မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တရားမဝင် သစ်ထုတ်လုပ်နေသူ ၆ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (တနင်္သာရီမြို့နယ်) က သတိပေးလိုက်သည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ပဝကျေးရွာအုပ်စု၊ တမွတ်ချုံးကျေးရွာအုပ်စုတို့အတွင်း သစ်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူ ၆ ဦးအား ရပ်နားပေးရန် စက်တင်ဘာ ၁၉ ရက်နေ့စွဲဖြင့် ပြည်သူ အုပ်ချုပ် ရေး အဖွဲ့ - တင်္နသာရီမြို့နယ်က သတိပေးစာ ထုတ်ပြန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“သစ်လုပ်နေတဲ့သူတွေက သစ်တောနဲ့ ပေါင်းပြီးလုပ်နေကြတာ။ ရဲနဲ့စစ်တပ်ကိုလည်း ပေးကမ်းထားတာ ဆို တော့ ပြောင်ပြောင်တင်းတင်း နေ့ရောညပါ လုပ်ကိုင်နေကြတာ။ ဘယ်သူကမှ ဖမ်းဆီး အရေးယူတာမျိုး မရှိ ဘူး။ အခုတော့ ငြိမ်သွားလိမ့်မယ် ထင်တယ်” ဟု အသက် ၄၅ နှစ်အရွယ် တမွတ်ချုံးရွာသားတစ်ဦး က ပြော သည်။
တနင်္သာရီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးစာကို လယ်တောင်ယာကျေးရွာတွင် နေထိုင်ကြသူ ဦးပိုတို၊ ဦး ဇော်ထူး၊ ဦးတင်ဦး၊ ဦးအေးမင်းထွန်း၊ ဦးမင်း နှင့် ဦးမျိုး (ခ) နောင်မော့ တို့ ၆ ဦး ထံသို့ အမည်၊ နေရပ်နှင့် တကွ အကြောင်းကြားဖေါ်ပြ သတိပေးထားခြင်း ဖြစ်သည်။
သတိပေးစာအတွင်း ဖော်ပြထားသူများသည် အသိပေး ထုတ်ပြန်ချက်ပါ နေ့ရက်မှစတင်၍ ရပ်နားသွားရန် နှင့် ဆက်လက် လုပ်ဆောင်နေကြောင်း ထပ်မံတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်ဟု လည်း အသိပေးထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များ တဖြည်းဖြည်း ယိုယွင်းလာသည့်အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ပညာရေး နှင့် ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတို့ တွင် လစ်ဟာမှုမရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ထို့အပြင် အများပြည်သူတို့၏ လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနေ သည့် တရားမဲ့ပြုကျင့်မှုများ၊ မူးယစ်ဆေးဝါး နှင့် ရပ်ရွာတိုးတက်ရေးကို ထိခိုက်စေသော ကိစ္စများကိုလည်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒများနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိနေသည်ဟု ထည့်သွင်းရေး သားထားသည်။
ဒေသခံ ပြည်သူများ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကြိုးပြင်ကာကွယ်တောနှင့် သမန္တကုဋ ဗုဒ္ဓခြေတော်ရာ တောင်၏ သာသနာပိုင်မြေအဖြစ် သတ်မှတ်ထားသည့် မြေဧရိယာအတွင်း ဥယျာဉ်ခြံမြေ ချဲ့ထွင်ကျူးကျော် ခြင်း၊ သစ်ခိုးထုတ်ခြင်း၊ အများပြည်သူပိုင် လမ်းပေါ်တွင် သစ်ခွဲသားများကို လမ်းပေါ် ဒရွတ်တိုက် ဆွဲချခြင်း၊ ဘာ သာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းကဲ့သို့ လုပ်ဆောင်နေမှုများကြောင့် ယခုကဲ့သို့ သတိပေးစာ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်။