အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားတွင် မူးယစ်ဆေးဝါး ဖြန့်ချိသူ ပေါများလာပြီး အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်သည်ဟု မြို့ခံများက ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် ယခင် NLD အစိုးရ လက်ထက်က ထက် မူးယစ်ဆေး (ဘိန်းဖြူနှင့် ရာမ) ဖြန့်ချီသူပေါများလာပြီး သုံးစွဲရန်လည်း ဝယ်ယူရ ပိုမိုလွယ်ကူလာသည်ဟု မြစ် ကြီးနားမြို့ခံ များက ပြောသည်။
ရမ်ပူရပ်ကွက်၊ ဆုထူးပန်ဘုန်းကြီးကျောင်းအနီး က နယ်မြေ ၂၁၊ ၂၂၊ ၂၃ အနီးက မူးယစ်ဆေး ရောင်းချသူအချို့ကို ဖမ်းဆီးသွားသော်လည်း နာရီပိုင်းအကြာတွင် ပြန်လည် လွတ်မြှောက်လာကြသဖြင့် ရဲများနှင့် ပူးပေါင်းလုပ် ဆောင်နေကြခြင်း ဖြစ်နိုင်သည်ဟု ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။
ထိုသို့ ရဲများနှင့် ပူးပေါင်းလုပ်ဆောင်နေကြခြင်းကြောင့် ရောင်းချ ဝယ်ယူမှုများ ပိုမိုလွယ်ကူနေခြင်း ဖြစ်နိုင်သည် ဟု ရမ်ပူရပ်ကွက်နေ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦး က ပြောသည်။
“လက်ဆွဲပြီးရောင်းတယ်၊ တစ်ခါထဲ အပ်ထဲဆေးထည့် စုပ်ထားပေးပြီးသား တခါထိုးအပ် တစ်ချောင်းစာကို အနည်းဆုံး နှစ်ထောင်ဖိုးက စရောင်းတယ်။ သုံးတဲ့သူက ရောင်းတဲ့ အိမ်အနီးအနားမှာပဲ ဆီးခုံမှာ ထိုးတဲ့သူနဲ့ လက်၊ ခြေသလုံးမှာ ထိုးတဲ့သူနဲ့ မမြင်ချင်မှအဆုံးပဲ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ရပ်ကွက်အတွင်း မူးယစ်ဆေး (ဘိန်းဖြူ) ရောင်းသည့် အိမ်ကို အရပ်ဝတ် ဝတ်ထားသည့် ရဲ ဆံပင်ကေ ပုံစံညှပ် ထားသူများက အိမ်စီးကားဖြင့် နေ့တိုင်းဝင်ထွက်နေကဲ့သို့ မူးယစ်ဆေးသုံးစွဲသူများတွင်လည်း အသက်အငယ် ဆုံး ၁၂ အရွယ်မှ အသက်အကြီးဆုံး ၆၀ ကျော် အရွယ်အထိ ဝင်ထွက်နေကြသည်ဟု သိရသည်။
သားသမီးများအတုမြင်၊ အတတ်သင်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ရပ်ကွက်အတွင်းနေထိုင်သူ အမျိုသား ၁၅ ဦး ခန့်က မူးယစ်ဆေး သုံးစွဲသူများတွေ့လျှင် ကြိမ်လုံးဖြင့်ရိုက် အပစ်ပေးသည့် နည်းလမ်းကို ၃ လ နီးပါးခန့် လုပ် ဆောင်ခဲ့သော်လည်း ထိန်းသိမ်းနိုင်ခြင်း မရှိဘူးဟု အဖွဲ့တွင်ပါဝင်ခဲ့သူများက ပြောသည်။
အဆိုပါ အဖွဲ့တွင် ပါဝင်ခဲ့သူ အမျိုးသားတစ်ဦး က “သူတို့ကိုကြိမ်ဒဏ်နဲ့ အပြစ်ပေးတော့ ကိုယ့်ကို ပြန်ရန်ပြု တယ်။ နောက်ပိုင်းမှာ ဆေးလာဝယ်ရင် တုတ်ဓားတွေ ယူလာတယ်။ အခု ကျနော်တို့အဖွဲ့ နားလိုက်တဲ့ အချိန်ကြ တော့ ပိုဆိုးလာတာတွေ့ရတယ်” ဟု ပြောသည်။
မြစ်ကြီးနားမြို့ရှိ မူယစ်ဆေး ဈေးကွက်တွင် ကျပ် ၁ သောင်းဖိုးဝယ်လျှင် ရာဘ (ရာမ) ဆေးပြား ၃ ပြားမှ ၄ ပြား အထိဝယ်ယူရရှိနိုင်ပြီး ဘိန်းဖြူဝယ်လျှင်အနည်းဆုံး ကျပ် ၂၀၀၀ ဖိုး မှစ၍ ဝယ်ယူရရှိနိုင်သည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်အများစုတွင် ခိုးမှု၊ လုယက်မှု၊ ဓားပြ တိုက်မှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး မူးယစ်ဆေးဝါးသုံးစွဲရင်း Shock (ရှော့) ဖြစ်ကာ သေဆုံးသူများ မြင့်တက်လာသည်ဟု ဒေသတွင်းရှိ လူမှုကူညီရေး အသင်းများထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်း မူးယစ်တိုက်ဖျက်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် ကချင်လူထုမူးယစ်တိုက်ချက်ရေးအဖွဲ့ PJS ကို ဖွဲ့စည်းကာ စတင်လှုပ်ရှားခဲ့ရာ အဖွဲ့၏ လမ်းညွန်မှုဖြင့် လုပ်ကိုင်နေသည့် မူးယစ်ဆေးစွဲမှု ကုသရေး စခန်း နေရာပေါင်း ၇၀ ကျော်ရှိသည်။
PJS အဖွဲ့သည် ကချင်ပြည်နယ်အတွင်း မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ ခေတ်အဆက်ဆက် မူးယစ်ဆေး နှိမ်နင်း ရေး စီမံကိန်းများ မအောင်မြင်ဘူးဟု ယခု ၂၀၂၂ ခုနှစ်အတွင်း ထုတ်ထားသည့် PJS လှုပ်ရှားမှု Defending Society, Building the Nation ဆိုသည့် စာတမ်းတွင် ဖော်ပြထားသည်။
ထိုစာတမ်းမှာ ဗြိတိန်နိုင်ငံ Sussex တက္ကသိုလ်ပါမောက္ခ Dr. David Brenner နှင့် Goldsmith တက္ကသိုလ်က Dr. Martina Tazzioli တို့၏ သုတေသနစာတမ်းဖြစ်ပြီး ဒေသခံအဖွဲ့အစည်းများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် လူ့အဖွဲ့အစည်းကို ကာကွယ်ပုံကို ရေးထားခြင်း ဖြစ်သည်။