PDF ရန် ကာကွယ်ရန် တိုးမြစ် ငါးဖမ်းခွင့် တစ်လခွဲ ပိတ်

PDF ရန် ကာကွယ်ရန် တိုးမြစ် ငါးဖမ်းခွင့် တစ်လခွဲ ပိတ်

ရေလမ်းမှ PDF များ ဝင်လာမည် ဆိုသည့် သတင်းကြောင့် တိုးမြစ်တွင် ငါးဖမ်းခွင့် ၁ လခွဲ ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ မအူပင်မြိုနယ်အတွင်းရှိ တိုးမြစ်နှင့် မြစ်လက်တက် ချောင်းလက်တက်များအတွင်း ငါးဖမ်း လုပ်ငန်းလုပ်ကိုင်နေမှုများကို စစ်ကောင်စီက ၁ လခွဲ ပိတ်ပင်တားမြစ်လိုက်သဖြင့် ဒေသခံများ အခက်တွေ့ နေရသည် ဟု သိသည်။

ဒေသခံ အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက “ငါးမဖမ်းဖို့ မြစ်ကြောင်း တလျှောက် အသံချဲ့စက်နဲ့ လိုက် အော် နေတာ။ ငါးဖမ်းတာတွေ့ရင် ထိထိရောက်ရောက် အရေးယူမယ် ဆိုတာလည်းပါတယ်” ဟု ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ရေကြောင်းလမ်းမှ ဒေသအတွင်းသို့ ဝင်ရောက်လာမည်ဆိုသော သတင်း ကြောင့် ငါးဖမ်းခွင့်ကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ စစ်ကောင်စီက ပိတ်ပင် တားမြစ်လိုက်ခြင်းဖြစ်သည် ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ယခုနှစ် မေလဆန်းက စပြီး ၃ လ အကြာအထိ ငါးရစ် ငါးသန် ငါးမဖမ်းရ ကာလမှ ကင်းလွတ်ပြီး ယခုငါးဖမ်း ရာသီ အရောက်တွင် ငါးမဖမ်းရ ဆိုသည့် ထပ်မံ တားမြစ်ခြင်းကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကာ အသက် မွေးဝမ်းကျောင်းနေသူများ အနေဖြင့် အခက်အခဲ ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။

ဒေသတွင်းရှိ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ငါးဖမ်းလှေ ငါးဖမ်းပိုက်အမျိုးမျိုးနှင့် လုပ်ငန်းသုံး ပစ္စည်းများ ကြိုတင်ဝယ်ယူ ရင်းနှီးမြုပ်ထားရခြင်း၊ ရေလုပ်သား ငှါးရမ်းခများ ကြိုတင် ထုတ်ပေးထားရာ ယခု ငါးဖမ်းရာသီချိန်တွင် ပိတ်ပင်တားမြစ်ခံရခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု တံငါသည်များက ပြောသည်။

“ငါးဖမ်းတာက ရာသီချိန်နဲ့ ဖမ်းရတာ သူအချိန်နဲ့သူမှ ငါးကမိတာ။ ရာသီချိန် မဟုတ် ရေလှည့် မသင့်ရင် ငါးမရ ဘူး။ ငါးဖမ်းပြီး အသက် မွေးရတာလေ။ ငါးဖမ်းခွင့်ကို ၂ လတောင် ပိတ်တယ်ဆိုတော့ ခက်ပြီပေါ့” ဟု ဒေသခံ ရေလုပ်သားတစ်ဦး က ပြောသည်။

ယခုကဲ့သို့ ငါးဖမ်းခွင့်ပိတ်လိုက်သည့် အတွက် စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ များက ဒေသခံ ရေလုပ်သားများ နှင့် ရေလမ်းခရီး သွားလာ လုပ်ကိုင်နေသူများထံမှ ငွေညှစ် တောင်းယူကာ လုပ် စားကွက် တိုးသွားနိုင်လသည်ဟုလည်း ဒေသခံအချို့က မှတ်ချက်ပြု ပြောဆိုသည်။

“ဒီလိုပဲလေ အမိန့် စည်းကမ်း ညွှန်ကြားချက်တွေ ထုတ်ပြီး ပြည်သူကို နှိပ်စက်အနိုင်ကျင့် နေတာ” ဟု ဒေသခံ တစ်ဦး က ပြောသည်။

အမျိုးသားညီညွှတ်ရေး အစိုးရ NUG က ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပြီး နောက်ပိုင်း စစ် ကောင်စီက ဧရာဝတီတိုင်းအတွင်းရှိ ၎င်း၏ စစ်တပ်များ၊ ကင်းစခန်းများ၊ ရဲစခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် နယ်မြေ စိုးမိုးရေးအတွက် ဒေသတွင်းလုံခြုံရေး အစီအမံများကို တိုးမြင့်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် ဧရာဝတီတိုင်းနှင့် နယ်မြေချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ် အတွင်း က ရက္ခိုင့်တပ်တော် AA နှင့် တိုက်ပွဲများ ဖြစ်ပွားပြီး အထိအခိုက် အကျအဆုံးများနေသည့် အပြင် ဒေသတွင်း PDF များကလည်း ဧရာဝတီ နန်းထိုက်အောင် စစ်ဆင်ရေး အစီအမံဖြင့် ပြောက်ကျားစစ်ဆင်ရေး အရှိန်အဟုန် မြှင့်ကာ တိုက်ခိုက်နေသည်ကို ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...