မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့်ပစ်ခတ်ရာ ရွာလုံးကျွတ် ထွက်ပြေးနေရ

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့်ပစ်ခတ်ရာ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ၊ ခေါင်းလောင်းချောင်းကျေးရွာသို့ စစ်ကောင်စီ၏ ရေတပ်နှင့် ရဟတ်ယာဉ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့က စစ်တွေမြို့မှ မင်းပြားမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီ၏ ရေယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော် (AA) မှတိုက်ခိုက်ခဲ့ သည့်အတွက် စစ်ကောင်စီမှ ခေါင်းလောင်းချောင်း ကျေးရွာကို ရဟတ်ယာဉ်နှင့် ရေယာဉ်တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့၍ ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ကျွန်တော်တို့ရွာကို စစ်တပ်ရဲ့ သင်္ဘောပေါ်ကကော လေယာဉ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုတွေရပ်သွားတာနဲ့ ကျွန်တော်တို့လည်း အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ ရေတပ်က ပြန်ဆင်းလာပြီး ထပ်ပစ်မှာကို ကိုစိုးရိမ်လို့ပါ” ဟု ခေါင်းလောင်းချောင်းရွာသားတစ်ဦး ကမဇ္ဈိမကို ပြောသည်။

ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီက မင်းပြားမြို့၊ ကျိန်းတောင် တောင်ပေါ်မှပစ်ခတ်လိုက်သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည်များသည် ခေါင်းလောင်းချောင်းကျေးရွာ အတွင်းသို့ ထပ်မံ ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ယမန်နေ့က မင်းပြားမြို့သို့ ထွက်ခွာသွားသည့် စစ်ကောင်စီ၏ ရေယာဉ်မှာ ယနေနံနက်ပိုင်းတွင် ခေါင်းလောင်းချောင်းကျေးရွာအနီးသို့ ထပ်မံရောက်ရှိလာပြီး ရေယာဉ်နှင့် ရဟတ်ယာဉ်များပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

“ ဒီကနေ့မနက်မှာလည်း မင်းပြားမြို့ပေါ်က ကျိန်းတောင် တောင်ထက်က လက်နက်ကြီး တွေနဲ့ လှမ်းပစ်ခတ်တာ ရွာထဲက အိမ်ပေါ်ကိုကျခဲ့တယ်။ အိမ်တစ်လုံး ပျက်စီးတယ်။ နောက် မင်းပြားဘက်ကပြန်ဆင်းလာတဲ့ ရေယာဉ်ကလည်း ရွာအနား ရောက်တော့ ပစ်တယ်။ အပေါ်ကလည်း ရဟတ်ယာဉ် နဲ့ ရွာထဲကိုပစ်ခတ်ခဲ့တယ်။ ရွာက လူတွေ အကုန် ထွက်ပြေးသွားပြီ။ ကျွန်တော်တို့က ရွာမှာစောင့်ကျန်နေခဲ့တာ။ သူတို့ပစ်နေတဲ့ အချိန်မှာတော့ လုံခြုံတဲ့နေရာမှာ နေရတာပေါ့” ဟု ခေါင်းလောင်း ချောင်းကျေးရွာတွင် ကျန်နေခဲ့သည့် ဒေသခံက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီ၏ ရေယာဉ်နှင့် ရဟတ်ယာဉ်တို့သည် ခေါင်းလောင်းချောင်းကျေးရွာ အတွင်းကို ယနေ့နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်မှ စတင်၍ ၁၅မိနစ်ကြာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ်ရှိ ချောင်းလောင်းကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ ၃,၀၀၀ကျော် နေထိုင်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...