စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ကျေးရွာ (၆) ရွာလောက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ (၁၁) ရက်နေ့ မနက် (၈) နာရီလောက်ကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီမှ အထိအခိုက် များခဲ့ပြီး စီမူကြီး၊ စီမူလေး၊ စီသာ၊ မံဝိန်း၊ နန့်လှန် ၊ နောက်လက်ကြီး စတဲ့ကျေးရွာတွေဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ မြေပြင်အခြေနေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ ရွာသူရွာသားတွေက အားလုံးထွက်ပြေးတယ်။ စစ်ကြောင်းဝင်မွှေတဲ့ ရွာတွေဆို အားလုံး ရွာသူရွာသားတွေက ကြိုပြီးတော့ ထွက်ပြေးထားကုန်တာတဲ့။ တစ်ရွာလုံး ဘယ်သူမှမရှိဘူး။”လို့ ဆိုပါတယ်။
အဲဒီ ကျေးရွာတွေကနေ ရွှေကူမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဦးရေဟာ တစ်ရက်အတွင်းမှာတင် (၂၀၀) နီးပါးရှိကြောင်း စစ်ရှောင်တွေ စားဝတ်နေရေးအတွက် ကူညီပေးနေတဲ့ ယုံကြည်ရာ ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မြိုင်သာယာဘုန်းကြီးကျောင်းရယ် ၊ မင်္ဂလာဘုန်းကြီးကျောင်းရယ် ၊ နောက် ဟုန်ခမ်းရိပ်သာပေါ့လေ။ မနေ့ကတည်းက နောက်ပြီးတော့ ဟိုဘက် ရှမ်းနဲ့ ကချင်အစပ်ပေါ့လေ။ မိုးကင့် မှာလည်း တော်တော်များတယ်။ အဲဒီဘက်ကို ရှောင်ကြတယ်။”
အထက်ပါ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်ကြလာတဲ့ စစ်ရှောင်ဦးရေ စုစုပေါင်း (၆၀၀) နီးပါးရှိနိုင်တယ်လို့ လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ရွှေကူမြို့နယ် မိုးစစ် ၊ ရေလဲနဲ့ ဆင်တပ် စတဲ့ကျေးရွာတွေဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့လို့ ဒေသခံ (၄၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး မိုးစစ်ရွာက အသက် (၁၁) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင် အဲဒီ ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇင်းဘုံကျေးရွာဘက်ကနေ ရောက်ရှိလာတာဖြစ်ပြီး အောက်တိုဘာလဆန်းပိုင်းက ဗန်းမော်မြို့ စင်းခန်းကျေးရွာဘက်ကနေ တက်လာတဲ့ စစ်ကြောင်းဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုပြောဆိုမှုတွေ ရှိနေပါတယ်။