နှုတ်ပိတ်ခဲ့သည်များမှာ သတင်းသမားများသာဖြစ်ခဲ့ကြောင်းကို ချင်းပြည်နယ်အစိုးရက သတိချပ်ရပါ မည်။

ချင်းပြည်နယ်အစိုးရအကြောင်းကို အစဉ်သဖြင့် ရေးသားထုတ်ဝေလျက်ရှိနေသော Chin World Media နှင့် The Chinland Post သတင်းဂျာနယ်များကို ခြိမ်းခြောက်ခြင်းသည် ချင်းပြည်နယ်အစိုးရက သတင်းမီဒီယာ မပါဘဲ အလုပ်လုပ်နေသည်ဟု မှတ်ယူမည်ဆိုလျှင်တောင် မှားမည်မထင်။ သတင်းမီဒီယာမှ သတင်းထုတ်ဝေခွင့် ခြိမ်းခြောက်ပိတ်ပင်ပြီး အစိုးရတစ်ရပ် လုပ်ငန်းလည်ပတ်မည်ဆိုပါက စစ်အစိုးရခေတ်နှင့် မည်သို့မျှခြားနားမည်မဟုတ်။ အကျင့်ပျက်ချ စားမှုနှင့် အဂတိလိုက်စားမှုသည်သာ အစိုးရတစ်ရပ်လုံး လုပ်ငန်းလည်ပတ်စေသည့် မောင်းနှင်အား ယန္တရားဖြစ်နေပါဦးမည်သာ။

“ချင်းပြည်သည် အကျင့်ပျက်ချစားမှုအများဆုံးပြည်နယ်တစ်ခုဖြစ်သည်” ဆိုသည့် စကားကို CBCUSA မှ Rev. Dr. Thla Awr Bawi Hrin က ချင်းပြည်နယ်လွှတ်တော် လုပ်ငန်းလည်ပတ်ပုံ အဆင့်ဆင့်ရှင်းလင်း တင်ပြသည့် မျက်နှာစုံညီ အစည်းအဝေး၌ ချင်းပြည်နယ်အစိုးရဝန်ကြီးများအဖွဲ့ရှေ့တွင် ပြောခဲ့သည့် စကားဖြစ်ကြောင်း၊ ထို့နောက် ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ Pu Zo Bawi ကဖြစ်စေ၊ ချင်းအမျိုးသားဒီမိုကရေတစ်ပါတီ ဥက္ကဌ Pu Zo Zam ကဖြစ်စေ အဂတိလိုက်စားမှု ကို အသီးသီးဆက်ပြောခဲ့ကြကြောင်း၊ အဂတိလိုက်စား အကျင့်ပျက်ချစားမှုနှင့်စပ်လျဉ်းပြီး ထုတ်ပြောဝေဖန်ခဲ့သူများ အနက် အဆိုပါက ပုဂ္ဂိုလ်သုံးဦးသည် အထင်ကရပုဂ္ဂိုလ်များဖြစ်ကြကြောင်း” The Chinland Post တွင် စာရေးသူဖတ်ရှုခဲ့ရသည်။ အဆိုပါ အထင်ကရပုဂ္ဂိုလ်များက ချင်းပြည်နယ်အစိုးရအတွင်းမှာ လာဘ်စားနေတဲ့အဖြစ်အပျက်ကို ပွင့်လင်းမြင်သာမှုရှိစွာ တာဝန်ယူစေလိုသည့်စိတ်သဘောထားဖြင့် အမှန်တရားကို ဘယ်သူမျက်နှာမျှမထောက်ဘဲ ဝေဖန်ထောက်ပြကြဟန်ရှိပါသည်။

နိုင်ငံ့ဥသျှောင်သည် ပြည်သူလူထုနှင့် အလှမ်းမဝေးစေဘဲ၊ ပြည်သူ့အသံများကို နားစွင့်လျက် ပြည်သူများထံ ထောက်ပံ့သင့်သည်များကို ထောက်ပံ့၊ ပြည်သူလူထု၏ ဝေဖန်ထောက်ပြချက်များကို ဆေးခါးကြီးသဖွယ်မှီဝဲလျက် တိုင်းပြည်ကို အုပ်ချုပ်သင့်သည်ဟု စာရေးသူမှတ်ယူထားပါသည်။ ထိုသို့မဟုတ်ဘဲ ပြည်သူလူထုနှင့်သတင်းမီဒီယာသမားများက ကြောက်လန့်စေခြင်းငှာ ခြိမ်းခြောက်သည့်စကားများ ပြောဆိုခြင်း၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြ၍ အုပ်ချုပ်ရေးယန္တရားကို လူပုဂ္ဂိုလ်ကျော်ဇောလိုစိတ်ဖြင့် အုပ်ချုပ်သည့်လူတန်းစားရှိနေသော အစိုးရအဖွဲ့သည် ပွင့်လင်းမြင်သာမှုကို ပိတ်ပင်လျက် သတင်းအမှောင်ချနေသော စစ်အစိုးရထက် မည်သို့မျှ ထူးခြားကောင်းမွန်လာမည်မဟုတ်ချေ။

လက်ရှိအချိန်တွင်အနိုင်ရပါတီ  NLD ဦးဆောင်သော အစိုးရ အုပ်ချုပ်လာသည်မှာ တစ်နှစ်ကျော်လာပြီ ဖြစ်သော်လည်း သတင်းစာရှင်းလင်းပွဲလုပ်သည်မှ တစ်ကြိမ်တစ်ခါတည်းသာ လုပ်ခဲ့ဖူးပါသည်။ မီဒီယာသများ၏ တိုက်တွန်းမှုကြောင့်သာ (မလွဲမရှောင်သာ) လုပ်ခဲ့ကြသည်ဟု မှတ်တမ်းဝင်သည့် သတင်းစာရှင်းလင်းပွဲ ဖြစ်ခဲ့သည်။ အစိုးရကာလ သက်တမ်းတစ်လျှောက်တွင် မည်သည့်အရာများ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ ကာလတို၊ ကာလရှည် ဆောင်ရွက်မည့်် လုပ်ငန်းများ မည်သို့ မည်ပုံ လျာထားသည်၊ ဆောင်ရွက်ဆဲလုပ်ငန်းများ မည်သည့်အဆင့်ရောက်နေပြီ စသည်တို့ကို ပြည်သူလူထုထံ ချပြ ရန်အကောင်းနည်းလမ်းမှာ သတင်းမီဒီယာများဖြစ်ပြီး ထိုမှတစ်ပါး အခြားနည်းလမ်းမရှိချေ။ ပြည်သူလူထု ရွေးချယ်တင်မြောက်ခြင်းကြောင့် တက်လာသော ပြည်သူ့အစိုးရ၏ လုပ်ငန်းဆောင်တာများကို ပြည်သူလူထုထံ ချပြရန်မှာ လိုအပ်လှသည်။

ဒီမိုကရေစီအစိုးရအောက်တွင် ပြည်သူလူထုအသံကို အုပ်ချုပ်သူအစိုးရ နားစွင့်ရမည်ဖြစ်ပြီး ပြည်သူလူထုထံတွင် အစိုးရကို ဝေဖန်ခွင့်အခွင့်အာဏာရှိသည်။ ထို့ပြင်တစ်ဦးတစ်ယောက် ချင်းကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ အစိုးရကို ဝေဖန်ရန် ပြည်သူလူထုရွေး ကောက်တင်မြောက် ထားသော အစိုးရ မပိတ်ပင်သင့်ချေ။

ဝေဖန်ခွင့်မဆိုထားနှင့်ဦး သတင်းရယူခွင့်ကိုပါ ပိတ်ပင်ပါက ချင်းပြည်နယ်အစိုးရသည် စစ်အစိုးရအုပ်ချုပ်ရေးစနစ်နှင့် မည်သို့မျှ ခြားနားမှုရှိမည်မဟုတ်။ အဂတိလိုက်စားမှုနှင့် အကျင့် ပျက်ခြစားမှုများသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ချေမည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် စံနှုန်းပေတံများနှင့်လည်း လွန်စွာ ကွဲလွဲနေဦးမည်သာ။ ထိုအကြောင်းကြောင့် လက်ရှိ ချင်းပြည်နယ်အစိုးရသည် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသောအစိုးရဟု ပြောဆိုရန် ခက်ခဲနေဆဲဖြစ်ပါသည်။

ထို့ကြောင့် ၂၀၂၀ ခုနှစ်အထိ လက်ရှိ NLD အစိုးရအာဏာ(၅)နှစ်သက်တမ်း ကုန်ဆုံးချိန်ထိ ချင်းပြည်နယ်သည် အကျင့်ပျက်ချစားမှု အမြင့်ဆုံးပြည်နယ်စာရင်း ချိတ်နေဆဲဆိုပါက လက်ရှိအစိုးရအဖွဲ့၏အဖွဲ့ဝင်တိုင်းက မိမိစကားကို တာဝန်ယူပြီး မိမိတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်သည့် အစိုးရအဖွဲ့ဝင်များဟု ပြည်သူလူထုက သမုတ်ကြမည်ဟု စာရေးသူလွန်စွာမှ ပူပန်မိပါကြောင်း ဤစာစုဖြင့် စာဖတ်သူများထံ တင်ပြ အစီရင်ခံအပ်ပါသည်။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...