၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့ဟာ မြန်မာပြည်သူလူထုတွေရဲ့ လွတ်လပ်ခွင့်တွေ၊ တိုးတက်ရေးလမ်းစတွေ ဆုံးရှုံးဖို့ အကြောင်းဖန်လာခဲ့တဲ့ နေ့တစ်နေ့ပါ။
အဲဒီနေ့ဟာ စစ်ကောင်စီကနေ လူထုအဏာကို သိမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကနေ ဒီမိုကရေစီ လွတ်လပ်ခွင့်ကို လိုလားတဲ့ လူတန်းစား အလွှာအပေါင်းစုံက ပြည်သူတွေဟာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဆင်နွှဲခဲ့ ကြပါတယ်။
ကချင်ပြည်နယ်ရဲ့ မြို့နယ် (၁၈) ခုက ပြည်သူလူထုတွေဟာ အာဏာရှင်ဆန့်ကျင်ရေးကို အားကောင်းကောင်းနဲ့ လုပ်ဆောင်ခဲ့ကြပြီး ဝေးလံခေါင်ဖျားတဲ့ ခေါင်လန်ဖူး၊ ချီဖွေမြို့တွေက ပြည်သူတွေအထိပါ ဆန္ဒထုတ်ဖော်ပွဲတွေမှာ တစိုက်မတ်မတ် ပါဝင်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ကျရောက်ခဲ့တဲ့ (၂၂၂၂၂) အထိမ်းအမှတ် ပြည်လုံးကျွတ်သပိတ်မှာဆိုရင် ကချင်တစ်ပြည်နယ်လုံးက ပြည်သူတွေ သိန်းနဲ့ချီ ချီတက်ဆန္ဒပြတဲ့အထိ အင်အားကောင်းကောင်းနဲ့ တော်လှန်ရေး သပိတ်ကို ပြုလုပ်ခဲ့ကြတာပါ။
စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းမောင်းသန်နဲ့ ဆင်နွှဲနေတဲ့ ပြည်သူလူထုကို စစ်တပ်ကနေ အကြမ်းဖက်ဖြိုခွင်းမှုတွေ၊ ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ သပိတ်စစ်ကြောင်းတွေဟာ အင်အားဆုတ်ယုတ်စ ပြုလာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ကနေ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေကို ဖမ်းဆီး အရေးယူ သတ်ဖြတ်တာတွေအထိ ဆက်တိုက်ဆိုသလို လုပ်လာခဲ့ပြီး ကချင်ပြည်နယ်ရဲ့ အချို့မြို့ရွာတွေမှာတော့ ပြောက်ကျားသပိတ်သာ ဆင်နွှဲခဲ့လာခဲ့ကြပါတယ်။
လက်နက်မဲ့ပြည်သူလူထုကို စစ်တပ်ကနေ ဆိုးဆိုးဝါးဝါး ဖိနှိပ်မှုတွေပြုခဲ့ပြီး အဲဒါတွေကို မခံနိုင်တဲ့အဆုံးမှာ ဒီမိုကရေစီရရှိရေးနဲ့ လွတ်လပ်ခွင့်အတွက် လက်နက်ကိုင်ပြီး ခုခံကာကွယ်ဖို့ တော်လှန်ရေးအဆင့်တစ်ခုကို ထပ်မံတက်လှမ်းကြပါတယ်။
လူငယ်တွေဟာ အနာဂါတ် ကောင်းမွန်ဖို့ ရည်မှန်းချက်နဲ့အတူ ခက်ခဲတဲ့ဆုံးဖြတ်ချက်နဲ့အတူ လွတ်မြောက်နယ်မြေတွေထဲမှာ စစ်ပညာသင်ယူခဲ့ပြီး အခုဆိုရင် တောတောင်တွေထဲကနေ တော်လှန်အောင်ပန်းဆင်ဖို့ ရုန်းကန်နေကြဆဲ ဖြစ်ပါတယ်။
တော်လှန်ရေးကာလ တစ်နှစ်ကျော်ကြာလာတဲ့ အချိန်မှာ ကချင်ပြည်နယ်အတွင်းမှာတော့ အရင်က တော်လှန်ရေးအတွက် အားကောင်းကောင်းနဲ့ ပါဝင်ခဲ့ကြတဲ့ ပြည်သူအချို့ဟာ အခြေအနေအမျိုးမျိုးကြောင့် ငြိမ်သက်သွားခဲ့ပါပြီ။
တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ မြို့အတွင်း ပုံမှန်လှုပ်ရှား၊ သွားလာတာတွေ ပျော်ပွဲ၊ ရွှင်ပွဲတွေပါ ပြုလုပ်လာတာတွေ ရှိလာနေပါတယ်။ အဲဒီ မြို့ရွာတွေထဲမှာ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြိုလည်း အပါအဝင်ပါ။
လက်ရှိမြစ်ကြီးနားမြို့မှာတော့ Bar ဆိုင်တွေသွားပြီး ပျော်ပါးနေကြတဲ့အပြင် လူစု၊ လူဝေးပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပြီး ပုံမှန်အတိုင်းလိုလို လှုပ်ရှားသွားလာ နေကြတာ တွေ့ရပါတယ်။
ကချင်ပြည်နယ်အတွင်း ကိုဗစ်ကာလ တစ်လျှောက်လုံးနဲ့ အာဏာသိမ်းပြီးတဲ့နောက် ကြုံရတဲ့ အကြပ်အတည်းတွေကြောင့် ပုံမှန်လှုပ်ရှားသွားလာ ပျော်ပါးတာတွေ မလုပ်ခဲ့ရတဲ့အတွက် အခုလို လုပ်ဆောင်လာတဲ့အပေါ် နားလည်ပေးနိုင်ပေမယ့် အဓိကကျတဲ့ တော်လှန်ရေးခရီးကို ဦးစားပေး ပူးပေါင်းဆောင်ရွက်ပေးဖို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက အခုလို ပြောပါတယ်။
“အခုလို ပျော်ပါးလှုပ်ရှားသွားလာနေကြတဲ့ သူတွေမှာရော သူတို့ရဲ့ လုပ်ပိုင်ခွင့် ရွေးချယ်ခွင့် ရှိပါတယ်။ တောထဲတောင်ထဲနေတဲ့သူတွေဆိုရင် ဒီလို အခြေအနေမျိုးကို ပိုလိုချင်လိမ့်မယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကိုပဲ စဉ်းစားပြီးမှ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေနဲ့ သူတို့ နေထိုင်နေကြတယ်။ သူတို့လည်း ဒီလို ပုံမှန် အခြေအနေမျိုးကို လိုချင်မှာပဲပေါ့နော်။”
ပြည်သူတွေအနေနဲ့ ပျော်ပါးလှုပ်ရှား သွားလာတာတွေကို စစ်ကောင်စီအလိုကျ ဖြစ်မသွားဖို့ အသိ၊ သတိနဲ့ လုပ်ဆောင်သင့်ကြောင်းနဲ့ တောတောင်ထဲကနေ တော်လှန်ရေးအတွက် ကြိုးစားရုန်းကန်နေကြတဲ့ ရဲဘော်တွေကို ကိုယ်ချင်းစာစိတ်တွေ ထားစေချင်တယ်လို့ သူက ဆက်လက်ပြောပါတယ်။
ကိုယ်ချင်းစာစိတ်ရှိရင် ပျော်ရင်တောင်မှ လူမသိ၊ သူမသိ တိုးတိုးတိတ်တိတ် ကြိတ်ပျော်တာမျိုးပဲ ဆောင်ရွက်လိမ့်မယ်လို့ ထင်တယ်။ ရဲဘော်ရဲဖက်တွေအပေါ်မှာ ကိုယ်ချင်းစာစိတ်လေးထားပြီးတော့ အပျော်အပါးလေးတွေကို လူမြင်ကွင်းမှာ တတ်နိုင်သမျှ လျှော့မယ်။ ပြီးတော့ စစ်ကောင်စီအလိုကျ မဖြစ်စေဘဲနဲ့ ဆင်ခြင်ပြီးတော့ ကျွန်တော်တို့ အသိလေး၊ သတိလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်း သိမ်းသိမ်း နေကြဖို့ လိုမယ်လို့ ထင်ပါတယ်
တော်လှန်ရေး ကာလရှည်ကြာလာတာကြောင့် စိတ်ဓာတ်ကျလာတာမျိုး ရှိပေမယ့် အသိလေး၊ သတိလေးနဲ့ စိတ်ဓာတ်မြင့်တင်ပြီး အချင်းချင်းဖေးမ အားယူပြီး တော်လှန်ရေး ခရီးဆက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ ဆက်သွယ်စုံစမ်းချက်တွေအရဆိုရင် လက်ရှိ ကချင်ပြည်နယ်ရဲ့ မြို့နယ်၊ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေကနေ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့အတွင်း အရင်ကထက် တော်လှန်ရေးအတွက် ငြိမ်သက်မှုတွေ ရှိသွားပေမယ့် KSCMအဖွဲ့ကနေ ပြောက်ကျားသပိတ် ဆင်နွှဲတာတွေတော့ ရှိနေဆဲလည်း ဖြစ်ပါတယ်။
အခုလို မြစ်ကြီးနားမြို့အတွင်း လူစုဝေး ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်လာတဲ့အပေါ် တိုင်းပြည်အခြေအနေကိုကြည့်ရှုပြီး တော်လှန်ရေးအတွက် မိမိတတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးကြဖို့ Kachin State Civilian Movement (KSCM) အဖွဲ့ဝင်လူငယ်တစ်ဦးကလည်း အခုလို ပြောပါတယ်။
တော်လှန်ရေးကိုပဲ အာရုံစိုက်ရမှာတော့ မဟုတ်ဘူး။ ကျန်တဲ့ဟာတွေ လုပ်လို့မရဘူးဆိုတာလည်း မဟုတ်ဘူး။ အဓိက ကတော့ ကိုယ်လုပ်နေတဲ့ဟာ အကုန်လုံးကလည်း တော်လှန်ရေးနဲ့ ဆက်စပ်နေရမယ်။ အဓိကကတော့ တော်လှန်ရေးကို ပုံမဖျက်ဖို့ပေါ့။
တော်လှန်ရေးကာလ တစ်နှစ်ကျော်လာပြီ ဖြစ်ပေမယ့် အခက်အခဲ အမျိုးမျိုးကြားကနေ ရုန်းကန်ကြိုးစားပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) မှာ လက်ရှိအချိန်အထိ တောင့်ခံပြီး တစ်ဖက်တစ်လှန်းကနေ တော်လှန်ရေးအတွက် ပါဝင်နေကြသူတွေလည်း ရှိနေပါသေးတယ်။
လက်ရှိ မြစ်ကြီးနားမှာ ပုံမှန်အတိုင်း ပျော်ပါးသွားလာမှုတွေ၊ လှုပ်ရှားသွားလာမှုတွေ ရှိနေပေမယ့် ပျော်ပါးသူတွေကို ကြည့်ပြီး စိတ်ဓာတ်ကျသွားတာမျိုးမရှိဘဲ ကိုယ့်ခံယူချက်ကို အဆုံးထိ ပါဝင်သွားမယ်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ မြစ်ကြီးနားမြို့နေ ကျောင်းဆရာမတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
မြစ်ကြီးနားက အဆိုးဆုံးပဲ။ ပျော်ပါးနေကြတယ် ပုံမှန် အတိုင်းပဲ။ တချို့ဆိုရင် တော်လှန်ရေးကို သိတောင်မှ မသိတော့ဘူး။ စိတ်မဝင်စားကြတော့ဘူး။ သူတို့ကို ကြည့်ပြီးမှလည်း သူတို့ဖာသာ သူတို့ ပျော်ပါး ပါစေပေါ့။ ကျွန်မတို့ ခံယူချက်ကတော့ မပြောင်းလဲသွားဘူး။ ငါတို့လုပ်ရမယ့် အလုပ်က ဆုံးအောင်တော့ သွားရမှာပဲ။ သူတို့နဲ့ လိုက်ပြီးမှ မတုဘူး။ သူတို့ လိပ်ပြာလုံရင် ပြီးတာပဲ။
လက်ရှိ စျေးရောင်းပြီး အသက်မွေးဝမ်းကျောင်း ပြုနေရပြီး ခက်ခဲမှုတွေ ရှိပေမယ့်တော်လှန်ရေး ခံယူချက်ကို မပြောင်းလဲဘဲ ဆက်လက် လျှောက်လှမ်းသွားမယ်လို့ သူမရဲ့ တော်လှန်ရေးအပေါ် ခံယူချက်ကိုပြောပြခဲ့တာပါ။
အခုဆိုရင် စစ်တပ်ကနေ စစ်ကိုင်းတိုင်းရဲ့ ကျေးရွာတော်တော်များများနဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး မြန်မာနိုင်ငံရဲ့ အဓိက စစ်မျက်နှာပြင်လည်း ဖြစ်နေပါတယ်။ လူငယ်တွေရဲ့ စုပေါင်းအား နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကနေ ခုခံနိုင်နေလို့သာ အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံးရဲ့ (၅၀) နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ကြေညာနိုင်ခဲ့တာပါ။
စစ်မျက်နှာ (၆) ခုဖွင့်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေးအတွက်လည်း တစ်နှစ်စီမံချက်ရေးဆွဲထားပြီး ဖြစ်တာကြောင့် လာမယ့် နှစ်ဟာ တော်လှန်ရေးအတွက် အဆုံးအဖြတ်နှစ် ဖြစ်လာမယ်လို့ ခံယူထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ဖို့ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ပူးပေါင်းပါဝင်မှုဟာ အရေးကြီးဆုံးဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများရဲ့ မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှု၊ ရန်ပုံငွေဖြည့်ဆည်းမှု စတာတွေကို ပူပေါင်းဖြည့်ဆည်းပြီး “အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ် ” အဖြစ် သတ်မှတ်ပြီး တစ်ညီညွတ်တည်း ရုန်းကန်လှုပ်ရှားဖို့ အချိန်ကျပြီဖြစ်တယ်လို့ NUG က ပြောဆိုထားတာပါ။