ထားဝယ် ရိုးရာသပိတ်မျှောပွဲ ကျင်းပမည့် မဏ္ဍပ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများကပြောသည်။
ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သဲကွင်းနေရာတွင် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပရန် စစ် ကောင်စီက ဆောက်လုပ်ထားသည့် ဖျော်ဖြေရေးမဏ္ဍပ် ယမန်နေ့၊ ညနေ ၅ နာရီ ၁၅ မိနစ် အချိန်ခန့်က မိုင်းပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။
“ဝုန်း ဆိုပြီး အသံအကျယ်ကြီး ကြားရတယ်။ မဏ္ဍပ် ခေါင်မိုး တခုလုံး ရစရာမရှိဘူး။ စုတ်ဖွာလန်ထွက် ကုန် တာ။ ကြမ်းခင်းတွေလည်း ပျက်စီးသွားတယ်။ လူထိခိုက်တော့မရှိပါဘူး” ဟု မျက်မြင်တွေ့ခဲ့သူ ဆန်းချီရပ်နေ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး က ပြောသည်။
COVID-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ၂ နှစ် ရပ်နားခဲ့ရသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ရန် စစ်ကောင်စီက ကြိုးစားနေခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။
ရိုးရာ သပိတ်မျှောပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နှင့် ၉ ရက်နေ့၊ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့ (လပြည့်နေ့)တို့တွင် နှစ်ရက်တိုင် ကျင်းပရန်နှင့် သီတင်းကျွတ်လပြည့်နေ့ အာရုဏ် တက်ချိန်တွင် သပိတ် မျှောပွဲကို ကျင်းပမည်ဟု သပိတ်မျှောပွဲ ဖြစ်မြောက်ရေး ကော်မတီက ကြေငြာထားသည်။
အောက်တိုဘာလ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖျော်ဖြေရေးမဏ္ဍပ် မိုင်းဖေါက်ခွဲခြင်းကို ထားဝယ် ပြောက်ကျား တပ်ဖွဲ့ (Guerrilla Dawei) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါအဖွဲ့က ညပိုင်းမှာပင် သတင်းထုတ်ပြန် ထား သည်။
Guerrilla Dawei အဖွဲ့ တာဝန်ရှိသူက “ဒီ အကြမ်းဖက်စစ်ကောင်စီရဲ့ အလိမ်အညာ ပျော်ပွဲရွှင်ပွဲတွေမှာ လူထု အနေနဲ့ မပါဝင်ဖို့နဲ့ မသွားကြဖို့၊ စစ်တပ်ကို ပံ့ပိုးနေတဲ့သူတွေကိုလည်း သတိပေးတဲ့အနေနဲ့ အကြမ်းဖက် စစ် တပ်က လုပ်တဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ဖျော်ဖြေရေးစင်ကို ကြိုတင်ဖောက်ခွဲ သတိပေးလိုက်တာပါ” ဟု ပြောသည်။
ရိုးရာဓလေ့ကို အကြောင်းပြပြီး စစ်ကောင်စီက ဟန်ပြလိမ်ညာ ပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲများကို လူထုအနေဖြင့် အယုံမလွယ်စေရန်နှင့် စစ်ကောင်စီကို ပံ့ပိုးနေသူများအား ရပ်တန့်သွားစေရန် ယခုကဲ့သို့ ဖောက်ခွဲရခြင်းဖြစ်သည် ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
သပိတ်မျှောပွဲတော် ကျင်းပသည့် နေ့ရက်များတွင် ဖောက်ခွဲခြင်း ပြုလုပ်ပါက ပြည်သူ အများအပြား ထိခိုက်မှု နှင့် ပျက်စီးမှုများ ရှိနိုင်မည်ဖြစ်သောကြောင့် သတိပေးသည့်အနေဖြင့် ယခုကဲ့သို့ ကြိုတင် ဖောက်ခွဲလိုက်ခြင်း ဖြစ် သည်ဟုလည်း Guerrilla Dawei အဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှ စတင်၍ သပိတ်မျှောပွဲ ကျင်းပရာ နေရာ၊ ရပ်ကွက်အနီးရှိ နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ညစဥ်ညတိုင်း ဧည့်စာရင်းစစ်ခြင်း နှင့် ဒေသအတွင်း လုံခြုံရေးအကြောင်းပြကာ ကင်းလှည့်နေခြင်းများကို ပြုလုပ်လျက်ရှိသည်ဟုလည်း ဒေသခံများကပြောသည်။
ဓါတ်ပုံ - The Tanintharyi Times (ထားဝယ်သပိတ်မျှောပွဲ ပုံဟောင်း)